သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU က ဗြိတိန်ခွဲထွက်ရေး ဆုံးဖြတ်ချက် ကမ္ဘာ့ဈေးကွက် ထိခိုက်


ဥရောပသမဂ္ဂ EU အဖွဲ့ဝင်အဖြစ်ကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်ဖု့ိအတွက် ပထမဆုံးအကြိမ် မဲခွဲဆုံးဖြတ်ခဲ့ကြပြီးနောက် ကမ္ဘာ့အစုရှယ်ယာဈေးကွက်တွေ သိသိသာသာ ကျဆင်းခဲ့သလို၊ ရေနံဈေးတွေလည်း ကျဆင်းခဲ့ပြီး၊ ဗြိတိန်ရဲ့ စတာလင်ပေါင်ငွေတန်ဖိုးဟာလည်း ဆယ်စုနှစ် ၃ ခုအတွင်း အနိမ့်ဆုံး ဖြစ်ခဲ့ ပါတယ်။ စိုးရိမ်နေကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေကလည်း သူတို့စုဆောင်းထားတဲ့ငွေတွေ စိတ်ချရစေဖို့ ရွှေတွေ၊ အာမခံချက်ရှိတဲ့ အစိုးရ ငွေစုစာချုပ်တွေကို အလုအယက် ဝယ်ယူနေကြတာပါ။

သောကြာနေ့ဈေးကွက်မှာတော့ အမေရိကန်က အဓိက အစုရှယ်ယာ အညွှန်းကိန်းတွေဟာ ၃.၃ ရာခိုင်နှုန်းနဲ့ အထက်အထိ ကျဆင်းခဲ့ပါတယ်။ လန်ဒန်က အဓိက အစုရှယ်ယာဈေးတွေ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သလို၊ ပြင်သစ်မှာလည်း ၈ ရာခိုင်နှုန်းနဲ့ ဥရောပအစုရှယ်ယာ ဈေးကွက်တွေမှာ ကျဆင်းမှုတွေ ကြုံခဲ့ရတာပါ။

သောကြာနေ့က ကုန်သွယ်မှုအတွင်း အာရှအစုရှယ်ယာဈေးတွေဟာ ဒေါ်လာ ဘီလီယံ ၇၀၀ လောက်အထိ ဆုံးရှုံးခဲ့တယ်လို့ Bloomberg ဘဏ္ဍာရေး သတင်းဌာနက ခန့်မှန်းခဲ့ပါတယ်။ ဂျပန်အစုရှယ်ယာ ဈေးကွက်မှာလည်း အကြီးအကျယ် ဈေးတွေ ထိုးကျခဲ့တာမို့၊ အခြေအနေတွေ တည်ငြိမ်အောင် အရောင်းအဝယ်တွေ ခေတ္တရပ်နားထားခဲ့ရပါတယ်။

စီးပွားရေး လုပ်ငန်းတွေရဲ့ ယုံကြည်စိတ်ချရမှုတွေကို အကဲဖြတ်ရတဲ့ လုပ်ငန်းကြီးတွေကတော့ EU ကနေ ထွက်သွားတဲ့အတွက် ဗြိတိန်ရဲ့ စီးပွားရေးကို အထိနာစေလိမ့်မယ်လို့လည်း သတိပေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG