သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခကိုင်တွယ်ပုံ လုံခြုံရေးကောင်စီဆွေးနွေးပွဲမှာ သဘောတူ


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီ အာနန် (ဒီဇင်ဘာ ၂၀၁၆)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီ အာနန် (ဒီဇင်ဘာ ၂၀၁၆)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူ့ဘောင် အသိုင်းအဝိုင်း ၂ ခုကြားဖြစ်ပွားတဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်ရေး နိုင်ငံတကာအနေနဲ့ မြန်မာအစိုးရနဲ့ လက်တွဲဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့ မနေ့က လုံခြုံရေးကောင်စီမှာ ကျင်းပသွားတဲ့ အလွတ်သဘောအစည်းအဝေးမှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ပြောကြားသွားပါတယ်။ လုံခြုံရေးကောင်စီရဲ့ လက်ရှိအလှည့်ကျဥက္ကဋ္ဌ ပြင်သစ်နိုင်ငံရဲ့ အစီအစဉ်နဲ့ သောကြာနေ့တုန်းက New York မြိ ု့ ကုလသမဂ္ဂရုံးချုပ်မှာ ရခိုင်ပြည်နယ်အကြံပေး ကော်မရှင်ဥက္ကဋ္ဌ Kofi Annan ပါဝင်ပြီး မြန်မာ အစိုးရကိုယ်စားလှယ်တွေနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ အလွတ်သဘော ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းကို ထွက်ပြေး တိမ်းရှောင်ကြရတဲ့ ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေ မိမိတို့နေရပ်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရအနေနဲ့ စီစဉ်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့ကို ဦးဆောင်တဲ့ မစ္စတာ ကိုဖီ အာနန် က တိုက်တွန်းလိုက်ပါတယ်။ ဒုက္ခသည်တွေကို စခန်းတွေမှာ ပြန်ထားတာမျိုးမဟုတ်ပဲနဲ့ မိမိတို့နေအိမ်တွေမှာ ပြန်လည်နေထိုင်အောင် အသေအခြာ လုပ်ဆောင်ပေးဖို့ ကိုဖီ အာနန်က မြန်မာအစိုးရက အခုလို တိုက်တွန်းခဲ့ပါတယ်။

“ဒီကိစ္စဟာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ သူတို့ကို ဒုက္ခသည် စခန်းထဲမှာ မထားတော့ဘူးဆိုတာကို ကျနော်တို့ဘက် အာမခံချက်ပြနိုင်မှာသာ သူတို့ကလည်း လုံခြုံပြီး ပိုမိုကောင်းမွန်တဲ့ ဘ၀ ရရှိမယ်လို့ ယုံကြည်မှာသာ ပြန်လာနိုင်ကြမှာဖြစ်ပါတယ်။ သူတို့ကို မြို့ရွာတွေထဲမှာ ဝင်ထွက်သွားလာခွင့်ပြုရမှာဖြစ်သလို သူတို့ ဘ၀ ပြန်လည်တည်ဆောက်ရေးတွေမှာလည်း ကူညီပေးရမှာဖြစ်ပါတယ်။”

လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဌ ပြင်သစ်နိုင်ငံရဲ့ အစီအစဉ်နဲ့ မနေ့ သောကြာနေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ Arria-formula meeting အလွတ်သဘော ဆွေးနွေးပွဲအတွင်း ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဌ လည်းဖြစ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းလည်းဖြစ်တဲ့ မစ္စတာ ကိုဖီ အာနန် က မြန်မာအစိုးရကို အဲဒီလို တိုက်တွန်းခဲ့တာပါ။

လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ထုတ်ပြန်ထားတဲ့ အစီရင်ခံစာပါချက်တွေကို ကော်မရှင်ဥက္ကဋ္ဌ Mr. Kofi Annan က အဓိက ရှင်းပြခဲ့ပါတယ်။

“လုပ်ဆောင်ရမယ့်အချက်အလက်တွေအများအပြား အစီရင်ခံစာထဲမှာ ပါပါတယ်။ စီးပွားရေးနဲ့ လူမှုရေး ပြန်လည်တည်ဆောက်ရေး ကအစ ပညာရေး၊ ကျန်းမာရေးနဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ရှိရေး တွေအပါအဝင် မူဆလင် လူမှုအသိုင်းအဝိုင်းအတွင်း အဓိကပြဿနာဖြစ်နေတဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့ လုပ်ငန်း၊ ဒီလို လူ့အသိုင်းအဝိုင်းနှစ်ခုစလုံးပါဝင်ပြီးတော့ ဆွေးနွေးရမယ့် ကိစ္စရပ်များအပြားကို ဖြေရှင်းဖို့လိုတာ ဒီအစီရင်ခံစာထဲမှာ ထည့်သွင်းထားတာ တွေ့ကြမှာပါ။”

သူတို့ရဲ့ အကြံပေးကော်မရှင်အဖွဲ့ရဲ့ အကြံပြုထားချက်အတိုင်း ရခိုင်ပြဿာနဖြေရှင်းရေးမှာ နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိလိမ့်မယ်လို့လည်း မစ္စတာ ကိုဖီ အာနန်က ပြောပါတယ်။

“ဒီကနေ့ ကျနော်တို့ ဆွေးနွေးချက်အရဆိုရင် အများလက်ခံနိုင်တဲ့ လမ်းပြမြေပုံတခု ချမှတ်နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းဘက်က မြန်မာအစိုးရနဲ့ လက်တွဲဖြေရှင်းဖို့ အဆင်သင့် ပြင်ထားတယ်။ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ အစီအစဉ်ခံစာပေါ် အခြေခံပြီးတော့ အားလုံးသဘောတူညီတဲ့ လမ်းပြမြေပုံ ရေးဆွဲဖို့ လုပ်ဆောင်ကြမယ်။ ကျနော်တို့ အကြံပြုထားတဲ့အချက်တွေအတိုင်း အကြောင်းအရာကိစ္စရပ်အမျိုးစုံကို အတူတူ ညှိနှိုင်းလုပ်ဆောင်သွားမယ်။ အခြေအနေတွေတည်ငြိမ်သွားအောင် လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။”

ဒါ့အပြင် ဆွေးနွေးပွဲအတွင်း အားလုံးရဲ့ သဘောတူညီ ချက်နဲ့ပတ်သက်ပြီးတော့ မစ္စတာ ကိုဖီ အာနန်က အခုလိုပြောပါတယ်။

“အကြမ်းဖက်မှု ရပ်တန့်ရေး၊ လုပ်နေသူတွေအတွက် လူသားခြင်းစာနာထောက်ထားမှုအကူအညီတွေရရှိရေး၊ မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းကို ထွက်ပြေးသွားပြီး မိမိသဘောဆန္ဒအရပြန်လာချင်ကြတဲ့လူတွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်လာနိုင်အောင် ကူညီဆောင်ရွက်ပေးရေး - စတဲ့ ရေတိုအတွက် လုပ်ဖို့လိုအပ်တဲ့ ဒီအချက်တွေကို ဒီကနေ့ ဆွေးနွေးပွဲအတွင်းမှာ အားလုံးက သဘောတူ ကြတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။”

အလားတူပဲ ရခိုင်ပြည်နယ်အတွင်း ပြဿနာတွေချုပ်ငြိမ်းပြီး ဒုက္ခသည်တွေ မိမိတို့နေအိမ်မှာ ပြန်လည်နေထိုင်ခွင့်ရရေးနဲ့ လိုအပ်တဲ့အကူအညီတွေရရှိရေး စီစဉ်လုပ်ဆောင်သွားဖို့လိုအပ်ကြောင်း ဆွေးနွေးပွဲမှာပါဝင်တဲ့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Matthew Rycroft ကလည်းပြောပါတယ်။

“မြန်မာနိုင်ငံတွင်းမှာနေထိုင်ကြသူတွေအားလုံးအတွက် ဒီကိစ္စရပ်တွေကိုအပြီး တိုးတက်မှုတွေဖြစ်ပေါ်အောင် လုပ်ဆောင်ဖို့ ကျနော်တို့မှာ အခွင့်အရေးတွေရှိနေပြီးလို့ ကျနော်ယုံကြည်ပါတယ်။ လုံခြုံရေးကောင်စီမှာလည်း ဗြိတိန်နိုင်ငံက အဓိက အခန်းကဏ္ဍကနေ တာဝန်ယူထားသူဆိုတော့ ဒီအခွင့်အရေးကို မိမိရရ အသုံးချနိုင်ဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ အတူတကွအနီးအကပ် ပူးပေါင်း ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Francois Delattre ကတော့ မြန်မာနိုင်ငံအတွင်းက ပဋိပက္ခအခြေအနေနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းက အခြေအနေဟာ အထူးစိုးရိမ်ရတဲ့အနေအထားမှာရှိပါတယ်။ လူပေါင်း ၅ သိန်း ၂ သောင်းလောက် ထွက်ပြေးတိမ်းရှောင်နေရသလို ရာနဲ့ချီတဲ့ကျေးရွာတွေလဲ ဖျက်ဆီးခံခဲ့ရပြီးတော့ - စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်နေတာပါ။ ဒီလူမျိုးတုန်းသတ်ဖြတ်မှုက ကျနော်တို့ရဲ့ မျက်စိရှေ့မှာဖြစ်နေတာပါ။”

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ သြဂုတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ဒုက္ခသည်တွေရဲ့ အရေအတွက်ဟာ ၅ သိန်းကျော် ရှိသွားပြီလို့ ပြောပါတယ်။

XS
SM
MD
LG