ပညာရေးပြပွဲ ရန်ကုန် အမေရိကန်စင်တာမှာ ကျင်းပ

ပညာရေးပြပွဲ ရန်ကုန် အမေရိကန်စင်တာမှာ ကျင်းပ

အမေရိကန်ပြည်ထောင်စုမှာ အဆင့်မြင့်ပညာ သင်ကြားလိုတဲ့ မြန်မာလူငယ် ကျောင်းသူကျောင်းသားတွေအတွက် ပညာရေးဆိုင်ရာ အခွင့်အလမ်းကောင်းတွေ ရစေဖို့ ပညာရေးပြပွဲကို နှစ်စဉ်စီစဉ် ကျင်းပပေးတဲ့အကြောင်း အမေရိကန် သံအမတ်ကြီး Scot Marciel ကပြောပါတယ်။ တက္ကသိုလ်ပေါင်း ၃၀ ကျော်ပါဝင်တဲ့ ၂၀၁၉ အမေရိကန်ပညာရေးပြပွဲကို ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ဒီနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့တာပါ။ ဒီအကြောင်း ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

၂၀၁၉ အမေရိကန်ပညာရေးပြပွဲကို ရန်ကုန် အမေရိကန်စင်တာမှာ ဖေဖော်ဝါရီ ၂၁ရက်က ကျင်းပခဲ့တာပါ။ ဒါဟာနှစ်တိုင်း ပုံမှန်လုပ်တဲ့ ပွဲတခုဖြစ်သလို ဒီလိုလုပ်ရတာကလည်း ကောင်းမွန်တဲ့ အမေရိကန်ပညာရေးစနစ် နဲ့ လူငယ်တွေကို ထိတွေ့စေချင်လို့ဖြစ်ကြောင်း အမေရိကန် အသံအမတ် Scot Marciel ကပြောပါတယ်။

“ကျနော်တို့ အခုလို ပညာရေးပွဲလုပ်ရတာက အမေရိကန်မှာ ကျောင်းတက်ချင်တဲ့ ကျောင်းသားတွေ အမေရိကန်တက္ကသိုလ်တွေက ကျောင်းကိုယ်စားလှယ် တွေနဲ့တိုက်ရိုက်တွေ့ဆုံပြီး ကျောင်းရဲ့ သေးစိတ်အချက်အလက်ကို မေးမြန်းလို့ရအောင်ပါ။ အဲဒါကြောင့် ကျောင်းသားတွေ ပိုပိုပြီး အမေရိကန်မှာ ပညာသင် နိုင်ဖို့၊ ကောင်းတဲ့ပညာရေးစနစ်ကနေ အခွင့်အလမ်းတွေရနိုင်ဖို့ ကျနော်တို့သူတို့ကို တွန်းအားပေးနိုင်အောင် ကြိုးစားနေတာပါ။”

ပါဝင်ပြသတဲ့ တက္ကသိုလ် ၃၄ ခုထဲမှာ ဒေသကောလိပ်ကျောင်းတွေ နဲ့ အစိုးရ တက္ကသိုလ်တွေ အများဆုံး ပါဝင်ပါတယ်။ ထူးချွန်တဲ့ကျောင်းသားတွေကို ပညာသင်ဆုပေးပြီး ကျောင်းအပ်ခကိုလည်း လျှော့ချပေးတာက ဒီပွဲရဲ့ထူးခြားချက်ဖြစ်နေတာလို့ Yangon Academy ကျောင်းသား ကိုခန့်ဝေယံက ပြောပါတယ်။

“၁၀တန်း၊ ၁၁တန်းတွေ အကုန်လုံးခေါ်လာပြီးတော့ ဒီနေ့ ကျောင်းတွေလာကြည့်တာပေါ့။ ဆရာတွေနဲ့ဘာနဲ့ လာကြည့်တော့ ဟိုမှာ တက္ကသိုလ်တက်ဖို့ ရည်ရွယ်ချက်တော့ ကျောင်းလျှောက်ဖို့လာတာ၊ ကျောင်းတွေလာကြည့်တာပေါ့။ ဒီနေ့ပွဲမှာ တချို့ကျောင်းတွေက မထင်ရဘဲ scholarship ပေါ့ အမှတ်ကောင်းရင် ပိုက်ဆံလျှော့ပေးတာပေါ့။ ဈေးနည်းနည်းသက်သာတဲ့ ထင်သလောက်ထက် ပိုသက်သာတာပေါ့ တချို့ကျောင်းတွေက၊ အဲဒါလေးကကောင်းပါတယ်။”

ကျောင်းသားဗီဇာ ဘယ်လို လျှောက်ထား ရယူနိုင်တယ် ဆိုတာနဲ့ပတ်သတ်ပြီး မေးမြန်းသိနိုင်ဖို့ အတွက်ကိုလည်း အမေရိကန်ပညာရေး အတိုင်ပင်ခံဌာန အရာရှိတစ်ဦးက ဒီနေ့ပွဲမှာ လာရောက် ရှင်းပြပေးပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်တုန်းကလည်း ဒီပညာရေးပြပွဲကို မန္တလေး ဂျဖာဆန်စင်တာမှာ အမေရိကန်သံရုံးက ဦးစီးပြီး ကျင်းပခဲ့ပါသေးတယ်။

Your browser doesn’t support HTML5

ပညာရေးပြပွဲ ရန်ကုန် အမေရိကန်စင်တာမှာ ကျင်းပ