(၃) ရက်အတွင်း အထောက်အထားမဲ့ မြန်မာ ၁၀၀ ကျော် ထိုင်းရဲဖမ်းဆီး 

ထိုင်းနဲ့မလေးရှားမှာအလုပ်လုပ်ဖို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာကြတဲ့ အထောက်အထားမဲ့မြန်မာတွေ ဖမ်းဆီးခံရစဉ်။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့/ဖေဖေါ်ဝါရီ ၄၊ ၂၀၂၃)

[[Zawgyi/Unicode]]

ထိုင်းမြန်မာနယ်စပ်နဲ့မလေးရှားနယ်စပ်ပြည်နယ်တွေဖြစ်တဲ့ ကမ်ချဘူရီပြည်နယ်၊ ဆုံခလာပြည်နယ်၊ ရနောင်းပြည်နယ်နဲ့ ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယပြည်နယ်တွေမှာ တရားမဝင် မြန်မာ ၁၀၀ ကျော်ကို ၃ ရက်အတွင်းဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်း-မလေးနယ်စပ်နဲ့ ထိုင်း-မြန်မာနယ်စပ်ပြည်နယ်တွေမှာ အထောက်အထားမဲ့မြန်မာတွေကို အစုလိုက်အပြုံလိုက် ဒီရက်ထဲမှာ ဖမ်းမိနေတာပါ။ သူတို့တွေဟာ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာအလုပ်လုပ်ဖို့ လာကြသူတွေဖြစ်ပြီး သူတို့တွေကို လူမှောင်ခိုပွဲစားတွေက အခကြေးငွေယူပြီး ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။ ပြည်နယ် ၄ ခုမှာဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေနဲ့ပတ်သက်လို့မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကာ်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ပြည်နယ်လေးခုကနေပြီးတော့ လူကုန်ကူးတဲ့ပွဲစားတွေနဲ့ တရားမဝင် ဝင်ရောက်လာသူတွေ အခုရက်ပိုင်း ဖေဖေါ်ဝါရီလ ၁ ရက်၊ ၃ ရက်၊ ၄ ရက်- ၃ ရက်အတွင်းမှာ စုစုပေါင်း တရားမဝင်မြန်မာ ၁၀၃ ဦးနဲ့ လူမှောင်ခိုပွဲစား ၄ ဦးကို သက်ဆိုင်ရာကဖမ်းမိတယ်။”

အများစုကတော့ မလေးရှားထိသွားဖို့ရည်ရွယ်ကြသူတွေလည်းပါတယ်လို့ ဆိုပါတယ်။

“ဖေဖေါ်ဝါရီလ ၄ ရက်မှာ ၂ ဖွဲ့ဖမ်းမိတယ်။ တခုကတော့ အယုဒ္ဓယပြည်နယ် အာရှအဝေးပြေးလမ်းမကြီးမှာ ယာဉ်ထိမ်းတပ်ဖွဲ့က မသင်္ကာဖွယ်ရာကားအဖြူတစီးကို တားဆီးစစ်ဆေးရာမှာ အဲဒီကားကမောင်းပြေးတော့ တရားမဝင် မြန်မာ ၁၉ ဦးမိတယ်။ နောက်တဖွဲ့က မြန်မာ ၄၉ ဦးကတော့ မလေးရှားကိုသွားဖို့ ရည်ရွယ်တယ်၊ မိတယ်။ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၁၄ ဦးကို ပရာကျွတ် ခီရီကန်ပြည်နယ်မှာ မိတယ်။ သူတို့ကတောာ့ မလေးရှားထိသွားဖို့ အစီစဉ်ရှိတယ်။ ဖေဖေါ်ဝါရီလ ၃ ရက်ကတော့ ထိုင်းတောင်ပိုင်း ဆုန်ခလာပြည်နယ် အဝေးပြေးလမ်းမမှာ မြန်မာ ၃၀ နဲ့လူပွဲစား ၃ ဦးမိတယ်။ ထိုင်းတောင်ပိုင်း ရနောင်းပြည်နယ်ထဲမှာ တရားမဝင် မြန်မာ ၁၅ ယောက်နဲ့ လူပွဲစား ၁ ဦးကိုထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းမိပါတယ်။”

မြန်မာပြည်က နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးမတည်ငြိမ်မှုတွေကြောင့် အလုပ်အကိုင်ရှာဖွေဖို့လာကြသူတွေဟာ ငွေကုန်ကြေးကျခံပြီး ထိုင်းနိုင်ငံကိုလာကြပေမဲ့ ခုလိုအဖမ်းဆီးတွေကြောင့် နစ်နာကြရတယ်လို့လည်း အေအေစီအလုပ်သမားကူညီရေးအဖွဲ့ခေါင်းဆောင် ကိုရဲမင်းကလည်း ပြောပါတယ်။

“လက်ရှိမြန်မာပြည်က အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီးဆုတ်ယုတ်လာတယ်။ လူငယ်လူရွယ်တွေက အနီးစပ်ဆုံး ထိုင်းနိုင်ငံကို ကြုံရာကျဘမ်းလုပ်ဖို့ အပေါ်လမ်းကော အောက်လမ်းကော နီးစပ်ရာလမ်းတွေက တိုးဝင်လာနေကြတယ်။ အဲဒီတော့ ထိုင်းနိုင်ငံကလည်း သူရဲ့လဝကဥပဒေအတိုင်း အရေးယူဆောင်ရွက်တဲ့အခါကျတော့ အလုပ်ရှာဖို့ ငွေကုန်ကြေးကျခံပြီးလာကြသူတွေပဲ နစ်နာကြတာပေါ့။”

ထိုင်း-မြန်မာနယ်စပ်နဲ့ ထိုင်း-မလေးနယ်စပ်တွေမှာ နေ့စဉ် လူမှောင်ခိုသမားတွေခေါ်လာတဲ့မြန်မာတွေ အစုလိုက်အပြုံလိုက်ဖမ်းမိနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ထဲမှာလည်း မြန်မာတွေ သောင်းနဲ့ချီပြီး ဖမ်းဆီးခံခဲ့ရပါတယ်ရှင်။

Your browser doesn’t support HTML5

(၃) ရက်အတွင်း အထောက်အထားမဲ့ မြန်မာ ၁၀၀ ကျော် ထိုင်းရဲဖမ်းဆီး.mp3

=====================

[[Unicode]]








