မြန်မာ့စီးပွားရေး ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ် ခန့်မှန်း

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းစက်မှုဇုန်မှာတွေ့ရတဲ့ Nestle စက်ရုံအဝင်တံခါးတခု (ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃)

မြန်မာနိုင်ငံစီးပွားရေးဟာ ဒီနှစ်ဘဏ္ဍာနှစ်မှာ ၁ % ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ ရင်ဆိုင်နေရတဲ့အပြင် မကြာခင်လပိုင်းက ရေလွှမ်းမိုးမှုဘေးဒဏ်တွေ ထပ်ကြုံခဲ့ရတဲ့ မြန်မာ့စီးပွားရေးဟာ စောစောပိုင်းက ခန့်မှန်းချက်တွေနဲ့ ကွဲလွဲပြီး နောက်ထပ် ကျဆင်းနိုင်ခြေရှိနေတာကို ကမ္ဘာဘဏ်က သတိပေးထားပါတယ်။

ငွေကြေးဖေါင်းပွမှု၊ ငွေတန်းဖိုးကျဆင်းမှု၊ လျှပ်စစ်ဓါတ်အားနဲ့ လူသားအရင်းအမြစ် လုပ်အား လျော့နည်းသွားတဲ့ပြဿနာတွေကလည်း မြန်မာ့စီးပွားရေကို ပိုပြီး ကျဆင်းအောင် တွန်းပို့နေတယ်လို့ အစီရင်ခံစာက ရေးသားပါတယ်။ပြီးခဲ့တဲ့ဇွန်လကတော့ မြန်မာနိုင်ငံစီးပွားရေးဟာ မတ်လ ၂၀၂၅ ခုနှစ် ကုန်မယ့် ဘဏ္ဍာရေးနှစ်အတွင်း ၁ % တိုးလာနိုင်တယ်လို့ ကမ္ဘ့ာဘဏ်က ခန့်မှန်းခဲ့ပါတယ်။ တချိန်တည်းမှာ ဆင်းရဲမွဲတေမှုနဲ့ အကြမ်းဖက်မှုတွေ တိုးလာနိုင်တာကို သတိပေးခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ရပ်တန့် သွားပြီး စီးပွားရေးကဏ္ဍအသီးသီးမှာ ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ ကြား အခြေခံစားသောက်ကုန်တင်ပို့တဲ့လမ်းကြောင်းတွေ ပိတ်ပင်ခံရပြီး တိုင်းပြည်လူဦးရေ ၅၅ သန်းရဲ့ လေးပုံတပုံဟာ အစားအသောက် မလောက်ငတဲ့အကြပ်အတည်းကို ရင်ဆိုင်နေရကြောင်းလည်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

ငွေကြေးဖေါင်းပွမှုတွေ ပျှမ်းမျှ ၂၆ ရာခိုင်နှုန်း ဆက်ရှိနေဖို့ မျှော်လင့်ရပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ Yagi မုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ အကြီးအကျယ်ပျက်စီးခဲ့တာကိုလည်း အစီရင်ခံစာမှာ ထည့်သွင်းထားပါတယ်

Your browser doesn’t support HTML5

မြန်မာ့စီးပွားရေး ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ် ခန့်မှန်း