သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump မိန့်ခွန်း ပြန်လည်သင့်မြတ်ရေးဖေါ်ဆောင်နိုင်မလား


အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းပြောစဉ်။
အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းပြောစဉ်။

အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ပြောကြားခဲ့တဲ့ Donald Trump ရဲ့ မိန့်ခွန်းဟာ - ပြန်လည် သင့်မြတ်ရေးကို ဦးတည် - မတည် ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာ သုံးသပ်သူတွေကြားမှာ အမြင်အမျိုးမျိုး ကွဲပြားနေပါတယ်။ ၄ နှစ်တာ သမ္မတသက် တမ်းအတွင်း လုပ်ဆောင်သွားမယ့် သူ့ရဲ့ မူဝါဒတွေဟာ ကောင်းပေမဲ့ - တကယ့် လက်တွေ့ အကောင်အထည် ဖော်နိုင်မှု အပေါ်မှာလည်း သံသယတွေ ရှိနေကြတာပါ။ အသေးစိတ်ကိုတော့ ဆက်ပြောပြပါမယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့က Capital လွှတ်တော်မှာ ကျင်းပတဲ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကို - သမ္မတဟောင်းတွေအပြင် - သမ္မတ Trump နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် လည်း တက်ရောက်ခဲ့တာပါ။ ဒါကြောင့် အမေရိကန်ပြည်ထောင်စု မှာ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွေအတွင်း - သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ပါတီကိုယ်စားလှယ်တွေကြား တဘက်နဲ့ တဘက် အကြိတ်အနယ် တိုက်ခိုက် ပြောဆိုခဲ့ကြပေမဲ့ - ရွေးကောက်ခံခဲ့ရတဲ့ သမ္မတတွေ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခမ်းအနားကိုတော့ - ပြန်လည် သင့်မြတ်ရေးပွဲအဖြစ် အမေရိကန်တွေကြားမှာ သဘောထားလေ့ရှိကြပါတယ်။

ဒါပေမဲ့လည်း ဒီကျမ်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတ Trump ပြောကြားခဲ့တဲ့ မိန့်ခွန်းအပေါ်မှာတော့ - အမေရိကန်မှာရှိတဲ့ မြန်မာအကဲခတ်တွေကြား သုံးသပ်မှုတွေ အမျိုးမျိုးရှိနေတာပါ။ မယ်ရီလန်းပြည်နယ်မှာ နေထိုင်တဲ့ ဗွီအိုအေ အယ်ဒီတာဟောင်း ဦးထွန်းအောင်ကတော့ -

“ မိန့်ခွန်းကိုကြည့်ရင်တော့ သူကတော့ သင့်မြတ်ရေးကို လုပ်မယ်လို့ ပြောတယ်။ ဒါပေမဲ့ အားလုံးကို ခြုံကြည့်မယ်ဆိုရင် သင့်မြတ်ရေးကို ဦးတည်မယ့်ပုံတော့ မတွေ့ဘူး။ သူ့အဖွင့်မိန့်ခွန်းကြည့်လိုက်တော့ ပထမ သမ္မတအိုဘားမားကို ချီးကျူးတယ် ဒါပေမဲ့ ရှေ့ဆက်ပြောသွားတော့ အရင်အစိုးရလက်ထက်တွေက မကောင်းဘူး အခုဒီနေ့ဒီရက်ကနေ စပြီးတော့ အကုန်လုံး ကောင်းအောင် လုပ်မယ်ဆိုပြီးတော့ သူက ပြောသွားတယ်။ အဲ့တော့ သူပြောသွားတာတွေက လက်တွေ့မှာ တကယ်လုပ်နိုင်မလား။ အဲ့တာ မေးခွန်းရှိတယ်။ ”

အင်ဒီးယားနားပြည်နယ်က မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေကတော့ - သူ့အမြင်ကို အခုလို ပြောပါတယ်။

“သူသမ္မတမတက်ခင်အထိ အမေရိကန်နိုင်ငံကြီးဟာ ကွဲပြားတဲ့ နိုင်ငံ တခုဖြစ်ပြီလို့ မီဒီယာအားလုံးလိုလိုက ပြောကြတယ်။ အဲ့တာကို သူကြိုးစားပြီး အဖတ်ဆည်တဲ့ မိန့်ခွန်းလို့ ကျနော်မြင်ပါတယ်။ အဓိကကတော့ သူ့ရဲ့မိန့်ခွန်းဟာ အမေရိကန်ပြည်ထောင်စု တနည်းအားဖြင့် ပြည်တွင်းရေး မိန့်ခွန်းဖြစ်ပြီးတော့ နိုင်ငံ တကာ ကိစ္စတွေကို ထည့်မပြောပါဘူး။ အမေရိကန်ဦးစားပေး မိန့်ခွန်းကိုပြောတယ်။ တစုတစည်းတည်း ဆိုတဲ့ဟာကို အနည်းဆုံး နှစ်ကြိမ် သုံးကြိမ်လောက် ပြောတော့ ကာ မိန့်ခွန်းအရကတော့ ကောင်းပါတယ်။ လက်တွေ့ ဘယ်လောက်ဖြစ်မလဲ ဆိုတာ သိတဲ့အတိုင်း ကွဲပြားနေတဲ့အမြင်ကို စိ ရတယ်ဆိုတာ ခက်ခဲတဲ့အတွက် သူ လေးနှစ် အတွင်းမှာ သူပြောသလို ဖြစ်ဖို့ အလားအလာ သိပ်တော့ အားမရဘူးလို့ ပြောချင်ပါတယ်ခင်ဗျ။ ”

ဒါပေမဲ့လည်း ပန်ဆာဗေးနီးပြည်နယ်က သမိုင်းသုတေသီ ဒေါ်ဖြူဖြူကတော့ -

“သူ့မိန့်ခွန်းကိုကြည့်ရတာ အရင်သမ္မတတွေတုန်းက ရော်နယ်ရေဂင် မိန့်ခွန်းဆိုရင်လည်း တကယ့်ကို သမိုင်းဝင် မိန့်ခွန်းပေါ့နော် နောက် သမ္မတ အိုဘားမားလက်ထက်တုန်းကလည်း အမေရိကားဟာ Blue Sate Red State မဟုတ်ဘူး အကုန်လုံးက အတူတူလုပ်မယ်ဆိုတာမျိုး အဲ့လိုမျိုးပေါ့နော် ဒေါနယ်ထရမ့် ကိုကြည့်တော့ အရင် သူကမ်ပိန်းမှာ ပြောခဲ့တဲ့ဟာကိုပဲပြောတော့လေ အန်တီ့အနေနဲ့ သိပ်တော့ အားမရဘူး။ ရှင်းရှင်းပြောရရင် သူက Electoral vote နဲ့ပဲ နိုင်တာ Popular Vote နဲ့ နိုင်တာမဟုတ်တဲ့အတွက်ကြောင့် စည်းလုံးဖို့စကားကို သူပြောရမယ်။ ”

ဒုသမ္မတဖြစ်လာတဲ့ Mike Pence ယခင်က ပြည်နယ်အုပ်ချုပ်ရေးမှူး လုပ်ခဲ့တဲ့ အင်ဒီးယားနားပြည်နယ်မှာ နေထိုင်သူ Burmese American community institute မှာ အကြီးအကဲဖြစ်တဲ့ ဒေါက်တာ ရိုဒင်းငါ ကတော့ -

“မိန့်ခွန်းကတော့ လှလှပပဖြစ်အောင် ကြိုတင်သေချာပြင်ဆင်ပြီးတော့ ရေးထားတဲ့ ဟာဆိုတော့ အင်မတန် ချောမွေ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာအောင် လူတွေ အလုပ်ပြန်ရအောင် နိုင်ငံခြားကို အလုပ်တွေ Outsource မဖြစ်အောင် သူအစကတည်းက ရွေးကောက်ပွဲ စဝင်ကတည်းက သူကြွေးကြော်လာတာဖြစ်ပါတယ်။ ဒါကို ဒီနေ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ဒါကို ပြန်လည်ထည့်သွင်းပြီး ပြောတာဖြစ်ပါတယ်။ ဒါ အင်မတန်ကောင်းပါတယ်။ တကယ်လည်း လုပ်နိုင်မယ် ဆိုရင်တော့ ကောင်းတာပေါ့လေ။ ”

ဒါကတော့ မနေ့က ကျင်းပခဲ့တဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတ Donald Trump ပြောကြားခဲ့တဲ့ မိန့်ခွန်းအပေါ် အမေရိကန်ရောက် မြန်မာအကဲခတ်တွေရဲ့ အမြင်တွေကို ကြားခဲ့ရတာဖြစ်ပါတယ်။

Donald Trump မိန့်ခွန်း ပြန်လည်သင့်မြတ်ရေးဖေါ်ဆောင်နိုင်မလား
please wait

No media source currently available

0:00 0:04:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG