(Zawgyi/Unicode)
ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ခဲ့တဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က တရုတ် နိုင်ငံသား ၅ ဦး မြန်မာနိုင်ငံဘက် တရားမဝင် ဝင်လာတဲ့အကြောင်း ရွှေလီရဲတပ်ဖွဲ့က မူဆယ်ခရိုင်ရဲတပ်ဖွဲ့ကို ကြာသပတေးနေ့က အကြောင်းကြားခဲ့ပါတယ်။ အဲဒီထဲက တဦးကို အကြောင်းကြားစာရတဲ့နေ့မှာပဲ ရှာတွေ့ခဲ့ပြီး ကျန်တဲ့လူ လေးဦးကို ဆက်ရှာနေပါတယ်။ အဲဒီလူတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတယ်လို့ သံသယရှိတဲ့အကြောင်း ရွှေလီရဲတပ်ဖွဲ့ရဲ့ အကြောင်းကြားစာထဲမှာ ဖော်ပြထားပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။
နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သံသယရှိသူ ဝူဟန်မြို့သား ၅ ဦး ဖေဖော်ဝါရီလ ၆ ရက် ကြာသပတေးနေ့က မူဆယ်မြို့ကို ရောက်ရှိနေတယ်လို့ တရုတ်နိုင်ငံရွှေလီ ရဲဌာနကနေ မူဆယ်ခရိုင်ရဲတပ်ဖွဲ့ကို သတင်းပေးပို့ခဲ့ပါတယ်။ အဲဒီထဲမှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးပါ ရှိပြီး အဲဒီအမျိုးသမီးကို ချက်ချင်းရှာတွေ့ခဲ့လို့ ကျန်းမာရေးစစ်ဆေးချက်တွေ လုပ်ပြီး ရွှေလီရဲဌာန တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ မူဆယ်ခရိုင် တာဝန်ရှိသူ တဦးက ပြောပါတယ်။
“လေးယောက်နဲ့ ပတ်သက်ပြီးတော့ ရှာဖွေနေဆဲပဲ။ သူတို့ကလည်း ဒီဘက်ကို ရောက်နေတယ်လို့ သတင်းချပေးတာဗျ။ သူတို့တရုတ်ဘက်က ပေးတဲ့ သတင်းပဲလေနော်။ အဲဒီမှာ မနေ့က ချက်ချင်းလိုက်ရှာတော့ တယောက်တွေ့တယ်။ ကျန်တဲ့ လေးယောက်ကတော့ ဆက်ရှာနေတုန်းပဲပေါ့။ အဲဒါ သူတို့ဝူဟန်ကနေပြီးတော့ ဒီမူဆယ်မြို့ဘက်ကို ထွက်လာတယ်ဆိုပြီးတော့ သူတို့က သံသယရှိလူနာပေါ့။ ဒါပေမဲ့ အခုပြန်တွေ့တဲ့ တယောက်ကတော့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါတယ်။ သူတို့ဘက်ကလည်း စစ်တယ်၊ ဒီဘက်ကလည်း စစ်တယ်။ မနေ့ကပဲ ပြန်လွှဲပေးပြီးသွားပြီနော်။”
ရွှေလီရဲဌာနက ပေးပို့တဲ့ အကြောင်းကြောင်းစာထဲမှာ “မိမိနိုင်ငံတွင် ယခုတလော ဖြစ်ပွားနေသော ဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ ကူးစက်မှုအလွန်မြန်ဆန်သဖြင့် ၎င်းရောဂါအား ကာကွယ်ထိန်းသိမ်းရန် ဆောင်ရွက်နေပါသည်။ ယခုရောဂါဖြစ်ပွားနေသော ဝူဟန်မြို့မှ တရုတ်နိုင်ငံသား ၅ ဦးသည် ရွှေလီသို့ ရောက်ရှိလာပြီး ရွှေလီမြို့မှတဆင့် မူဆယ်မြို့သို့ ရောက်ရှိနေကြောင်း သိရှိရပြီး ၎င်း ၅ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံထားရကြောင်း သံသယရှိသဖြင့် မြန်မာနိုင်ငံသို့ ကူးစက်နိုင်၍ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အကြောင်းကြားပါသည်” ဆိုပြီး ဖော်ပြထားပါတယ်။
ကျန်ရှိနေသေးတဲ့ ဝူဟန်ဒေသခံ ၄ ဦးကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး သူတို့ကို ပြန်ရှာတွေ့ရင် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ အဆင်သင့်ပြင်ဆင်ထားတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွှန့်က အခုလိုပြောပါတယ်။
“ဆရာတို့ ကျန်းမာရေး ဌာနကနေပြီးတော့ သူတို့တည်းခဲ့တဲ့ နေရာတွေပေါ့နော် သွားရောက်ပြီးတော့ စစ်ဆေးမှာပေါ့။ သူတို့နဲ့ ထိတွေ့ခဲ့တဲ့လူတွေ ကျန်းမာရေးသွားစစ်မယ်။ အဲဒါကိုတော့ ဆရာတို့က အကုန်လုံးညွှန်ကြားထားပြီးသားပဲ။”
တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က စတင်ခဲ့တဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ မြန်မာနိုင်ငံမှာ မရှိသေးသလို၊ ပြည်နယ်အသီးသီးမှာရှိတဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွေကလည်း ရောဂါကြိုတင်ကာကွယ်ရေးနဲ့ စောင့်ကြည့်ရေးလုပ်ငန်းတွေကို အရှိန်မြင့် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၂ ဦးနဲ့ စောင့်ကြည့်လူနာ ၆ ဦးရှိသွားပြီလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
“သံသယလူနာ ၂၊ ဆေးရုံတင်စောင့်ကြည့်လူနာက ၄ ဖြစ်သွားပြီ။ ဒါပေမယ့် အခု လက်ပွတ္တာမှာ ဆေးရုံတင်စောင့်ကြည့်လူနာ ၂ ယောက် ထပ်တိုးတယ်ပေါ့နော်။ ထပ်တိုးတဲ့ Sample ကိုတော့ ပေးပို့ဖို့လုပ်နေပါတယ်။”
အခုချိန်မှာတော့ သံသယလူနာ ၂ ဦးနဲ့ စောင့်ကြည့်လူနာ ၄ ဦးတို့ရဲ့ ရောဂါရှိ၊ မရှိ အတည်ပြုပေးမယ့် အဖြေကို စောင့်နေတယ်လို့ ဆိုပါတယ်။
“ရည်ညွှန်းဓာတ်ခွဲခန်းက မင်းပြားလူနာရယ်၊ လှိုင်သာယာကနေ လွှဲပို့လိုက်တဲ့ ဝေဘာဂီဆေးရုံမှာ စောင့်ကြပ်ကုသမှုပေးနေတဲ့ လူနာရယ်။ သူတို့ နှစ်ယောက်ရဲ့ ရောဂါရှိ၊ မရှိအဖြေကို ကျမတို့ စောင့်နေတာပါ။”
သံသယလူနာနဲ့ စောင့်ကြည့်လူနာတွေရဲ့ ရောဂါပိုး ရှိ၊ မရှိ အတည်ပြုပေးနိုင်ဖို့ ရလဒ်ကို ထိုင်းနိုင်ငံမှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းကို ပေးပို့ထားတာပါ။ ကျန်ရှိနေသေးသူတွေရဲ့ ကျန်းမာရေးစစ်ချက် နမူနာတွေကိုလည်း အဲဒီဓာတ်ခွဲခန်းကို ပေးပို့ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ တမျိုးဖြစ်တာကြောင့် ဒီရောဂါကို ကိုယ်တိုင်ကစပြီး ကာကွယ်ဖို့ လိုတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားပါတယ်။ ချောင်းဆိုး၊ နှာချေရင် ပါးစပ်အုပ်ဖို့အပြင် လက်ကိုစနစ်တကျ မကြာခဏဆေးဖို့လိုပြီး ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ဖို့လည်း လိုပါတယ်။ အဲဒါအပြင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာစောင့်ကြည့်ဖို့ကိုလည်း ညွှန်ကြားထားပါတယ်။
Your browser doesn’t support HTML5
[Unicode Version]