{{Zawgyi/Unicode}}
ထိုင်းမြန်မာနယ်စပ်က ကော့သောင်း-ရနောင်းရေလမ်းကနေ တရားဝင်နိုင်ငံကူးစာအုပ်တွေ၊ မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထား CI စာအုပ်များနဲ့ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်တာ၊ မြန်မာနိုင်ငံနေ ထိုင်းကိုဝင်ရောက်တာတွေကို မတ်လ ၇ ရက်နေ့ကစပြီး စတင်ဖြတ်သန်းခွင့်ပြုလိုက်ပါပြီ။ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနတွေက မတ်လ ၇ ရက်နေ့ကစပြီး ထိုင်းမြန်မာနယ်စပ် ရနောင်း-ကော့သောင်းလမ်းကနေ တရားဝင်အထောက်အထား၊ နိုင်ငံကူးစာအုပ်တွေနဲ့ ဝင်ရောက်လာသူတွေပဲဖြစ်စေ၊ ထွက်ခွါသူတွေပဲဖြစ်စေ ရနောင်း-ကော့သောင်းနယ်စပ်လမ်းကို ဖွင့်လိုက်ပြီဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက် (MWRN) ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ကအခုလိုပြောပါတယ်။
“အဓိက-ကတော့ ထိုင်းနဲ့မြန်မာက မြဝတီ-မဲဆောက်ကို အရင်ကြိုးစားပြီးဖွင့်တယ်။ အဲဒါကတော့ ကုန်သည်လမ်းကြောင်းတွေ၊ စီးပွားရေးလမ်းကြောင်းလုပ်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ပါ။ ဖွင့်ပြီးမှ တာချီလိတ်-မဲဆိုင်ကိုဖွင့်တယ်။ အခုကျမှ ရနောင်း-ကော့သောင်းလမ်းကိုဖွင့်တာပါ။”
အရင်တုန်းက ကိုဗစ်ကပ်ဘေးစည်းကမ်းကြောင့် နေရပ်ပြန်လို့မရ၊ ပြည်တွင်းကိုဝင်ရောက်သွားသူတွေကလည်း ပြန်ထွက်လို့မရဆိုတဲ့အခြေအနေတွေ မရှိတော့ကြောင်း အခုလိုပြောပါတယ်။
“အရင်တုန်းကတော့ ကိုဗစ် ၁၉ စည်းမျဉ်းအရ တရားဝင်ဗီဇာတွေ၊ အလုပ်လုပ်ခွင့် လက်မှတ်တွေရှိပေမဲ့ ကိုဗစ်စည်းကမ်းအရ တရားဝင်မြန်မာပြည်လို့မရဘူး။ ပြန်ဝင်လာလို့လည်းမရဘူး။ အခုကတော့ တရားဝင်ဖွင့်လိုက်ပြီဖြစ်တဲ့အတွက် နယ်စပ် လဝက တောမောဗီဇာရှိပြီးသားတွေနဲ့ တရားဝင် မြန်မာပြည်ပြန်လို့ရတယ်။ ပြန်ပြီးတော့လည်း ဝင်လာလို့ရတယ်ဆိုတဲ့ အနေအထားပါ။”
ကိုဗစ် ၁၉ ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက ပိတ်ထားခဲ့တဲ့ ရနောင်း-ကော့သောင်းနယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ဇွန်လက နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်တွေနဲ့ သွားလာခွင့်ပြုခဲ့ပေမယ့် နယ်စပ်ကနေ နေအိမ်ပြန်တာမျိုး၊ အဲဒီနယ်စပ် ကို တရားဝင်အထောက်အထားစာရွက်စာတမ်းတွေ၊ နိုင်ငံကူးလက်မှတ်တွေနဲ့ ဖြတ်သန်းသွားလာတာကိုတော့ ခွင့်မပြုထားပါဘူး။အခုအခါမှာတော့ တရားဝင် စာအုပ်စာတမ်းတွေရှိသူတွေဟာ နယ်စပ်ကိုဖြတ်သန်းသွားလာနိုင်ပြီဖြစ်ပါတယ်ရှင်။
Your browser doesn’t support HTML5
===============
{{Unicode}}