ဒီးမော့ဆိုမှာ တိုက်ပွဲပြင်းထန်၊ စစ်ရှောင်စခန်းထဲ လက်နက်ကြီးကျပြီး တဦးဒဏ်ရာရ

ဒီးမော့ဆို စစ်ဘေးဒုက္ခသည်စခန်းက ကလေးငယ်အချို့/ယခင်ပုံဟောင်း။ (ဓာတ်ပုံ - ကရင်နီလူငယ်အဖွဲ့)

[[Zawgyi/Unicode]]

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက ဒီးမော့ဆို မြို့မရဲစခန်းနဲ့ ငွေတောင်ဆည် ဘက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်မနက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ မနက် လင်းအားကြီးအချိန်ကလည်း စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ယာယီစခန်းတခုအပေါ် လက်နက်ကြီးကျည် ကျလို့ အရပ်သား ပြည်သူတဦး ထိခိုက်ဒဏ်ရာရခဲ့ပါ တယ်။ ဒီးမော့ဆိုဘက်က အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၃ နာရီလောက်မှာ ဒီးမော့ဆိုမြို့နယ်တွင်း၊ မြလဲကျေးရွာနားက စစ်ပြေးဒုက္ခသည်တွေ ပုန်းခိုနေတဲ့ ယာယီစခန်းတခုအပေါ် စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာလို့ အရပ်သားပြည်သူတဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတဲ့အတွက် ဒုက္ခသည်တွေ ဘေးလွတ်ရာနေရာတွေကို ထပ်ပြီး ပြောင်းခဲ့ကြရပါတယ်။ မနက်ပိုင်း ၆ နာရီကျော်လောက် ရောက်ချိန်မှာတော့ ဒီးမော့ဆို မြို့မရဲစခန်းနဲ့ ငွေတောင်ဆည်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အကြား တိုက် ပွဲပြင်းထန်ခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက VOA ကို ပြောပါတယ်။
“မနက် ၃ နာရီလောက်တော့ တိုက်ပွဲတော့မရှိဘူးဗျ။ ဒါပေမယ့် စစ်ကောင်စီဘက် ကနေပြီးတော့ လက်နက်ကြီးတွေလေ ၁၂၀ မမနဲ့ ထုလာတယ်ပေါ့။ ဒီစစ်ဘေးရှောင်နေတဲ့ နေရာမှာလေ။ အဲ့လိုမျိုးထုလာတော့ အသက် ၄၅ နှစ်လောက်ရှိတဲ့ အမျိုးသားတဦး ထိခိုက်ဒဏ်ရာရာထားတာရှိတယ်လေး။ တိုက်ပွဲကတော့ မနက် ၆ နာရီ ကျော်ကျော်လောက်မှာပဲ စတာပေါ့၊ ၇ နာရီခွဲကျော်ကျော်လောက်မှာ ပြီးသွားတာပေါ့နော်။ တိုက်ပွဲကတော့ နှစ်ခုတော့ ရှိတယ်။ ဒီးမော့ဆို မြို့မရဲစခန်းမှာနဲ့ ငွေတောင်ဆည်နားမှာပေါ့နော် နည်းနည်းဖြစ်တယ်။ တိုက်ပွဲပြင်းထန်တာတော့ မြို့မရဲစခန်းပေါ့နော်။ ဒီးမော့ဆိုမြို့မရဲစခန်းမှာ တိုက်ပွဲပြင်းထန်တယ်ပေါ့နော်။ အဲဒီ နှစ်ခုတော့ ရှိတယ်လေး။”
တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၃ ဦး ဒဏ်ရာအငယ်နည်း ရရှိခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးကိုတော့ မသိရသေးဘူးလို့ပြောပါတယ်။ တိုက်ပွဲတွေဖြစ်တဲ့နေရာတဝိုက် စစ်ကောင်စီက တပ်စွဲလှုပ်ရှားနေတဲ့ဘက်မှာ ဒီကနေ့ နေ့ခင်းလောက်မှာ နေအိမ်တွေမီးလောင်နေတာ တွေ့ရတယ်လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။
“မီးလောင်တာကတော့ ငွေတောင်ဘက်မှာလည်း တွေ့ရတယ်။ နောက်ပြီးတော့ ဟိုဖိတ်ပေါ့နော်။ ဟိုဖိတ်ဘက်မှာ တွေ့ရတယ်။ နောက်မိုင်းလုံဘက်မှာ တွေ့ရ တယ်ဗျ။ အဝေးကနေ လှမ်းမြင်နေရတယ်ဗျ။ ၃၊ ၄ နေရာတော့ ရှိတယ်ဗျ။ တိုက် ပွဲအခြေအနေရယ်လို့လည်း မဟုတ်ဘူးပေ့ါနော်။ ဒီမနက်ကလည်း မနက် ၃ နာရီလောက်မှာဆိုရင် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ ရှိတယ်ဗျ။ မိုးလင်းခါနီးလောက်မှ တိုက်ပွဲ စဖြစ်တယ်ဗျ။ အဲ့ဒီ မနက် ၃ နာရီလောက်က သူတို့ရမ်းသမ်း ပစ်ခတ်မှုကြောင့်ပေါ့နော်။ မြလဲက စစ်ရှောင်စခန်းဘက်မှာ လက်နက်ကြီးကျတာပေါ့နော်။ အဲ့လိုကျတာ။ အဲ့မှာ လူနှစ်ယောက်တော့ ထိခိုက်ဒဏ်ရာရသွားတာပေါ့နော်။”
မီးလောင်မှုအတွင်း ဘယ်လောက် ပျက်စီးဆုံးရှုံးလဲဆိုတာ အတိအကျ မသိရသေးပါဘူး။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လှုပ်ရှားတဲ့ ဒီးမော့ဆိုမြို့နယ်ထဲမှာ ပြည်သူတွေ ရှိတဲ့ဘက်၊ အထူးသဖြင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ ရှိရာဘက်တွေကိုလည်း စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ မကြာမကြာ ပစ်ခတ်တဲ့အတွက် စစ်ပြေးဒုက္ခသည်တွေ ထိတ်လန့်ကြောက်ရွံ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုဆို လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်လာတယ်လို့ ဒီးမော့ဆိုမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ဒီနောက်ပိုင်းကျတော့ သူတို့ စစ်လေယာဉ်တွေ အလွန်အကျွံသုံးလာတယ်ပေါ့နော်။ တိုက်ပွဲနည်းနည်းဖြစ်တာနဲ့ ရဟတ်ယာဉ်တွေ၊ နောက်ပြီးတော့ ဂျက်လေယာဉ်တွေ သုံးလာတာများတယ်။ နောက်ပြီးတော့ လက်နက်ကြီးလည်း နည်းနည်း ထုထောင်းတဲ့ဟာတွေပေါ့နော်။ အရင်ကမတွေ့ဖူးတဲ့ လက်နက်ကြီးတွေလည်း သူတို့ရံဖန်ရံခါ ထုလာတာတော့ ရှိတယ်ဗျ။ ဒီတိုက်ပွဲမဖြစ်ဘဲနဲ့ ခုနပြောသလိုမျိုးဘဲပေါ့-စစ်ဘေးရှောင်တွေ ရှိနိုင်တဲ့နေရာမှာ မှန်းပြီးတော့ လက်နက်ကြီးနဲ့ လှမ်းထုတာတွေ ခပ်စိတ်စိတ်လုပ်လာတယ်ပေါ့နော်။ အရင်ကလိုမျိုးမဟုတ်တော့ဘူးပေါ့။ ဒါနည်းနည်းထူးခြားတဲ့ အချက်တွေပေါ့နော်။”
ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက နေရာတော်တော်များများမှာ ကင်းပုန်းတွေချ လှုပ်ရှားနေပြီး မကြာခဏ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ မကြာမကြာ တိုက်ပွဲဖြစ်နေပါတယ်။

Your browser doesn’t support HTML5

ဒီးမော့ဆိုမှာ တိုက်ပွဲပြင်းထန်၊ စစ်ရှောင်စခန်းထဲ လက်နက်ကြီးကျပြီး တဦးဒဏ်ရာရ

===========

[[Unicode]]



===========