သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအနှံ့ မကြာခဏ လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့ကြုံ 


ရန်ကုန်မြို့တဖက်ကမ်း ဒလမြို့တွင် ဖယောင်းတိုင်မီးနှင့် ညစာစားနေကြသည့် မိသားတစု။ စက်တင်ဘာ ၂၄၊ ၂၀၁၃။
ရန်ကုန်မြို့တဖက်ကမ်း ဒလမြို့တွင် ဖယောင်းတိုင်မီးနှင့် ညစာစားနေကြသည့် မိသားတစု။ စက်တင်ဘာ ၂၄၊ ၂၀၁၃။

[[Zawgyi/Unicode]]

ရန်ကုန်မြို့အပါအဝင် နိုင်ငံတဝှမ်းကမြို့တွေမှာ လျှပ်စစ်မီးပြတ်တာတွေကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ နေ့စဉ်လူမှုဘဝတွေမှာ အခက်အခဲတွေရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ လျှပ်စစ်မီးကို ခွဲတမ်းနဲ့ အလှည့်ကျပေးနေပေမယ့်လည်း မီးလာရမယ့်အချိန်မှာ ပုံမှန်မလာတာတွေရှိသလို မီတာခတွေကလည်း အရင်ကထက် သိသိသာသာလျော့မသွားဘူးလို့ ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ရန်ကုန်ကမြို့နယ်တွေမှာတော့ လျှပ်စစ်မီးကို အချိန်နဲ့အလှည့်ကျပေးနေပြီး နေ့စဉ်တနေ့ကို ၄ နာရီ ဒါမှမဟုတ် ၅ နာရီလောက် ခွဲတမ်းနဲ့ ပုံမှန်ပြတ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ နေ့စဉ် မီးပြတ်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာ နေထိုင်သူတဦးက ဗီအိုအေကို ပြောပါတယ်။

“ကျနော်တို့ စမ်းချောင်းဘက်မှာတော့ ၄ နာရီပျက်တယ်၊ ပထမရက်ဆို မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီအထိ ပျက်တာပါ။ ဒုတိယရက်မှာ နေ့လယ် ၁ နာရီကနေ ၅ နာရီအထိ ပျက်တယ်။ တော်တော်များများ ကျနော်တို့ သိသမျှ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နဲ့မြောက်ဥက္ကလာ ဘက်တွေမှာလည်း အဲဒီအတိုင်းပဲ ပျက်တယ်။”

ဒါ့အပြင် ရန်ကုန်မြို့ထဲ ၆ မြို့နယ်ဖြစ်တဲ့ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ် တထောင်၊ ပုဇွန်တောင်စတဲ့ ၆ မြို့နယ်မှာလည်း တခြားမြို့နယ်တွေမှာလိုပဲ အလှည့်ကျ မီးဖြတ်တာကြောင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေအတွက် မီးစက်တွေကို အသုံးပြုနေရတယ်လို့ မြို့ထဲက စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ကျနော်တို့ ဒီဘက်မြို့ထဲ ၆ မြို့နယ်ကတော့ မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီအထိ ပျက်တယ်။ နောက်တနေ့ကျရင်တော့ နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီအထိ ပျက်တယ်။ တနေ့ကို ၄ နာရီပျက်တယ်။ လုပ်ငန်းကတော့ မီးပျက်တော့ ကျနော်တို့က မီးစက်နဲ့ပဲ အသုံးပြုလို့အဆင်ပြေတယ်ခင်ဗျ။ သူတို့ မီးကိုစောင့်နေရင် အဆင်မပြေဘူး။ ဝန်ဆောင်မှုမှာတော့ Charges က နည်းနည်း တိုးသွားတာပေါ့။ ဓါတ်ဆီဈေးနှုန်းနဲ့ ဘာနဲ့ဆိုတော့ အဲဒီလိုဖြစ်သွားတာပေါ့။ ဆီဈေးကတော့ 92 ဆို အခု ၂ ထောင်ပြန်ကျော်သွားပြီ။”

အခုလို နေ့ဘက်ပိုင်းတွေမှာ မီးပြတ်တာကြောင့် မီးစက်တွေနှိုးပြီး အလုပ်လုပ်တာတွေရှိပေမယ့်လည်း တချို့တွေကတော့ ပတ်ဝန်းကျင်အနေအထားနဲ့လောင်စာဆီဈေးကြီးမြင့်မှုတွေကြောင့် မီးစက်နဲ့ အမြဲတမ်းအလုပ်လုပ်ဖို့ အဆင်မပြေတဲ့အတွက် လုပ်ငန်းတွေမှာ အခက်အခဲတွေရှိလာတယ်လို့ စမ်းချောင်းမြို့နယ်မှာနေထိုင်တဲ့ ရန်ကုန်မြို့ခံက ပြောပါတယ်။

“အလျဉ်းသင့်သလိုလုပ်ရတာပေါ့ဗျာ။ ဘယ်လိုပြောရမလဲ ရပ်ကွက်ထဲမှာလုပ်ရတဲ့လုပ်ငန်းဆိုရင်လည်း ကျနော်တို့ကမီးစက်ကို အမြဲတမ်းနှိုးလို့လည်း မဖြစ်ဘူးလေ။ ဆီဈေးတွေကလည်းသိတဲ့အတိုင်းပဲ ခေါင်ခိုက်နေပြီ။ အဲဒီတော့ ကျနော်တို့က မီးစက်ကြီးကိုတချိန်လုံးဖွင့်ပြီး အလုပ်လုပ်လို့မရတဲ့အခါကျတော့ မီးလာတဲ့အချိန်လေးလုပ်လိုက်၊ မီးပျက်သွားတဲ့အချိန်လေး ခဏနားလိုက်၊ အဲဒီလို လုပ်နေရတယ်။ အဲဒီတော့ အကြီးအကျယ် ရိုက်ခတ်မှုရှိတာပေါ့။ အဓိကက ဘာလဲဆိုတော့ ကိုယ်တွေက ကွန်ပျူတာပဲသုံးတဲ့သူတွေကျတော့ မီးပျက်တာတော်တော်ထိတယ်။ မီးပျက်တဲ့ ၄ နာရီက အိမ်ထဲမှာ ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး။ လမ်းလျှောက်နေရမလား၊ အပြင်ထွက်ရမလား၊ ဘီယာဆိုင်သွားထိုင်ရမှာလား ဘာလုပ်ရမှာလဲ အဲဒီလိုဖြစ်ကုန်တယ်။ နောက်ပြီးတော့ လုပ်ငန်းရှင်တွေ အနေအထားကို ကြည့်ရင်လည်း သူတို့ ဒီမီးစက်ကြီးတွေကို နှိုးတယ်ဆိုတာ ရပ်ကွက်ထဲတော့ အဆင်မပြေဘူး။ ဟိုဘက်စက်မှုဇုန်တွေကတော့ အဆင်ပြေလား၊ မပြေလားတော့ မသိဘူး။

ဒါ့အပြင် ရန်ကုန်မြို့က နောက်ထပ်စီးပွားရေးလုပ်ငန်းတဦးကတော့ အလုပ်သမားတွေကို မီးလာတဲ့အချိန်တွေပဲ အချိန်ခွဲပြီး တပိုင်းစီ ဆင်းခိုင်းရတာတွေရှိတယ်လို့ ပြောပါတယ်။ ရန်ကုန်မှာ အခုလောလောဆယ် တနေ့ကို ၄ နာရီကနေ ၅ နာရီလောက် မီးပျက်ပေမဲ့ တခြားပြည်နယ်နဲ့တိုင်းတွေက နယ်မြို့တွေမှာတော့ မီးလာတဲ့အချိန်ထက် ပြတ်တဲ့အချိန်က ပိုများတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်း ဖြူးမြို့နယ်မှာလျှပ်စစ်မီးရရှိတဲ့အနေအထားနဲ့ ပတ်သက်ပြီး မြို့ခံတဦးက ဗီအိုအေကို အခုလို ပြောပါတယ်။

“လျှပ်စစ်မီးအခြေအနေကတော့ အချိန်ဇယားထွက်တယ်။ အချိန်ဇယားအတိုင်း မလာဘူး။ ပေးချင်သလိုပေးတယ်။ ၄ နာရီဇယားနဲ့ လာမယ်ဆိုလည်း ပြန်ပျက်ရင်လည်း ပျက်သွားတယ်။ လျှပ်စစ်မီးက အားကိုးလို့မရတဲ့အခြေအနေဖြစ်နေတယ်။”

အခုလို လျှပ်စစ်မီးပုံမှန်မရတာကြောင့် ဒေသခံတွေရဲ့နေ့စဉ်လူမှုဘဝတွေမှာရော ဘယ်လိုအကျိုးဆက်တွေ ဘယ်လိုအခက်အခဲတွေ ရှိနေပါသလဲ။

“အခက်အခဲတွေကတော့ အများကြီး။ ချက်ရေးပြုတ်ရေးကအစ။ တချို့ဆို ထမင်းပေါင်းအိုးတန်းလန်းကြီးနဲ့ မီးပျက်သွားတာတို့၊ အဲဒီလိုမျိုးဆိုတော့ ထမင်းအိုးက လုံးလုံးသွန်ပစ်ရတာပေါ့။ နောက်တော့ အဲဒီလောက်တောင် အားမကိုးရတော့ မီးသွေးဝယ်မယ်ဆိုတော့ မီးသွေးကလည်း အရင်တုန်းက မီးသွေးတအိတ်ကို ၆ ထောင်လောက်ဆို အခုက ၁ သောင်း ၂ ထောင်၊ ၁ သောင်း ၃ ထောင်။ မဖြစ်တော့လည်း ကြံဖန်ပြီးတော့ ဝယ်သုံးရတာပေါ့နော်။ လျှပ်စစ်မီးနဲ့ စာသင်သမားတွေဆိုတော့ ဆိုလာတွေဆောင်ရတယ်။ ဘထ္တရီတွေပါတဲ့ မီးလုံးတွေ တအားဝယ်ရတယ်။ အဲဒီလိုလုပ်ပြီးနေရတယ်။ ဘာလို့လဲ ဆိုတော့ မီးကို အားကိုးလို့မရတော့ဘူး။ လာခါမှလာရောပဲ။ သူလာရင်တော့ ဘာလုပ်ရလဲဆိုတော့ ရေတင်တာတို့၊ တခြားလုပ်စရာရှိတာလုပ်ပေါ့။ ဥပမာ အဝတ်လျှော်စက်ဆိုရင် မသုံးရဲတော့ဘူး၊ အဝတ်လျှော်စက်သုံးနေရင်းတန်းလန်းနဲ့ မီးကပျက်သွားတဲ့အခါဆိုရင် ဘာမှမထူးဘူး။ ပြန်လျှော်ရတော့ နောက်တော့ အဝတ်လျှော်စက်လည်း မသုံးရတော့ဘူး။ ဒါပေမဲ့ မီတာခကတော့ အများကြီးမလျော့ဘူး။ အရင်က ၈ သောင်းလောက် ဆောင်ရရင် အခု ၆ သောင်းလောက် ဆောင်ရသေးတယ်။

ဒါ့အပြင် ပြည်မြို့မှာတော့ တနေ့ကို ၄ နာရီ နဲ့ ၂ ကြိမ် အနည်းဆုံးပျက်တယ်လို့ မြို့ခံသံဃာတော်တပါးက အွန်လိုင်းကနေတဆင့် မိန့်ကြားခဲ့သလို ကရင်ပြည်နယ် လှိုင်းဘွဲ့ဘက်မှာတော့ အခုလောလောဆယ် ၃ နာရီခြားစီ မီးပျက်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ နိုင်ငံတဝန်းက အခုလို မြို့ အတော်များများမှာ လျှပ်စစ်မီးပုံမှန်မလာပေမယ့်လည်း နေပြည်တော်မှာတော့ လျှပ်စစ်မီးက ၂၄ နာရီပတ်လုံး ပုံမှန်လာတယ်လို့ သိရပါတယ်ခင်ဗျာ။

===============

[[Unicode]]














XS
SM
MD
LG