စစ်တပ်ရဲ့ အပစ်ရပ်ဗျူဟာ

Myanmar Ethnic Rebel

Your browser doesn’t support HTML5

စစ်တပ်ရဲ့ အပစ်ရပ်ဗျူဟာ

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

အောက်တိုဘာလဆန်းကနေ ရှေ့နှစ်ဖေဖေါ်ဝါရီလကုန်အထိ (၅) လအကြာ အပစ်အခတ်ရပ်စဲမယ်လို့ စစ်ကောင်စီက စက်တင်ဘာလ (၂၇) ရက်နေ့က ကြေညာပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တရားကို ထိပါးလာရင်တော့ ပြန်တိုက်ရမယ်လို့ ဆိုပါတယ်။ အကျပ်အတည်း ဖြစ်လာပြီးဆိုတာကို သက်သေပြတာ ဖြစ်ပါတယ်။ အရင်ကလည်း တဖွဲ့နဲ့အပစ်ရပ်ပြီး အခြားတဖွဲ့ကို ထိုးစစ်ဆင်လေ့ ရှိပါတယ်။ စစ်တပ်ရဲ့ အပစ်ရပ်ပရိယာရ်ကြောင့် ခွဲထွက်တဲ့အုပ်စုတွေ ပေါ်ပေါက်လာသလို စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ သဘောထားအမြင် အမျိုးမျိုးကိုလည်း ဖြစ်ပေါ်စေပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြောင့် ယိမ်းယိုင်သွားတဲ့ စစ်တပ်ဟာ ၁၉၈၉ နဲ့ ၁၉၉၅ အကြားမှာ လက်နက်ကိုင်အဖွဲ့ (၂၀) ကျော်နဲ့ အပစ်ရပ် သဘောတူချက် ရယူခဲ့ပါတယ်။ အပစ်ရပ်အဖွဲ့တွေကို လက်နက်ကိုင်ဆောင်ခွင့်နဲ့ စီးပွားရေးလုပ်ခွင့်ပေးတဲ့အတွက် စစ်အစိုးရ အတော်ကြီး အသက်ရှုချောင်သွားပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ အပစ်ရပ်သဘောတူချက်တွေ ရယူနိုင်ခဲ့ပြီး ကရင်ပြည်နယ်မှာ မရယူနိုင်ခဲ့တာဟာ KNU ကရင်အဖွဲ့ကို အကျပ်အတည်း ဖြစ်စေခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အပစ်ရပ်ဗျူဟာနဲ့ ပတ်သက်ပြီး KNU ခေါင်းဆောင်ပိုင်းမှာ သဘောထားကွဲလွဲလာပါတယ်။

စစ်အစိုးရအပစ်ရပ်ဖို့ ကမ်းလှမ်းတာကို လက်ခံချင်သူနဲ့ လက်ခံချင်သူဆိုပြီး KNU အဖွဲ့မှာ အမြင် (၂) မျိုး ကွဲပြားသွားပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ပိုင်းက လက်မခံဖို့ ဆုံးဖြတ်ပါတယ်။ ဒီအတောအတွင်း ဗုဒ္ဓဘာသာဝင် ကရင်စစ်သည်တစုက KNU က ခွဲထွက်ပြီး၊ DKBA ခေါ် ကရင်ဗုဒ္ဓဘာသာတပ်ကို တည်ထောင်ပါတယ်။ KNU လက်အောက်ခံ လက်နက်ကိုင် (၃၀၀၀) ပါဝင်ကြောင်း သိရပါတယ်။ စစ်အစိုးရက DKBA ခွဲထွက်အဖွဲ့ကို စည်းရုံးသိမ်းသွင်းပြီး KNU ကို တိုက်ခိုက်ရာမှာ အသုံးပြုပါတယ်။ ကချင်နဲ့ ရှမ်းပြည်နယ်မှာ အပစ်ရပ်နိုင်တဲ့အတွက် စစ်အင်အားပိုကောင်းလာတဲ့ တပ်မတော်ဟာ DKBA အကူအညီနဲ့ ထိုးစစ်ဆင်တဲ့အခါ ၁၉၉၅ မှာ မယ်နာပလော KNU ဌာနချုပ် ကျဆုံးသွားပါတယ်။ အဲဒီနောက်ပိုင်းမှာ KNU က ခွဲထွက်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေ ပေါ်ထွက်လာပါတော့တယ်။

KNU အဖွဲ့က ချုပ်ကိုင်တဲ့နယ်မြေ ကျဉ်းမြောင်းသွားတာနဲ့အတူ နယ်စပ်ကုန်သွယ်ရေးကရတဲ့ ဝင်ငွေလည်း ကျဆင်းသွားပါတယ်။ ကရင်တပ်ရင်း (၇) ရင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရပ်တည်ပေမယ့်၊ ဌာနချုပ်ရဲ့ ဦးဆောင်မှုကို ခံယူနိုင်တဲ့အတွက် အထိုက်အလျောက်စုစည်းမှု ရှိကြပါတယ်။ ဒါကြောင့် မယ်နာပလောဌာနချုပ် ကျဆုံးသွားတာဟာ ကရင့်တော်လှန်ရေးရဲ့ စုစည်းမှုကို အများကြီးထိစေပါတယ်။ ၁၉၉၈ မှာ အပစ်ရပ်တဲ့ KNU သစ်တောဝန်ကြီး ဖဒိုအောင်ဆန်းဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်အမတ် ဖြစ်လာပါတယ်။ အင်အားတရာခန့်ရှိတဲ့ သံတောင်ငြိမ်းချမ်းရေးအဖွဲ့က ၁၉၉၈ မှာ အပစ်ရပ်ဖို့ သဘောတူပါတယ်။ DKBA ကတော့ ၂၀၁၀ မှာ နယ်ခြားစောင့်တပ် ဖြစ်လာပါတယ်။ တပ်မဟာ (၇) တပ်ရင်းမှူး ဗိုလ်ချုပ်ထိန်မောင်ကလည်း နောက်လိုက် (၅၀၀) နဲ့အတူ ၂၀၀၇ မှာ အပစ်ရပ်ပါတယ်။

KNU အဖွဲ့ သြဇာအာဏာ အရှိန်အဝါ ကျဆင်းနေချိန် ၂၀၀၆ မှာ ဗိုလ်ချုပ်ကြီးစောဗိုလ်မြ ကွယ်လွန်သွားပါတယ်။ ဗိုလ်ချုပ်မြဟာ ဗဟိုချုပ်ကိုင်မှုအရ KNU ကို ထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ KNU ဌာနချုပ်ဟာ နယ်မြေ (၇) ခုမှာ အခြေစိုက်တဲ့ တပ်ရင်း (၇) ရင်းအပေါ်မှာ မှီခိုနေရပါတယ်။ ထိန်းချုပ်တဲ့နယ်မြေကိုလိုက်ပြီး KNU တပ်ရင်းတွေမှာ စီးပွားရေး၊ စစ်ရေးအင်အား အနည်းအများ ကွာခြားကြပါတယ်။ ဥပမာ တပ်မဟာ (၆) နဲ့ (၇) နယ်မြေဟာ ဗဟိုကို အများဆုံးထောက်ပံ့နိုင်ပါတယ်။ ဒါပေမဲ့ KNU ဌာနချုပ် ကျဆုံးသွားချိန်နဲ့ အပစ်ရပ်ကမ်းလှမ်းချိန်မှာ အပစ်ရပ်ပြီး စီးပွားရေးလုပ်ချင်လို့ ခွဲထွက်တဲ့ တပ်ဖွဲ့တွေ ပေါ်ထွက်လာပါတယ်။ အရင်တုန်းက တဖွဲ့တည်းသာ ရှိခဲ့တဲ့ KNU ဟာ အဖွဲ့ခွဲတွေနဲ့ ယှဉ်ပြိုင်ရတော့မယ့် အခြေအနေကို ရင်ဆိုင်လာရပါတော့တယ်။

တဘက်က အပစ်ရပ်ဗျူဟာနဲ့ စည်းရုံးသိမ်းသွင်းပြီး တဘက်က စစ်ဆင်ရေးလုပ်တဲ့အတွက် KNU အဖွဲ့မှာ မထိန်းနိုင်မသိမ်းနိုင် ဖြစ်သွားရပုံတွေကို ကိုယ်တိုင်ကွင်းဆင်းလေ့လာခဲ့သူ ဗြိတိန်နိုင်ငံ Surrey တက္ကသိုလ်ကထိက Dr. David Brenner က “Inside the Karen Insurgency” ဆိုတဲ့ စာတမ်းမှာ အသေးစိတ်တင်ပြထားပါတယ်။ အပစ်ရပ်လမ်းစဉ်ကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖောနဲ့ တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်စောဂျောနီ ခေါင်းဆောင်တဲ့အုပ်စု ထောက်ခံကြပါတယ်။ အပစ်ရပ်ပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ KNU ကို ပြန်လည်အားဖြည့်မယ်ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။

KNU ဒု-ဥက္ကဋ္ဌ Naw Zipporah Sein, တွဲဘက်အတွင်းရေးမှူး ဖဒိုသောသိဘွယ်နဲ့ တပ်မဟာ (၅) တပ်ရင်းမှူး ဒုဗိုလ်ချုပ်ကြီးဘော်ကျော်ဟဲတို့ အဖွဲ့ကတော့ အပစ်ရပ်ပြီး စီးပွားရေးလုပ်ရမယ့် လမ်းစဉ်ကို အယုံအကြည် မရှိကြပါဘူး။ အငြင်းပွားစရာ ဖြစ်နေပေမယ့် ၂၀၁၂ ဇန်နဝါရီမှာ KNU နဲ့ ဦးသိန်းစိန်အစိုးရတို့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးကြပါတယ်။ ဒါကြောင့် KNU ထဲမှာ အပစ်ရပ်တာကို လက်ခံသူနဲ့ လက်မခံသူဆိုပြီး အုပ်စု (၂) စု ရှိလာပါတယ်။ KNU တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ကြတဲ့အတွက် အပစ်ရပ်စာချုပ် ပျက်ပြယ်ပြီလို့ ယူဆသူရှိသလို၊ မပျက်ဘူးလို့ ယူဆသူတွေလည်း ရှိပါတယ်။ စစ်တပ်ရဲ့ အပစ်ရပ်ပရိယာရ်ဟာ လက်နက်ကိုင်တော်လှန်ရေးကို ဇဝေဇဝါ ဖြစ်စေပါတယ်။


==Unicode==







