မြန်မာ့အရေး ကမ္ဘာ့လူသားချင်း စာနာထောက်ထားမှုနေ့မှာ ကုလသတိပေး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)

မြန်မာနိုင်ငံအနှံ့မှာ ပဋိပက္ခတွေနဲ့ ကပ်ဘေးဆိုးတွေကြောင့် ပြည်သူတွေ အတိဒုက္ခရောက်နေရကြောင်း ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့လူသားချင်း စာနာထောက်ထားမှုနေ့မှာ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ ကလေး ၆ သန်း အပါအဝင်၊ ခန့်မှန်းခြေ လူပေါင်း ၁၈.၆ သန်းဟာ အရေးပေါ် စာနာမှု အကူအညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Christina Powell က ကြေညာချက်မှာ ပြောဆိုထားတာပါ။

အကူအညီပေးရေးဝန်ထမ်းတွေ စားနပ်ရိက္ခာ၊ အမိုးအကာ၊ အကာအကွယ်နဲ့ အခြား အသက်ကယ်အကူအညီ လိုအပ်နေသူကို အကူအညီပေးနိုင်ရေး အစွမ်းကုန်ကြိုးစားနေကြောင်းနဲ့ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာ လူသားချင်းစာနာမှု အသိုက်အဝန်းရဲ့ အကူအညီတွေ လူပေါင်း ၂.၁ သန်းအထိ ရောက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ၂၀၂၄ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာလိုအပ်ချက်များနှင့် တုံ့ပြန်ရေးစီမံချက်အတွက် ရန်ပုံငွေ ၂၁ ရာခိုင်နှုန်းသာ ရရှိထားပြီး ရန်ပုံငွေ လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခပြင်းထန်လာတာနဲ့အမျှ အရပ်သားတွေရော အကူအညီပေးရေး ဝန်ထမ်းတွေပါ နေ့စဉ်နှင့်အမျှ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရတာပါ။ ပဋိပက္ခတွင်း ပါဝင်သူတွေအားလုံးအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ ကို လေးစားလိုက်နာကြဖို့နဲ့ အရပ်သားတွေနဲ့ အကူအညီပေးရေးလုပ်သားတွေကို အကာအကွယ် ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့အရေး ကမ္ဘာ့လူသားချင်း စာနာထောက်ထားမှုနေ့မှာ ကုလသတိပေး