သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Minnesota မှာ မြန်မာအစိုးရကို ထောက်ခံကြောင်း ဆန္ဒပြ


အောက်တိုဘာလ ၁ ရက်နေ့က Minnesota ပြည်နယ်မြို့တော် St. Paul မှာ မြန်မာတွေ ဆန္ဒပြကြစဉ်။
အောက်တိုဘာလ ၁ ရက်နေ့က Minnesota ပြည်နယ်မြို့တော် St. Paul မှာ မြန်မာတွေ ဆန္ဒပြကြစဉ်။

အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာတည်ရှိတဲ့ Minnesota ပြည်နယ်မှာ နေထိုင်ကြတဲ့ မြန်မာနွယ်ဖွားတွေဟာ အခု ကျမတို့ အသံလွှင့်ချိန်မှာပဲ မြို့တော် St. Paul မှာရှိတဲ့ ပြည်နယ်လွှတ်တော် အဆောက်အဦးရှေ့မှာ ဆန္ဒ ပြနေကြပါတယ်။ ဆန္ဒပြပွဲကိုစီစဉ်တဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ကိုအောင်ကိုးကို အသံလွှင့်ချိန်မတိုင်ခင်မှာပဲ ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဆန္ဒပြသူဦးရေ ရာနဲ့ချီကြောင်း သူက အခုလို စပြောပါတယ်။

ကိုအောင်ကိုး။ လူဦးရေ ၃၀၀ ပတ်ဝန်းကျင်လောက် ရှိပါတယ် ခင်ဗျား။

မေး။ ဘယ်နေရာမှာ ပြမှာလဲရှင်။

ကိုအောင်ကိုး။ ကျနော်တို့ ဒီ Minnesota ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဒီ St. Paul – State Capitol (ပြည်နယ်လွှတ်တော် အဆောက်အဦး) ရှေ့မှာ ကျနော်တို့ ဆန္ဒပြမှာပါ ခင်ဗျ။

မေး။ ဆန္ဒပြတဲ့ ရည်ရွယ်ချက်ကို သိပါရစေရှင့်။

ကိုအောင်ကိုး။ အဓိက ရည်ရွယ်ချက်ကတော့ ဒီ အနောက်နိုင်ငံတွေကနေပြီးတော့ အထူးသဖြင့် UN တို့ ဘာတို့က သတင်း အမှားတွေအပေါ်မှာ အခြေတည်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံအပေါ်မှာ မတရား ဖိနှိပ်၊ စွပ်စွဲနေတာတွေ အားလုံးကို ကျနော်တို့ ဆန့်ကျင်တယ် ဆိုတဲ့အကြောင်း ကမ္ဘာကို သိစေချင်ပါတယ်။ အဲဒါက နံပတ်တစ်ပေါ့။ နံပတ် နှစ်ကတော့ Minnesota ပြည်သူတွေ အားလုံးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရပ်တည်နေတယ် ဆိုတဲ့အကြောင်းကို သိစေချင်ပါတယ်။

နောက်တခုက ကျနော်တို့ မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မရှိခဲ့ပါဘူး။ ဘယ် ဗမာ့သမိုင်းမှာမှလည်း မရှိခဲ့ပါဘူး။ အဲဒါကိုလည်း ကမ္ဘာက သိစေချင်ပါတယ်။ နောက်ဆုံးတခုကတော့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ဘယ် အကြမ်းဖက် ပုဂ္ဂိုလ်အဆို ကျနော်တို့ ဒီက Minnesota က မြန်မာ လူငယ်တွေအားလုံးက ဆန္ဒပြပြီးတော့ ကျနော်တို့ ကမ္ဘာကို သိအောင် လုပ်ချင်တာပါဘဲ။

အဓိကကတော့ ဒီ အနောက်နိုင်ငံက ဖိအားပေးတာတွေကို ရပ်တန်းက ရပ်စေချင်ပါတယ်။ နောက်တချက်ကလည်း ကျနော်တို့ မြန်မာနိုင်ငံက ဒီမိုကရေစီ သက်တမ်း နုပါသေးတယ်။ အဲဒီ သက်တမ်းနုတဲ့ ဒီမိုကရေစီမှာ အခက်အခဲတွေ အများကြီး ရှိပါတယ်။ အဲဒီ အခက်အခဲတွေ ရှိတာကိုလည်းဘဲ ပြည်ပနိုင်ငံတွေ အားလုံးက နားလည်ပေးစေ ချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာလည်း နားလည်ပေးစေ ချင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အခက်အခဲတွေကို နားလည်သောအားဖြင့် ပြဿနာ အသေးလေးကို အကြီးကြီး မဖြစ်အောင် မလုပ်စေချင်ပါဘူး။ အထူးသဖြင့် အနောက်နိုင်ငံတွေ၊ UN တို့ဘာတို့ အကုန်လုံးပေါ့၊ ဖိအားပေးတာတွေ ဘာတွေ အကုန်လုံး ရပ်တန်းက ရပ်ပေးပါ။ သတင်းအမှန်ကို ရအောင်ယူပါ။ နောက်ပြီးတော့ သတင်းမှားတွေနဲ့ ကျနော်တို့ မြန်မာနိုင်ငံအပေါ် ဖိအားပေးတာတွေကို မလုပ်စေချင်ပါဘူး။ အဓိကက အဲဒါပါဘဲ။

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေကြတဲ့ မြန်မာနွယ်ဖွားတွေဟာ ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေအပေါ် နိုင်ငံတကာနဲ့ ကုလသမဂ္ဂတို့အနေနဲ့ အခြေအနေမှန်ကို သိရှိစေလိုတဲ့ရည်ရွယ်ချက်နဲ့ ဆန္ဒပြနေကြတာမှာ အရင်တပတ်က နယူးယောက်မြို့မှာ စုပေါင်း ဆန္ဒပြပွဲ တခုရှိခဲ့ပြီး အခု မင်နီဆိုးတားပြည်နယ်ကလည်း နီးစပ်ရာမြို့တွေ ပူးပေါင်းပြီး ဒီကနေ့ညနေဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆန္ဒပြခွင့်ပေးခဲ့ပေမယ့် အသံထွက်ခွင့်မပေးတဲ့အတွက် ပိုစတာကိုင်ဆောင်ပြီး အသံတိတ်သာ ဆန္ဒပြရမှာဖြစ်တယ်လို့ ကိုအောင်ကိုးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG