စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ရဲ့ ဝမ်ပေါင်ကြေးနီစီမံကိန်းကို လုံခြုံရေးယူတဲ့ စစ်ကောင်စီလုံခြုံရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ဒီနေ့မနက်ပိုင်းက အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို တိုက်ပွဲဖြစ်ပြီးနောက် မုံရွာမြို့အဝင် မအူဂိတ်ကနေ ချင်းတွင်းမြစ် အနောက်ဘက်ကျေးရွာတွေရှိရာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကျေးရွာ ၅ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။
ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
တရုတ်ရဲ့ ဝမ်ပေါင်ကြေးနီစီမံကိန်းလုပ်နေတဲ့နေရာမှာ လုံခြုံရေးယူထားတဲ့ စစ်တပ်ဟာ ဒီနေ့ မနက်အစောပိုင်းက အဲဒီနေရာကနေ ပြန်ထွက်လာချိန်မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ ဆားလင်းကြီး မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ခဲ့ပြီးနောက်မှာတော့ မုံရွာမြို့အဝင်ကနေ ချင်းတွင်းမြစ် အနောက်ဘက်ကျေးရွာတွေရှိရာကို စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်လို့ ဒေသခံက ဗွီအိုအေကို ပြောပါတယ်။
"မနက်အစောပိုင်းတုန်းက ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့မှုရှိတာပေါ့။ အဲဒါကြောင့်မို့ လှမ်းပစ်တာ။ ဒေသခံတွေက လောလောဆယ်တော့ ကျေးရွာ ၅ ရွာလောက်က ရှောင်နေရတယ်ဗျ။ တရုတ်စီမံကိန်း တွေက အရင်တုန်းက CDM ဝင်တဲ့သူတွေကို မက်လုံးပေးပြီးတော့ ပြန်ခေါ်တာတွေရှိတယ်။ တချို့လည်း တော်တော်များများတော့ ပြန်ဝင်ကြတာပေါ့။ ဝင်ပြီးတော့ စက်ရုံတွေ လည်ပတ်နေတယ်။ ဝမ်ပေါင်ထဲမှာကို ကာကွယ်ရေးအတွက် စစ်သားတွေရှိတယ်ဗျ။"
အခုလို စစ်တပ်ဘက်က ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရပြီး၊ နေရပ် ပြန်နိုင်ဖို့ အခြေအနေ စောင့်ကြည့်နေကြရပါတယ်။
"ထိတွေ့မှု အခြေအနေက ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ဘူးဗျ။ ခါတိုင်းလည်း ပုံမှန်တော့ ရှောင်တော့ရှောင်ရတာပဲ။ ခါတိုင်းတော့ ရှောင်ရရင်တော့ ခဏဆိုရှောင်ရတာ။ အခုတော့ ဝင်လိုက်ထွက်လိုက် ပြန်ဖြစ်နေတာဆိုတော့ အခြေအနေက မသိရသေးဘူး။ ကြာရှည်ရှောင်ရမလား၊ ခဏရှောင်ရမလား။ ကျနော်တို့လည်း စောင့်ကြည့်နေတယ်။"
စစ်ကိုင်းတိုင်း နေရာတော်တော်များများမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်နေတာနဲ့အတူ မုံရွာအခြေစိုက်တဲ့စစ်တပ်တွေကနေ စစ်ကူပေးတာရှိသလို ချင်းတွင်းမြစ်ကမ်းဘေးက ရွာတွေရှိရာဘက်ကိုလည်း လက်နက်ကြီးနဲ့ ခြောက်လှန့်ပစ်ခတ်မှုတွေ မကြာခဏလုပ်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ မုံရွာမြို့ထဲမှာတော့ စစ်တပ်က ပုံမှန် ကင်းလှည့်နေပြီး စစ်သားစုဆောင်းမှုတွေကိုလည်း ဆက်လုပ်နေတယ်လို့ မုံရွာမြို့ခံတယောက်က ပြောပြပါတယ်။
"သူတို့ကတော့ လုံခြုံရေးယူပြီးတော့ ပတ်တယ်ပေါ့ဗျာ။ ကြားထဲမှာ လမ်းသွားလမ်းလာ တွေ့တယ် ဆိုရင် ဆွဲသွားတာပဲ။ အသက်ပြည့်တဲ့ကလေးတွေဆိုရင် စစ်မှုထမ်းဖို့အတွက် ပြန်မလွှတ်တော့ဘူး။ ပြီးခဲ့တဲ့ ၇ ရက်နေ့တုန်းကမှ ထန်းတောဘက်မှာ ကလေး ၂ ယောက်ခေါ်သွားတာ၊ ၁ ယောက် ပြန်လွှတ် လိုက်တယ်။ ဆိုင်ကယ်နဲ့ ၂ ယောက်သွားစီးသွားကြတာ။ အဲဒါကို တယောက်က အသက်မပြည့်သေးလို့ ဆိုပြီး ပြန်လွှတ်လိုက်တယ်။ တယောက်ကိုတော့ အခုချိန်ထိ ပြန်မလွှတ်သေးဘူးဗျ။"
မုံရွာမြို့နားက ဆားလင်းကြီးမြို့နယ်ထဲမှာ တရုတ်ကုမ္ပဏီက ဝမ်ပေါင်ကြေးနီတူးဖော်ရေးလုပ်ငန်းတွေ တောက်လျှောက်လုပ်နေတာဖြစ်ပြီး မြန်မာတပ်တွေက လုံခြုံရေးယူပေးထားတာြဖစ်ပါတယ်။ အဲဒီ စီမံကိန်းလုပ်နေတဲ့ ပတ်ဝန်းကျင်မှာ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေရှိနေသလို ကျေးရွာတွေအနေနဲ့ စစ်တပ် တွေ ဝင်တဲ့ ဒဏ်ကို မကြာခဏ ကြုံကြရပါတယ်။ စစ်ကြောင်းတွေဝင်လာရင် ခြောက်လှန့်ပစ်ခတ်လို့ ရွာသားတွေ မကြာခဏ ထွက်ပြေး တိမ်းရှောင်ကြရတယ်လို့လည်း ပြောပြကြပါတယ်။
Your browser doesn’t support HTML5