COVID-19 အခက်အခဲတွေကြား ရုန်းကန်နေကြတဲ့ အမျိုးသမီးများ

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် စီးပွားရေးလုပ်ငန်း အများအပြား ပိတ်ပစ်လိုက်ရပြီး လူသန်းပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်နေရပါတယ်။ အခုဆိုရင် အစိုးရထံမှာ အလုပ်လက်မဲ့ ခံစားခွင့်လေ ျှာက်သူက ၃၃ သန်းကျော်ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီလိုအချိန်မှာ အစိုးရ ဒါမှမဟုတ် အလုပ်ရှင်ထံကနေ အထောက်အပံ့ ရကြသူတွေရှိသလို၊ ဘာအထောက်အပံ့မှ မရဘဲ ဒုက္ခကြုံတွေ့ကြရသူတွေလည်း သိန်းနဲ့ချီ ရှိနေပြီး ဒီအထဲမှာ အမျိုးသမီးတွေ အများအပြား ပါဝင် ပါတယ်။ COVID-19 ရောဂါဆိုးကြီးကြောင့် အလုပ်အကိုင်ဆုံးရှုံး ဒါမှမဟုတ် ဝင်ငွေ ထိခိုက်နစ်နာကြရတဲ့ အမျိုးသမီးတွေ ဘယ်လို အခက်အခဲတွေကြားမှာ ရှေ့ဆက် ရုန်းကန် နေကြသလဲ ဆိုတာကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နစ်နာနေရတာမှာ နိုင်ငံအတွင်း အလုပ်လက်မဲ့ဦးရေဟာလည်း လပိုင်းအတွင်းမှာကိုပဲ ၃၃ သန်းကျော်အထိ တက်သွားပါတယ်။ ဧပြီလ တလတည်းမှာတင် အလုပ်လက်မဲ့ သန်း ၂၀ ကျော် ရှိခဲ့ပြီး သမိုင်းမှာ မကြုံစဖူး အလက်လက်မဲ့နှုန်း ၁၄.၇ % အထိကို ရောက်သွားတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီအထဲမှာ အမျိုးသမီး အလုပ်လက်မဲ့ဦးရေက ပိုများတယ်လို့ ဆိုရမှာပါ။ အလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းအရ ဧပြီလအတွင်း အမျိုးသား အလုပ်လက်မဲ့နှုန်း ၁၃ % ရှိချိန်မှာ အမျိုးသမီး အလုပ်လက်မဲ့နှုန်းက ၁၅.၅ % ရှိပါတယ်။ ဒီလို COVID-19 ရောဂါဖြစ်ပွားမှုတွေ ရှိနေတဲ့ကာလအတွင်း အလုပ်အကိုင်ဆုံးရှုံးရသူတွေထဲမှာ မေရီလန်းပြည်နယ်က မအတာလည်း ပါ ပါတယ်။


'' လောလောဆယ်မှာတော့ - အစ်မက အရင်တုန်းက မန်နေဂျာအလုပ်တခုရော၊ နောက်တနေရာမှာ supervisor အလုပ်တခုရော လုပ်ခဲ့တော့ ငွေ စုဆောင်းလို့ရခဲ့တယ်။ နောက်တခုက အစ်မတို့အလုပ်တွေကနေပြီးတော့ lay off လုပ်တယ် (အလုပ်ရပ်နားခံရတယ်) ဆိုတာကို ဘယ်နှစ်ရက် ဘယ်နှစ်ပတ်ဖြစ်ပါတယ် ဆိုတာတွေကို အစိုးရကို လှမ်း အကြောင်းကြားထားတော့ အစ်မတို့တွေက unemployment benefit (အလုပ်လက်မဲ့ အကျိုးခံစားခွင့်) ရတယ်။ ဒါပေမဲ့ အခက်အခဲတွေက ဘယ်သူတွေမှာကြုံရသလဲ ဆိုရင် အစ်မ အလုပ်မှာဆိုရင် အများအားဖြင့် ကလေးသုံး-လေးယောက် ရှိတဲ့သူတွေ lay off ဖြစ်သွားတယ်ဆိုရင်၊ အခုလို အလုပ်တွေ ပိတ်သွားတဲ့အခါကျတော့ အစိုးရကပေးတဲ့ ပိုက်ဆံတခုတည်းနဲ့ သူတို့ကျတော့ မလောက်ကြတော့ဘူး။ အဲ့ဒီလိုလူတွေအတွက်ကျတော့ အခက်အခဲတွေ ရှိတယ်လို့ပြောကြတယ်။ ''


မအတာ ကတော့ လောလောဆယ်မှာ အစိုးရထံကနေ အလက်လက်မဲ့ အကျိုးခံစားခွင့် ရတဲ့အတွက် အခက်အခဲအများကြီး မကြုံရဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အလုပ်က ရေရှည် ဘယ်လောက်အထိ ဆက် ပိတ်ထားမလဲအပေါ် မူတည်ပြီး မရေရာမှုတွေကတော့ ရှိနေဆဲပါ။
Florida ပြည်နယ်၊ Orlando မြို့မှာ နေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ် Claudia Alejandra ကတော့ Macy အရောင်းဆိုင်ကြီးမှာ အလုပ် လုပ်နေရာကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အလုပ်တွေပိတ်ပစ်လိုက်ရတာမှာ ပြီးခဲ့တဲ့မတ်လ ကတည်းက ဝင်ငွေ မရှိတော့တဲ့သူပါ။ အစိုးရထံမှာ အလုပ်လက်မဲ့ ခံစားခွင့် လေ ျှာက်ထားပေမဲ့ ခုထိတော့ ထောက်ပံ့ငွေ မရသေးဘူးလို့ သူက ပြောပါတယ်။


''တကယ်ကို အရမ်းပဲ စိတ်ပျက်ရပါတယ်။ နေ့တိုင်း ဖုန်းတွေ ဆက်တိုက် ခေါ် မေးပေမဲ့ ဘာမှ ရေရေရာရာ အချက်အလက် အကြောင်းပြန်တာ မရသေးပါဘူး။''

ခုချိန်မှာ အလုပ်လက်မဲ့ ခံစားခွင့် လေ ျှာက်ထားသူတွေ များလွန်းတာကြောင့် နှောင့်နှေးကြန့်ကြမှုတွေကလည်း နေရာတိုင်းမှာ ရှိနေတာပါ။ ဒါကြောင့် ခံစားခွင့် လျှောက်ထားပြီးမှ ထောက်ပံ့ငွေ မရကြသေးသူတွေ ရှိသလို၊ တချို့ကျတော့လည်း အကြောင်းအမျိုးမျိုးကြောင့် ခံစားခွင့်လေ ျှာက်ဖို့ အကျုံးမဝင်သူတွေလည်း ရှိပါတယ်။ ဒီအထဲမှာ Wisconsin ပြည်နယ် Milwaukee မြို့က Kata Young လည်း ပါ ပါတယ်။ သူကတော့ အကြံပေးလုပ်ငန်း တသီးပုဂ္ဂလ လုပ်ကိုင်သူ တယောက်ဖြစ်ပြီး စားသောက်ဆိုင်တခုမှာလည်း အချိန်ပိုင်း လုပ်ပါတယ်။ COVID-19 ရောဂါကူးစက်မှုတွေ ဖြစ်လာတဲ့အချိန်မှာတော့ သူ့အလုပ်တွေလည်း ရပ်သွားခဲ့ပါတယ်။

''အလုပ်လက်မဲ့လေ ျှာက်ခွင့် ကျမ မရပါဘူး။ ကျမ လုပ်ခဲ့တဲ့ အလုပ်ချိန် နာရီပမာဏ နဲ့ ကျမ ဝင်တဲ့ ဝင်ငွေပမာဏ ကလည်း အစောပိုင်းသတ်မှတ်ကာလတခုမှာ များနေတော့ အလုပ်လက်မဲ့ခံစားခွင့် လေ ျှာက်ခွင့်ရှိသူတွေထဲမှာ ကျမ အကျံုံးမဝင်ပါဘူး။ အခုချိန်မှာ အတော်ကြီး စိတ်ဖိစီးပါတယ်။ စုဆောင်းထားတဲ့ငွေကလည်း သိပ်မကျန်တော့ပါဘူး။ ဒီစုထားတဲ့ငွေ ဆိုတာကလည်း ဒီနှစ်အတွက် ဝင်ငွေအခွန်ဆောင်နိုင်ဖို့ စုထားတဲ့ငွေပါ။''


ကိုယ်ပိုင်လုပ်ငန်း လုပ်တဲ့သူတွေဟာ ကိုယ်တိုင်က အလုပ်ရှင်ဖြစ်ပြီး လုပ်ငန်းတခုခုမှာ အလုပ် လုပ်နေတဲ့ အလုပ်သမားတွေ မဟုတ်တာကြောင့် အလုပ်လက်မဲ့ခံစားခွင့် လျှောက်ခွင့်မရှိသလို၊ တချို့ကျတော့လည်း အလုပ်တခုကို ဝင်ပြီး သိပ်မကြာသေးခင် ပြုတ်သွားတဲ့အခါ သတ်မှတ်ထားတဲ့ အလုပ်နာရီ ဒါမှမဟုတ် ဝင်ငွေ ပမာဏ အတိုင်းအတာတခု ရတဲ့အထိ အလုပ်မလုပ်ရသေးတာ စတဲ့ သတ်မှတ်ချက်တွေပေါ် မူတည်ပြီး အကျိုးခံစားခွင့် မရကြသူတွေ အများအပြား ရှိပါတယ်။

အခုလိုအချိန်မျိုးမှာ အခြေခံစား စားသောက်ကုန်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့သူတွေကျပြန်တော့လည်း လုပ်ငန်းဆက်လက် လည်ပတ်ခွင့်ရပေမဲ့လို့ ခုလိုအချိန်မှာ ရောင်းအားကျပြီး ဝင်ငွေ ထိခိုက်တဲ့ဒဏ်ကို ခံကြရပြန်ပါတယ်။ စားသောက်ကုန်စုံဆိုင်ကြီးတွေထဲမှာ ဆူရှီနဲ့ အသင့်စား အစားအစာတွေရောင်းတဲ့ မစုထက်က သူကြုံရတဲ့ အခြေအနေကို ခုလို ပြောပြပါတယ်။


'' ဒီလို စစ်ချင်းဖြစ်လာတဲ့အခါမှာ ကိုယ့်အနေနဲ့က အလုပ်ကတော့ သွားနေရသေးတယ်လေ။ အဲ့ဒီလိုမျိုးဆိုတော့ ကိုယ်ဘာလုပ်ရမလဲ။ လူတွေက တခြားပစ္စည်းတွေကိုပဲ အဓိကဝယ်ကြတယ်။ ဒီလိုမျိုး အသင့်စား prepared food ကို ဝယ်တဲ့သူက အဲ့ဒီအချိန်မှာ ကျသွားတယ်။ ကိုယ့်ရဲ့ရောင်းအားကျသွားတဲ့ဒဏ်ကို ခံစားရတာပေါ့။ busy ဖြစ်နေတဲ့ (ရောင်းအားကောင်းနေတဲ့) နေရာတခုက သာမန်ရောင်းအားထက်ကို ထက်ဝက်လောက်ကို ကျသွားတယ်။''


ကိုယ့်အလုပ်က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတခု ဖြစ်ပြီး အလုပ်သမားတချို့လည်း ရှိနေတယ်ဆိုတော့၊ ခုလိုအချိန်မှာ ကိုယ့်ရဲ့ အလုပ်သမားတွေကိုရော ဘယ်လို ဆက်ထိန်းထားနိုင်အောင် လုပ်ရတာတွေရှိလဲ။


“ကိုယ့်ရဲ့ အလုပ်သမားတွေထဲမှာ စကားပြောရတာပေါ့။ ဒီအလုပ်ကို လာရတာရော သက်တောင့်သက်သာရှိရဲ့လား။ လာရောလာချင်ရဲ့လား ဆိုတာကိုတော့ ပထမဦးဆုံး မေးရတာပေါ့နော်။ ကိုယ်ကတော့ ကိုယ့်အလုပ်မိုလို့ လာချင်တာလေ။ ဒါပေမဲ့ အလုပ်သမားတွေ အနေနဲ့ကတော့ လာချင်ရင်လည်း လာချင်မယ်။ ဒါမှမဟုတ် သူတို့စိတ်ထဲမှာ သက်တောင့်သက်သာမဖြစ်တာလည်း ရှိရင်ရှိမယ်။ အဲ့ဒီလိုမျိုး ဆိုတော့ ဒါတွေကို ဝန်ထမ်းတွေနဲ့ ညှိပြီးတော့ အလုပ် လုပ်ရတယ်။ နောက်တခုက ရောင်းအား ကျသွားတဲ့အခါကျတော့ ဝန်ထမ်းလိုအပ်မှု အင်အားကလည်း ကျသွားတယ်လေ။ အဲ့ဒီလိုမျိုးဆိုတော့ ရှိတဲ့ဝန်ထမ်းတွေထဲမှာ ခါတိုင်းဆိုလို့ရှိရင် တပတ်မှာ ၆ ရက် အလုပ် လုပ်တဲ့သူကို တယောက်ကို ၃ ရက်၊ နောက်တယောက်ကို ၃ ရက်။ အဲ့ဒီလိုပုံစံမျိုးနဲ့ မျှပြီးတော့ လုပ်နေတာပေါ့နော်။ အချင်းချင်း ညှိနှိုင်းပြီးတော့ အလုပ် လုပ်ကြရတာပေါ့နော်။”


အစိုးရက အခုချိန်မှာ အသေးစားစီးပွားရေးလုပ်ငန်းတွေအတွက် ချေးငွေ ချပေးတာမျိုး အကူအညီတွေ ပေးတယ်လို့လည်း သိရပါတယ်။ အဲ့ဒါတွေကရော အထောက်အကူ ဖြစ်ပါသလား။


“လောလောဆယ်မှာ အစိုးရ အနေနဲ့ small business administration (အသေးစားစီးပွားရေး စီမံခန့်ခွဲမှုဌာန) တွေကလည်း disaster relief loan (ကပ်ဘေးကာလ ထောက်ပံ့ချေးငွေ) ပုံစံတွေကို ထုတ်ပြီးတော့ လေ ျှာက်လွှာတွေ တင်ဖို့အတွက် သူတို့ကလည်း တိုက်တွန်းတယ်။ ကိုယ့်အနေနဲ့လည်း တင်စရာရှိတာတွေကို တင်ထားပါတယ်။ ဒါပေမဲ့ program (အစီအစဉ်) တခုလုံးက သူတို့ကလည်း လျှောက်တဲ့လူပေါ် မူတည်ပြီးတော့ အစဉ်လိုက်သွားနေတာ ဆိုတော့ ကိုယ့်အလှည့် ချက်ချင်းတော့ ရောက်မလာတော့ဘူးပေါ့နော်။ အခုဆို ၂ လ ကျော်လာပြီပေါ့။ ၂ လကျော်လာတဲ့အချိန်အတွင်းမှာ အားလုံးကို ရပ်တည်နိုင်အောင်တော့ ကိုယ့်ဟာကိုယ်အနေနဲ့ပဲ ပြင်ဆင်ထားရတာပါပဲ။”


အခုချိန်မှာ ပတ်ဝန်းကျင်မှာ ရောဂါကူးစက်မှုတွေက ရှိနေတဲ့အခါကျတော့ ကိုယ်က အပြင်ထွက် အလုပ် လုပ်နေရတဲ့အပေါ်မှာရော ဘယ်လို သတိထား လုပ်ကိုင်ရတာတွေ ရှိပါလဲ။


“ကိုယ်ကတော့ ကိုယ့်အနေနဲ့ကတော့ ကိုယ့်ကျန်းမာရေးထက် ဘယ်အရာကမှ ပို အရေးမကြီးပါဘူး။ ဒါပေမဲ့လည်း အလုပ်ဆိုတာ လုပ်နေရတဲ့အတွက် အဓိက ကတော့ ကိုယ့်ကိုယ်ကို ပြင်ဆင်ရတာပေါ့။ တချိန်လုံး mask (မျက်နှာဖုံးအကာ) တပ်ထားရတာတို့။ ပင်ပမ်းတာကတော့ သာမန် အလုပ် လုပ်နေတာထက်ကို ပိုပင်ပန်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ မတူဘူးလေ။ ဒီ stress (စိတ်ဖိစီးမှု) တခုကလည်း စိတ်ထဲမှာရှိနေတယ်။ ကိုယ့်ကိုယ်ကိုလည်း ကာကွယ်နေရတယ်။ အလုပ်လည်း လုပ်နေရတယ် ဆိုတော့ သာမန်အချိန်နဲ့တော့ လုံးဝမတူတာ အမှန်ပဲ။ တကယ့်ကို ပိုပင်ပန်းပါတယ်။”


ကျန်းမာရေးပညာရှင်တွေနဲ့ စီးပွားရေးပညာရှင်တွေ ပြောတဲ့အရဆိုရင် အခုအခြေအနေက ဘယ်လောက်အထိ ဆက်ကြာဦးမလဲ။ ဒီရောဂါဖြစ်တာတွေ ရပ်ပြီး လူတွေ အရင်လို စိတ်အေးလက်အေး ပြန် အလုပ်လုပ်နိုင်မယ့် အနေအထားတခုက ဘယ်တော့ပြန်ရမလဲ ဆိုတာ မသိရတဲ့အခါမှာ ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့သူ တယောက်အနေနဲ့ စိုးရိမ်မှုရော ရှိပါလား။


“ဟုတ်ကဲ့။ စိုးရိမ်တာကတော့ စိုးရိမ်ပါတယ်။ ဘာလို့လဲဆိုတော့ ရောင်းအားက နည်းနည်းလေး ပြန်ပြီးတော့ ငြိမ်လာတယ်လို့ ဆိုလို့ရသည့်တိုင်အောင် အရင်လို ဒီအချိန်ဆိုရင် အရမ်းကို ရောင်းကောင်းနေရမယ့်အချိန် မျိုးလေ။ အရင်လိုတော့ မဖြစ်ဘူးလေ။ မဖြစ်တဲ့အပြင် ဒါဟာ ဘယ်တော့ပြန်ကောင်းမလဲ ဆိုတာလည်း ဘယ်သူမှသိနိုင်တာမဟုတ်ဘူး။ နောက်ပြီးတော့ ကဲ ဟုတ်ပြီ ဒီ နောက်ပိုင်း ဘာဖြစ်လာမယ်ဆိုတာကို ကိုယ်ကကြိုတင်ပြင်ဆင်ရမယ့်သဘော ဖြစ်နေပြီ။ ကိုယ့် အနေနဲ့ ကတော့ လုပ်ငန်းက ဆက်လက် လည်ပတ်နေသေးတဲ့အတွက် ကိုယ့်ကိုယ်ကိုလည်း ကံကောင်းတယ်လို့တော့ သတ်မှတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တခြား တချို့သူတွေ၊ လုံး၀ ဆိုင်ပိတ်ထားရတဲ့သူတွေ အများကြီးရှိတယ်လေ။ အခုက ကိုယ်ကတော့ လည်ပတ်နေသေးတယ်။ လည်ပတ်နေသေးတယ် ဆိုပေမဲ့ ကိုယ့်အနေနဲ့လည်း နေ့တိုင်း ရင်ဆိုင်နေရတဲ့ အခက်အခဲတွေက အများကြီးပဲလေ။ ရောင်းအားကျသွားတယ်။ ဝင်ငွေ နည်းသွားတယ်။ ကိုယ့်မှာ တာဝန်ယူထားရတဲ့ အလုပ်သမားတွေ ရှိတယ်။ အဲ့ဒီလိုမျိုး ဆိုတော့ အဘက်ဘက်ကနေ အားလုံးအဆင်ပြေအောင် တကယ်ကို အခက်အခဲတွေကို ရင်ဆိုင်ပြီးတော့ လုပ်နေရတာပေါ့။ အကောင်းဆုံးကို မေ ျှာ်လင့်ပြီး အဆိုးဆုံးကိုလည်း ပြင်ဆင်ထားရင်တော့ ကိုယ့်အတွက်လည်း အဆင်ပြေမယ်လို့တော့ မေ ျှာ်လင့်ပါတယ်။”

ဆူရှီလုပ်ငန်းနဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေတဲ့ ဗာဂျီးနီးယားပြည်နယ်က မစုထက် ပြောပြခဲ့တာပါ။ မစုထက် တို့လို အသေးစား ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ ဝင်ငွေ ထိခိုက်နေရသလိုပဲ၊ ဒီအချိန်မှာ စီးပွားရေးလုပ်ငန်း ကြီး-ငယ်မရွေး ထိခိုက်နေရတာမို့၊ အလုပ်လက်မဲ့ ဦးရေကလည်း တနေ့တခြား တိုးလာနေနတာပါ။ လောလောဆယ် အမေရိကန်ပြည်ထောင်စုမှာ အလုပ်သမား ၆ ယောက်မှာ ၁ ယောက်နှုန်းနဲ့ အလုပ်လက်မဲ့ ဖြစ်နေတာပါ။ ဒီအခြေအနေဟာ ၁၉ ၃၀ ပြည့်လွန်ကာလတွေတုန်းက ကမ္ဘာ့စီးပွားပျက်ကပ် ကြုံခဲ့ရချိန်တုန်းကထက်တောင် ပိုပြီး ဆိုးလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေကလည်း သတိပေး ပြောနေကြပါတယ်။

ဒီလိုအခြေအနေမှာ အစိုးရက စီးပွားရေးကျားကန်ပေးနိုင်မယ့် လုပ်ငန်းစဉ်တွေ ချမှတ် လုပ်ဆောင်နေတာရှိသလို၊ အလုပ်လက်မဲ့ ခံစားခွင့်ပေးတာအပြင် ဝင်ငွေပေါ်မူတည်ပြီး မိသားစုတွေကို ငွေသား ထောက်ပံ့ကူညီ ပေးတာတွေ ရှိပါတယ်။ ဒါပေမဲ့လို့လည်း စီးပွားရေးလုပ်ငန်း ကြီး-ငယ်မရွေး ဒီအချိန်မှာ အနည်းနဲ့အများ ဝင်ငွေထိခိုက်နစ်နာမှုတွေနဲ့ ကြုံတွေ့နေရသလို၊ ဒီလိုကြုံတွေ့ရတဲ့ အထဲမှာ အမျိုးသမီးတွေလည်း အများအပြား ပါဝင်နေတယ်ဆိုတာကို တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။

Your browser doesn’t support HTML5

COVID-19 အခက်အခဲတွေကြား ရုန်းကန်နေကြတဲ့ အမျိုးသမီးများ

=================================

[Unicode Version]

































