ကုလကိုယ်စားလှယ် မြန်မာခရီးစဉ်စတင်

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee မြန်မာနိုင်ငံကိုရောက်ရှိ (MOI)

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ သူမရဲ့ ၆ ကြိမ်မြောက် မြန်မာပြည် ခရီးစဉ်ကို ဒီကနေ့မှာ စတင်လိုက်ပါပြီ။ ၁၂ ရက်တာ ကြာမြင့်မယ့် ဒီခရီးစဉ်အတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အပါအဝင် ရန်ကုန်၊ နေပြည်တော်နဲ့ အထူးစိးပွားရေးဇုန်တို့ကို လည်း သွားရောက်ဖို့ စီစဉ်ထားပေမယ့်လို့ လုံခြုံရေး အခြေအနေကြောင့် တစ်ချို့နေရာတွေ သွားရောက်ခွင့်ကိုတော့ ပိတ်ပင်ထားပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ လေ့လာမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ပြင်ဆင်ဖီု့ ကြိုးစားနေတဲ့သူတွေအပါအဝင် ကမန်တိုင်းရင်းသား အဖွဲ့တွေနဲ့လည်း ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ် UNDP ရုံးမှာ တွေ့ခဲ့ပါတယ်။ Ms.Yanghee Lee ရဲ့ ဒီကနေ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက အခုလို ပြောပါတယ်။

“ကမန်အဖွဲ့နဲ့တွေ့တယ်လေ။နောက်ပြီး ၆၆(ဃ) ပတ်သက်လို့လှုပ်ရှားနေတဲ့ ဟိုနင်းပေ့ါ ဒီအရပ်ဖက်အဖွဲ့အစည်း တွေနဲ့တွေ့တယ်။ ကျန်တဲ့ဟာတွေက ဒီ UN ထဲမှာပဲဖြစ်ဖို့များတယ်။”

ဒီကနေ့ ညနေပိုင်းမှာ Ms.Yanghee Lee နဲ့ တွေ့ဆုံဖို့ရှိတဲ့ ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ UNICEF ဌာနေကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံတွင်း ကလေးသူငယ်အရေးနဲ့ ပတ်သက်လို့ ကျန်ရှိနေသေးတဲ့ ကိစ္စရပ်တွေကို အလေးထား ဆွေးနွေးဖို့ ရှိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“UNICEF အနေနဲ့ မြန်မာနိုင်ငံတွင်း ကလေးသူငယ်အခွင့်အရေးတွေတင်သာမက ကျန်ရှိနေသေးတဲ့ စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ပတ်သက်လို့ ကလေးတွေကို သက်ရောက်နိုင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးသွားဖို့ ရှိပါတယ်။ အထူးသဖြင့်တော့ ပဋိပက္ခာတွေ ဖြစ်ပွားရာ ဒေသတွေမှာ နေထိုင်တဲ့ ကလေးသူငယ်တွေအရေးကို ပြောဆို တင်ပြသွားဖို့ ရှိပါတယ်။”

ဒါ့အပြင် ကုလအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး နဲ့ ပုဒ်မ ၆၆ ဃ ဖျက်သိမ်းပေးဖို့ ဦးဆောင်လုပ်ရှားနေတဲ့ သူတွေထဲက Pen Myanmar အဖွဲ့ရဲ့ ပရိုဂရမ် ဒါရိုက်တာ မဇာခြည်ဦးကတော့ လက်တလော သတင်းသမားတွေ ဖမ်းဆီးခံရတာအပါအဝင် အများပြည်သူ လေ့လာနိုင်ဖို့ ချပြထားတဲ့ ဆက်သွယ်ရေး ဥပဒေမူကြမ်းရဲ့ အားနည်းချက်တွေနဲ့ ပတ်သက်လို့ Ms.Yanghee Lee ကို တင်ပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

“ဟုတ်။ အဓိကရှင့်ကျွန်မတို့ပြောခဲ့တဲ့အချက်က ဟို ၈ ရက်နေ့ကပြည်ထောင်စုလွှတ်တော် Websiteမှာ ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းဆိုပြီးတော့ သူတို့လွှင့်တင်လိုက်ပါတယ်။ နောက်သူတို့သတင်းစာတွေထဲမှာလည်းထည့်သွင်းလိုက်တယ်။အဲ့ပြင်ဆင်လိုက်တဲ့အထဲမှာ သူတို့က ၆၆ (ဃ) ကိုပဲ အဓိကဇောင်းပေးပြီးလုပ်ထားတာတွေ့ရတယ်။ အချက် ၄ ချက်လောက်ကို ဥပဒေကြမ်းဆိုပြီးတင်သွင်း လာတယ်။ အဲ့အချက် ၄ ချက်ကလည်း ကျွန်မတို့တောင်းဆိုတဲ့အချက် ဒီတော်တော်များများ Cover မဖြစ်ဘူး ပေါ့နော်။ နောက်မြန်မြန်ထက်ထက် ဒီဟာကြီးကိုအတည်ပြုပြဌာန်းလိုက်မှာစိုးရိမ်တယ်ပေါ့နော်။ စိုးရိမ်တယ်ဆိုတော့ ကျွန်မတို့ရဲ့အဲ့စိုးရိမ်မှုတွေကို ကျွန်မတို့ကပြောပြခဲ့တာပါ။”

လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ ဒီခရီးစဉ်အတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်တို့အပါအဝင် ရန်ကုန်နဲ့ နေပြည်တော်နဲ့ အထူးစိးပွားရေးဇုန်ဆိုတဲ့ နေရာတို့ကို သွားရောက်လေ့လာဖို့ စီစဉ်ထားတဲ့အကြောင့် အကြမ်းဖျင်း ပြောဆိုထားပါတယ်။ အရင်တစ်ခေါက်တွေမှာတော့ ဘယ်နေရာတွေ သွားရောက်မယ်ဆိုတာကို ခရီးစဉ်မစခင်ကတည်းက အကျယ်တဝင့် သတင်းထုတ်ပြန်ထားတတ်ပါတယ်။

တစ်ဆက်တည်းမှာပဲ လုံခြုံရေး အခြေအနေတစ်ချို့ကြောင့် Ms.Yanghee Lee ရဲ့ ခရီးစဉ်တစ်ချို့ကို သွားရောက်ခွင့် ပြုမှာ မဟုတ်ဘူးလို့ အစိုးရက ဆိုထားပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်ထိတော့ ဘယ်လိုနေရာတွေကို သွားခွင့်ပြုမယ် မပြုဘူးဆိုတာကို တိတိကျကျ ပြောဆိုထားခြင်း မရှိသလို ကုလအထူးကိုယ်စားလှယ်ကို အသိပေး ပြောကြားပြီးမှသာ မီဒီယာကို ထုတ်ဖော်ပြောကြားသွားမယ်လို့ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် Ms.Yanghee Lee ရဲ့ ဒီခရီးစဉ်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ချမှတ်ထားတဲ့ အချက်အလက် ရှာဖွေဖော်ထုတ်ရေး မစ်ရှင်နဲ့ ပတ်သက်ခြင်း မရှိစေဖို့ အစိုးရက အသိပေး အကြောင်းကြားထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Yanghee Lee ရဲ့ ဒီခရီးစဉ်ဟာ ဇူလိုင် ၁၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၁၂ ရက်တာ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်လို့ တွေ့ရှိချက်တွေကို လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြသွားဖို့ ရှိပါတယ်။

Your browser doesn’t support HTML5

ကုလ ကိုယ်စားလှယ် မြန်မာခရီးစဉ်စတင်