သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြား ကရင်နီဒေသစစ်ပြေးဒုက္ခသည်များ


ကယားပြည်နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်တွင်းဒုက္ခသည်များ နေထိုင်စားသောက်မှုမြင်ကွင်း။ (မတ်လ ၂၀၊ ၂၀၂၃/ ဓာတ်ပုံ-AFP)
ကယားပြည်နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်တွင်းဒုက္ခသည်များ နေထိုင်စားသောက်မှုမြင်ကွင်း။ (မတ်လ ၂၀၊ ၂၀၂၃/ ဓာတ်ပုံ-AFP)

{{Zawgyi/Unicode}}

ကယားပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ပြည်တွင်းအိုးမဲ့အိမ်မဲ့ IDP ဒုက္ခသည်တွေ ယာယီအမိုးအကာအောက်မှာ ဖြစ်သလိုတဲတွေတိုး နေထိုင်နေရချိန်မှာပဲ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ ဗုံးကြဲတိုက်ခိုက်တာတွေကနေ ရှောင်နိုင်အောင် ဗုံးခိုကျင်းတွေတူးပြီး အကာအကွယ် ရှာနေကြပါတယ်။ အရပ်သားတွေ ထိခိုက်သေဆုံးတဲ့သတင်းတွေ မကြာခဏကြားနေရဆဲဖြစ်ပြီး အုပ်စုလိုက် ဘေးလွတ်ရာလှည့်လည်တိမ်းရှောင်နေကြရတာလည်း လနဲ့ချီကြာလာပြီဖြစ်ပါတယ်။ AFP သတင်းဆောင်းပါးကိုအခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂရဲ့စာရင်းတွေအရ မြန်မာနိုင်ငံအရှေ့ပိုင်း ကယားပြည်နယ်အတွင်းမှာ အိုးမဲ့အိမ်မဲ့ထွက်ပေးနေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၉၀,၀၀၀ လောက် ရှိနေပါတယ်။ ကယားပြည်နယ် ဒေသအခေါ်ကရင်နီပြည်နယ်တခွင် ဒေသခံလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး မြန်မာစစ်တပ်ဘက်က တရွာပြီးတရွာ ထိုးစစ်ဆင်ဝင်ရောက်တပ်စွဲတာ၊ နယ်မြေရှင်းလင်းရေးဝင်ပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံရွာသူရွာသားတွေ ထောင်သောင်းချီ အိုးအိမ်မဲ့ဖြစ်ကြရတဲ့အကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ အားမူဟာ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေရဲ့ IDP စခန်းထဲမှာ နေထိုင်သူပါ။ သူ့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

“နေ့စဉ်နေ့တိုင်းလိုပဲကြားနေရတယ်။ အလုံးကြီးတွေလေ။ တခါတလေနားထောင်လိုက်ရင်လည်း ကိုယ့်နားမှာရောက်လာသလား၊ တခါတလေကျရင်ဘေးမှာလား-တအားစိုးရိမ်မှုရှိတယ်လေ။ ရှိတော့ ထမင်းစားရင်းတန်းလန်းလည်းပြေး၊ မြေးတွေက အဲဒီကတုပ်ကျင်းထဲကိုပြေး အဲလိုမျိုးလုပ်နေရတာပေါ့နော်။ အရေးပေါ်..ဆိုရင် အဝေးလည်းပြေးလို့မရဘူးလေ။ အဲဒီတော့ အကာလေး၊ အကွယ်လေးတွေရှိသေးတော့ လောလောဆယ်ဆို ဖြစ်မယ်ဆိုလည်း ဗြုံးစား အဲဒီအထဲမှာပေါ့နော်၊ ဒါပေမဲ့လို့ ကံတရားပဲပြောရမှာပေါ့။ အဲဒါမျိုး ရှိခဲ့သော်လည်း အဲဒီနေရာကျရင်လည်း မတော်တဆ ပျက်ရင်လည်းပျက်မယ်၊ ဖြစ်ရင်လည်းဖြစ်မယ်၊ ဘေးနားမှာနေလို့ရှိပေမဲ့လည်း ကုသိုလ်ကံကောင်းရင်တော့ ဘာမှမဖြစ်ဘူးပေါ့နော။”

စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့လမ်းကြောင်းပိတ်ဆို့မှုတွေကြောင့် ဆေးဝါးနဲ့ စားနပ်ရိက္ခာရရှိနိုင်ဖို့ အရင်ကထက် ပိုမိုခက်ခဲလာနေတဲ့အပြင် ကိုယ်တိုင်လည်း မစိုက်ပျိုးနိုင်ကြတော့တဲ့အတွက် ဒေသခံတွေ ပိုပြီး ကြပ်တည်းလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က VOA ကို ပြောပါတယ်။

စစ်ပြေးဒုက္ခသည်စခန်းတွေမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေအပြင် ကိုယ်ဝန်ဆောင်မိခင်ပါမကျန် တိမ်းရှောင်နေရတာဖြစ်ပြီး သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်မပေးနိုင်တဲ့အပြင် ဆေးဝါးရရှိနိုင်ဖို့ပါ သိပ်ကိုခက်ခဲလာတဲ့အကြောင်း လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အကူအညီပေးရေးအဖွဲ့တွေက ပြောဆိုပါတယ်။ အိုးအိမ်စွန့်ခွာတိမ်းရှောင်နေသူတွေ နေရပ်မပြန်နိုင်တာ နှစ်နှစ်ကျော်လာပြီဖြစ်ပါတယ်။ အားမူက အခုလို ဆက်ပြောပြပါတယ်။

“အဖွားစစ်ရှောင်တာနှစ်နှစ်ကျော်ပြီ။ စဆိုကတည်းက ၂၀၂၁ မှာ ဟိုဥစ္စာလုပ်တော့ ၅ လပိုင်း၊ ၁၉ ရက်မှာ စပြီးတော့လေ။ အဖွားတို့ဘက်က စပြေးတယ်လေ။ မနေ့ကဆိုရင် ညနေစောင်း ထမင်းစားနေရင်းတန်းလန်းမပြီးသေးဘူး၊ ဒုန်း...။ မြန်မြန်စား-ပြေး၊ ပြေးလိုက်ပြီ။ ပြေးလိုက်ပြီး တအောင့်ကြာတော့ တခါပြန်လာ။ ကြာကြာနေ နေ့ပဲ ရောက်ပြန်အုံးမလား၊ ညအချိန်ပဲ ပြန်ပစ်ပြန်အုံးမလား။ စဉ်းစားနေရင်းတန်းလန်းလည်း တခါတလေ ဒုန်း....ဆို လာပြန်ရော။ ဆိုတော့... ဘယ်လိုမှမတတ်နိုင်ဘူးလေ၊ အဖွားတို့လည်းနော။ ဘယ်လိုပြောမလဲ ဒီအခက်အခဲတွေက မြန်မြန်လေး လွတ်မြောက်ပါစေလို့ပဲ ဆုတောင်းတယ်လေ။”

စစ်ပြေးဒုက္ခသည် အတော်များများက တောတောင်ထဲနဲ့ နီးစပ်ရာရွာတွေက ဆွေမျိုးသားချင်းအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရကြတာပါ။ တောတောင်ထဲ ပုန်းခိုနေသူတွေအတွက်လည်း စားရေးသောက်ရေး အကူအညီရောက်နိုင်မှုက အလွန်နည်းပါးတယ်လို့ ဒေသခံတွေက ပြောတယ်။ ဖြစ်သလို ဆက်ပြီး နေထိုင်နေရတဲ့အကြောင်း မကြာသေးခင်က IDP စခန်းကိုရောက်လာတဲ့ Khu Oo Reh ကပြောပါတယ်။

“ကျနော်တို့ အခု ဘယ်လိုနေ၊ ဘယ်လိုဆက်သွားရမယ်မသိဘူး။ အခုကျတော့ ယာယီပဲဖြစ်နေတာပေါ့။ နေလို့ရသလောက်တော့ ဒီမှာ တတ်နိုင်သလောက် ကြိုးစားပြီးတော့ နေအုံးမှာ။ ကိုယ့်ရွာကို အတတ်နိုင်ဆုံးတော့ ပြန်ချင်တာပဲလေ။ ဒါပေမဲ့ ပြန်လို့မရတဲ့အဆုံး ဒီမှာပဲလာနေရတယ်။ ဒါပေမဲ့ တချိန်ချိန်တော့ ပြန်လို့ရနိုင်အောင်လို့ အားတင်းထားပါတယ်။”

ကယားပြည်နယ်ထဲက ဒေသခံတွေဟာ အနီးအနားမှာရှိတဲ့ ရှမ်းပြည်တောင်ပိုင်းဘက်သို့ တိမ်းရှောင်သွားကြပြီး ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ သူတို့ထွက်ပြေးခိုလှုံတဲ့ ရှမ်းပြည်တောင်ပိုင်းမှာလည်း စစ်မက်ဖြစ်နေပြီး စစ်တပ်ရဲ့ထိုးစစ်ကြောင့် အရပ်သားပြည်သူတွေ သေကြေထိခိုက်ဒဏ်ရာရတဲ့သတင်းတွေ မကြာခဏ ထွက်ပေါ်နေပါတယ်။

=============

{{Unicode}}











တိုက်ရိုက် လင့်ခ်

XS
SM
MD
LG