သုံးရလွယ်ကူစေသည့် Link များ

ဗြိတိန်ရောက် မြန်မာတချို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဆန္ဒပြ


ဗြိတိန်ရောက် မြန်မာနိုင်ငံသားများ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံဆန္ဒပြကြ။

လန်ဒန်မြို့မှာ မနေ့က ဒေသစံတော်ချိန် နေ့လည် ၁ နာရီကစပြီး ဗြိတိန်နိုင်ငံသားနဲ့ မြန်မာ မွတ်ဆလင် တချို့ပါ ပါဝင်တဲ့ လူအင်အား ၄၀၀ ဝန်းကျင်ရှိတဲ့ အင်္ဂလန်ရောက် မြန်မာနိုင်ငံ သားတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ဆန္ဒပြပွဲတွေကို သုံးနေရာမှာ ကျင်းပခဲ့ပါတယ်။

ဗြိတိန်ပါလီမန်အဆောက်အဦးရှေ့၊ အမှတ်(၁၀) ဒေါင်းနင်းလမ်းမှာရှိတဲ့ ဝန်ကြီးချုပ် Teresa May ရဲ့အိမ်ရှေ့နဲ့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေရဲ့ရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ဦးဆောင်လှုပ်ရှားနေသူတဦးဖြစ်တဲ့ ဒေါက်တာ သက်ကိုကို က အခုလို ပြောပြပါတယ်။

“ဆန္ဒပြပွဲရဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထု တင်မြှောက်ထားတဲ့အစိုးရနောက်မှာ နိုင်ငံခြားရောက် မြန်မာပြည်သူပြည်သားများ အားလုံး ဟာလည်း နောက်ကနေပြီး ရပ်တည်တဲ့ အကြောင်းကို ဆန္ဒဖော်ထုတ်ပါတယ်။ ကျနော်တို့ အားလုံးဟာ အနောက်နိုင်ငံတွေရဲ့ မီဒီယာတွေကနေပြီးတော့ မဟုတ် မမှန်ဘဲနဲ့ ဘက်လိုက်ပြီးတော့ ပြောဆိုနေတဲ့၊ ပြီးတော့ ကျနော်တို့ ပြည်သူလူထု တင်မြှောက် ထားတဲ့အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချ ပြောဆိုနေတဲ့ ဟာတွေကိုလည်း ကျနော်တို့က မခံနိုင်ကြောင်း၊ မဟုတ်ကြောင်းကို သွားပြီးတော့ ဆန္ဒ ဖော်ထုတ်တာ ဖြစ်ပါတယ်။ ပြီးတော့ တိုင်းပြည်အခြေအနေပေါ့- ဒီဖြစ်ပေါ်နေတဲ့ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်သာလျှင် အကောင်းဆုံး လုပ်ဆောင်နိုင်တယ် ဆိုတာကို ကျနော်တို့ ယုံကြည်တဲ့၊ ထောက်ခံတဲ့ ဆန္ဒပြပွဲပါ။”

ဒါ့အပြင် အင်္ဂလန်ရောက် မြန်မာနိုင်ငံသားတွေက ရခိုင်ပြည်နယ်ကို အကူအညီပေးမယ့် အစီအစဉ် တခုကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်တဲ့အကြောင်း ဒေါက်တာ သက်ကိုကို က အခုလို ဆက်ပြောပြပါတယ်။

“လွန်ခဲ့တဲ့ သုံးပတ်ကတည်းက ကျနော်တို့ဆီမှာ အကောင့်တခုလုပ်ထားတယ်။ ရခိုင်ပြည်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေအတွက် ဒုက္ခသည်တွေရော၊ ရခိုင်ပြည်မှာ ကုန်ကျရမယ့်အစိုးရ ကုန်ကျရမယ့်ဟာတွေကို ကျနော်တို့က ဝိုင်းဝန်းပြီးတော့ အစိုးရကို ကူညီတဲ့အနေနဲ့- အစကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အတိုင်ပင်ခံရုံးကို ပိုက်ဆံလှူ မယ်လို့ ရည်မှန်းပြီးတော့လုပ်တယ်၊ သံအမတ်ကြီးကနေတဆင့်သွားမယ်ပေါ့နော်၊ ကျနော်တို့လုပ်နေတုန်းမှာပဲ အမေစုက ဟိုတနေ့က မိန့်ခွန်းပြောလိုက်ပြီး ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနဲ့ လူမှုရေး ဘာညာ ဘာညာ ကော်မတီလားမသိဘူး၊ ဖွဲ့လိုက်ပြီလို့ ပြောတယ်။ ဆိုတော့ ကျနော်တို့က အဲဒီကော်မတီကို လှူပါ့မယ်။ fundraise လုပ်ထားတာ တသောင်း နှစ်ထောင်ကျော် ရသွားပါပြီ။”

အခုလို လက်ရှိ NLD အစိုးရကို ထောက်ခံ ဆန္ဒပြပွဲတွေ ကျင်းပခဲ့သလို ကူညီရေး ရန်ပုံငွေ အတွက်လည်း စတင်ဆောင်ရွက်နေတဲ့အပြင်

လက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရ ကသာလျှင် ဖြေရှင်းနိုင်မှာဖြစ်တဲ့အတွက် ဗြိတိန်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ကူညီပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လက်တွဲပြီး ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံပေးဖို့ မြန်မာနိုင်ငံသားတွေ စုပေါင်း လက်မှတ်ရေးထိုး ထားတဲ့ မေတ္တာရပ်ခံစာ ကိုလည်းဝန်ကြီးချုပ် Teresa May ဆီလိပ်မူပြီး လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့မှာ သွားပို့ပေးမှာဖြစ်ကြောင်း ဒေါက်တာ သက်ကိုကိုက ဗွီအိုအေကို ပြောပါတယ်ရှင်။

XS
SM
MD
LG