တောရိုင်းတိရစ္ဆာန် စီးပွားဖြစ် မွေးမြူခွင့်ကြောင့် တရုတ်ကို မှောင်ခိုရောက်မယ့်အရေး သတိပေး

တရုတ်နိုင်ငံမှာ သိးဆည်းရမိတဲ့ တရားမဝင် ဆင်စွယ်တွေ ဖျက်ဆီးဖို့ ပြင်ဆင်နေတဲ့မြင်ကွင်း။ (ဇန်နဝါရီ ၆၊ ၂၀၁၄)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေဖြစ်တဲ့ ကျားနဲ့ သင်းခွေချပ် အပါအဝင် တခြား မျိုးတုံးလုအန္တရာယ်ရှိတဲ့ တိရစ္ဆာန်တွေကို သားဖောက်မွေးမြူ ရောင်းဝယ်နိုင်တယ်ဆိုပြီး တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ထုတ်ပြန်လိုက်တာက အိမ်နီးချင်း တရုတ်နိုင်ငံက ဈေးကွက်ဝယ်လိုအားကို ပိုပြီး မြင့်တက်သွားစေနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက သတိပေးလိုက်ပါတယ်။

အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားတဲ့ အဓိကနေရာတခု ဖြစ်သလို ကမ္ဘာ့ဈေးကွက်မှာ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ လောက်ရှိတဲ့ တရုတ်နိုင်ငံရဲ့ ဈေးကွက်လိုအပ်ချက်နဲ့ အရောင်းအဝယ်တွေလည်း ရှိနေတာပါ။

ပြီးခဲ့တဲ့ ဇွန်လတုန်းက မျိုးတုံးလုအန္တရာယ်ရှိတဲ့ တိရစ္ဆာန် အမျိုး ၂၀ ကျော် အပါအဝင် မျိုးစိတ်ပေါင်း ၉၀ လောက်ကို ပုဂ္ဂလိက တိရစ္ဆာန်ရုံတွေမှာ သားဖောက်မွေးမြူခွင့်လိုင်စင် လျှောက်ထားဖို့ မြန်မာနိုင်ငံ သစ်တောဦးစီးဌာနက ခွင့်ပြုလိုက်တာပါ။ တောရိုင်းတိရစ္ဆာန်တွေ တရားမဝင် ခိုးဖမ်းတာနဲ့ တရားမဝင် မွေးမြူတာတွေကို လျှော့ချနိုင်ဖို့ အခုလို ခွင့်ပြုရတာဖြစ်ကြောင်း သစ်တောဦးစီးဌာနက ရှင်းလင်းပြောကြားခဲ့ပေမယ့် အခုလို ခွင့်ပြုလိုက်တဲ့အပေါ် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေ အံ့အားသင့်ခဲ့ကြပါတယ်။

SEE ALSO: မြန်မာနဲ့ အာရှမှာ တောရိုင်းတိရစ္ဆာန် ဈေးကွက်ပိတ်ရေး တောင်းဆိုမှုတွေ တိုး

စီးပွားရေးအရ တောရိုင်းတိရစ္ဆာန်တွေကို သားဖောက်ရောင်းဝယ်ခွင့် ပြုတာက ရေရှည်မှာ မျိုးတုံးလုအန္တရာယ်ရှိနေတဲ့ တိရစ္ဆာန်မျိုးစိတ်တွေကို တရားဝင် အသုံးပြုခွင့် ပေးလိုက်သလို ဖြစ်သွားမှာကို သဘာဝထိန်းသိမ်းရေးသမားတွေက စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျား၊ သင်းခွေချပ်၊ ဆင်နဲ့ လင်းတ ငှက်မျိုးစိတ်တွေအပြင် ဧရာဝတီလင်းပိုင် စတဲ့ တောရိုင်းတိရစ္ဆာန်တွေ ရှားပါးလာနေပြီ ဖြစ်ပါတယ်။

အရင်က ရှားပါးတိရစ္ဆန်ဖြစ်တဲ့ ထိုင်းနိုင်ငံက မိကျောင်းတွေ အခုအခါ စီးပွားဖြစ် မွေးမြူနိုင်တဲ့သာဓက ရှိပေမယ့် အခုလို သဘာဝ တောရိုင်းတိရစ္ဆာန်တွေကို စီးပွားဖြစ် မွေးမြူနေတာက ရေရှည်မှာ တောရိုင်းတိရစ္ဆာန်ဈေးကွက်ကို တရားဝင်ဖြစ်အောင် တွန်းပို့နေရာ ရောက်တယ်လို့ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

တောရိုင်းတိရစ္ဆာန် စီးပွားဖြစ် မွေးမြူတာက တရားမဝင် ရောင်းဝယ်ဖောက်ကားမှု အပြိုင်ဈေးကွက်တွေ ပိုတိုးလာနိုင်ကြောင်းနဲ့ တောရိုင်းတိရစ္ဆာန်နဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချတဲ့ ဈေးကွက်ကို အားပေးရာရောက်ကြောင်း ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (WWF) နဲ့ နိုင်ငံတကာ သဘာဝ တောရိုင်းတိရစ္ဆာန်နဲ့ သစ်ပင်ပန်းမန် စောင့်ရှောက်ရေးအဖွဲ့ (FFI) တို့ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တောရိုင်းတိရစ္ဆာန် အရောင်းအဝယ်ကို စည်းမျဉ်းစည်းကမ်းနဲ့အညီ လိုက်နာအောင် လုပ်နိုင်ဖို့ အားနည်းတဲ့ မြန်မာနိုင်ငံအတွက်လည်း COVID-19 အလွန် နောက်ထပ် တိရစ္ဆာန်ကတဆင့် လူကိုကူးစက်တဲ့ ရောဂါတွေ ဖြစ်လာမှာကိုလည်း ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

Your browser doesn’t support HTML5

တောရိုင်းတိရစ္ဆာန် စီးပွားဖြစ် မွေးမြူခွင့်ကြောင့် တရုတ်ကို မှောင်ခိုရောက်မယ့်အရေး သတိပေး

-----------------------------

(Unicode)








SEE ALSO: တောရိုင်းတိရစ္ဆာန် မှောင်ခိုမှု ဟန့်တားဖို့ အရှေ့တောင်အာရှကို WWF တိုက်တွန်း

