ရိုဟင်ဂျာအရေးအဆင့်မြင့်အစည်းအဝေး ဘင်္ဂလားဒေ့ရှ်ခေါ်ယူမည်

၇၉ ကြိမ်မြောက် ကုလအထွေထွေညီလာခံဘေးပန်းမှာ ရိုဟင်ဂျာအရေး အဆင့်မြင့်အစည်းအဝေးခေါ်မယ့် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ Muhammd Yunus (ယူနုစ်)

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ Muhammd Yunus (ယူနုစ်) ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းက ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အဆင့်မြင့် အစည်းအဝေးတရပ်ကို ကျင်းပမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး တာဝန်ခံMd Touhid Hossai က အင်္ဂါနေ့က ပြောပါတယ်။

ကြားဖြတ်အစိုးရ အကြီးအကဲ Muhammd Yunus ဟာ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ နယူးယောက်မြို့မှာ ရောက်ရှိနေတာပါ။ ၂၇ ရက်နေ့မှာ မစ္စတာ ယူနုစ်က အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောမယ်လို့မစ္စတာ Hossain က ANI သတင်းဌာနကို ပြောပါတယ်။ ဘေးပန်းအနေနဲ့ မစ္စတာ ယူနုစ်က ရိုဟင်ဂျာကိစ္စ အစည်းအဝေးတရပ်ကို ကျင်းပမှာဖြစ်ကြောင်း၊ ဒီ အစည်းအဝေးဟာ အဆင့်မြင့် အစည်းအဝေးဖြစ်ပြီး လူများနိုင်သမျှ များများနဲ့ချိတ်ဆက်နိုင်ဖို့ မစ္စတာ ယူနုစ်က ကြိုးစားနေကြောင်း မစ္စတာ Hossain က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူသရက်စ်ကမစ္စတာ ယူနုစ် နိုင်ငံအကြီးအကဲဖြစ်တော့ သဝဏ်လွှာပေးပို့ရာမှာ တောင်းဆိုခဲ့ဖူးပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းကလူနည်းစုတွေအတွက် ဖြစ်နိုင်တာအားလုံး ကြားဖြတ်အစိုးရက ဆောင်ရွက် နေပါတယ်လို့လည်း နိုင်ငံခြားရေး တာဝန်ခံမစ္စတာ Hossain က ဆိုပါတယ်။