{{Zawgyi/Unicode}}
မြန်မာနိုင်ငံ တနင်္သာရီတိုင်းဘက်မှာ စစ်ရေးတင်းမာနေတဲ့အတွက် ထိုင်းမြန်မာနယ်စပ် ရနောင်းပြည်နယ် ကရပ်ဘူရီနယ်စပ်ထိုင်းဘက်ကို စစ်ဘေးရှောင်တွေ ခိုလှုံလာနေကြတာကြောင့် ထိုင်းအမှတ် ၂၅ တပ်ရင်းမှူး ဗိုလ်မှူးကြီး Kumipat Boonruangkhao (ကူမိဖတ် ဘွမ်ရမ်ခေါင်) နဲ့အဖွဲ့ဝင်တွေဟာ မတ်လ ၁၂ ရက်နေ့က လာရောက်စစ်ဆေးခဲ့ပြီး လုံခြုံရေးတွေ ပိုပြီး တိုးချဲ့ချထားလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာကြောင့် တိုက်ပွဲဖြစ်တိုင်းမှာ စစ်ဘေးရှောင်တွေဟာ ထိုင်း-မြန်မာနယ်စပ် ရနောင်းပြည်နယ်ဘက်ကို ဝင်ရောက်တိမ်းရှောင်လာနေကြပါတယ်။ ဒါကြောင့် မြန်မာစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ကေအဲန်ယူပူးပေါင်းတပ်ဖွဲ့တွေ ဆက်တိုက်တိုက်ပွဲဖြစ်နေတဲ့ ထိုင်း-မြန်မာနယ်စပ် ကရပ်ဘူရီနယ်ခြားတလျှောက်မှာ ထိုင်းစစ်တပ်က တပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားပြီး ၂၄ နာရီ မပြတ် အထူးစောင့်ကြပ် ကင်းလှည့်နေကြပါတယ်။
အဲဒီဒေသမှာ လုံခြုံရေးအရ အကာအရံတွေအပြင် လုံခြုံရေးတပ်သားတွေ တိုးချဲ့ ချထားသလို စစ်ဆေးမှုတွေကလည်း ပိုပြီး တင်းကြပ်လာတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။
“ကျန်ခဲ့တဲ့အပတ်က တနင်္သာရီတိုင်းမှာတိုက်ပွဲတွေဖြစ်တော့ ရာနဲ့ချီရှိတဲ့စစ်ဘေးရှောင်တွေ ရနောင်းမှာလာရှောင်နေကြတယ်။ အဲဒါကတော့ ဆယ်စုနှစ်နဲ့ချီပြီး ပထမဦးဆုံးအကြိမ်ဖြစ်မယ်။ စစ်ရေးတင်းမာမှုတွေဖြစ်တော့ ထိုင်းဘက်ခြမ်းက အဓိက ဝင်ထွက်သွားလာနေတဲ့နေရာတွေကို သူတို့ ကာရံတာပေါ့။ ပြီးတော့ လုံခြုံရေးအစောင့်အကြပ်တွေထားပါတယ်။”
မတ်လ ၁၂ ရက်နေ့ကတော့ ထိုင်းအမှတ် ၂၅ တပ်ရင်းမှူး ဗိုလ်မှူးကြီး Kumipat Boonruangkhao (ကူမိဖတ် ဘွမ်ရမ်ခေါင်) နဲ့အဖွဲ့ဝင်တွေဟာ နယ်စပ်ကိုလာရောက်စစ်ဆေးခဲ့ပြီး လုံခြံရေးတိုးမြှင့်ချထားဖို့နဲ့ ထွက်ပြေးလာတဲ့စစ်ဘေးရှောင်တွေကို လူသားချင်းစာနာတဲ့အကူညီပေးဖို့ကိစ္စတွေကို ဆွေးနွေးသွားခဲ့တယ်လို့ ဆိုပါတယ်။ လတ်တလောမှာမြန်မာဘက်က တိုက်ပွဲတွေ ရပ်ဆိုင်းသွားပေမဲ့ စိတ်ချရတဲ့အခြေအနေကိုမရောက်သေးဘူးလို့ ဗိုလ်မှူးကြီး ကူမိဖတ်က ပြောခဲ့ပါတယ်။
“သူက အဲဒီနယ်မြေရဲ စစ်ဘက်ဆိုင်ရာတာဝန်ခံဆိုတော့ လာစစ်ဆေးတာပေါ့နော်။စစ်ဘေးရှောင်တွေကိုတော့ ဘာမှ မလုပ်ဘူး။ နေရေးထိုင်ရေးစီစဉ်ပေးတယ်။ ပြီးရင်တော့ပြန်သွားပေါ့နော်။ ကျန်ခဲ့တဲ့အပတ်က စစ်ဘေးရှောင်တွေကိုတော့ နေစရာစားစရာ စီစဉ်ပေးပြီး နေရပ်ပြန်ခိုင်းတယ်။ အဲဒါမျိုးပဲလုပ်တယ်။”
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ်မှာတော့ မကြာခနဆိုသလို တိုက်ပွဲဖြစ်တိုင်း ထိုင်းဘက်ကို စစ်ဘေးရှောင်တွေဝင်လာတာရှိပေမယ့် တနင်္သာရီတိုင်းကနေ ရနောင်းကိုဘက်ကို စစ်ဘေးရှောင်တွေဝင်လာတာကတော့ ဆယ်စုနှစ် ၂ ခုလောက်အတွင်းမှာ ဒါဟာပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံ တနင်္သာရီတိုင်းဘက်မှာ စစ်ရေးမတည်ငြိမ်နေဆဲ အခြေအနေကြောင့် ထိုင်းနိုင်ငံဘက်က နယ်စပ်ဒေသကို ပိုပြီးသတိထားစောင့်ကြည့်နေသလို နယ်စပ်လုံခြုံရေးကိုလည်း တိုးမြှင့်ချထားတာဖြစ်ပါတယ်ရှင်။
Your browser doesn’t support HTML5
==================
{{Unicode}}