သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ မပါတဲ့အတွက် ပြည်သူတွေကို အတိုင်ပင်ခံရုံး ကျေးဇူးတင်


အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ (သြဂုတ်လ ၃ ရက်)
အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ (သြဂုတ်လ ၃ ရက်)

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူထုက ထောက်ခံတာ၊ ပူးပေါင်း ပါဝင်တာမလုပ်ဘဲ တာဝန်သိစိတ်နဲ့ ရပ်တည်ခဲ့တဲ့အတွက်ဆိုပြီးတော့ ကျေးဇူး အထူးတင်ရှိတဲ့အကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သြဂုတ်လ ၆ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ “ပြည်သူသို့ ကျေးဇူးတင်လွှာ” ဆိုတဲ့ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီဆန္ဒပြသပိတ်စခန်းတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကလဲ ဥပဒေနဲ့အညီ တည်ငြိမ်စွာနဲ့ ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ခဲ့ကြတယ်ဆိုပြီးတော့လဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သြဂုတ်လ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ မျိုးချစ်အဖွဲ့အမည်ခံ သံဃာတချို့နဲ့ လူပုဂ္ဂိုလ်တချို့က ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ထိုင်သပိတ်စခန်းတွေဖွင့်ပြီးတော့ အစိုးရပြုတ်ကျရေး ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။

သြဂုတ်လ ၅ ရက်၊ စနေနေ့ အရုဏ်တက်ချိန်မှာတော့ မန္တလေးသပိတ်စခန်းကို အာဏာပိုင်တွေက ဝင်ရောက် ဖြိုခွင်းခဲ့ပါတယ်။ စခန်းမှာရှိနေတဲ့ သံဃာ ၁၁ ပါးနဲ့ အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲမှာ တရားစွဲဆိုထားတဲ့ ဦးဆောင်သံဃာ ၈ ပါး၊ လူပုဂ္ဂိုလ်ငါးဦးထဲက ဦးဆောင်သံဃာ ၆ ပါးကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ တနင်္ဂနွေနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အဲဒီသံဃာ ၆ ပါး ကို တိုင်းသံဃမဟာနာယကအဖွဲ့ရှေ့မှာ လူဝတ်လဲပြီး မန္တလေး ဗဟိုအကျဉ်းထောင်ကိုပို့ပြီးတော့ ထိန်းသိမ်းထားတယ်လို့လဲ ဖော်ပြထားပါတယ်။ ကျန်တဲ့သံဃာ ၅ ပါးကတော့ ဖမ်းဝရမ်းထုတ်ထားတဲ့ထဲမှာ မပါတဲ့အတွက် ထွက်ဆိုချက်နဲ့ ဝန်ခံချက် လက်မှတ်တွေထိုးပြီး ကျောင်းတိုက်တွေကို ပင့်ဆောင် အပ်နှံခဲ့တယ်လို့ သတင်းမှာပါရှိပါတယ်။ အမျိုးသမီးနှစ်ဦးကိုလဲ ထွက်ဆိုချက်နဲ့ဝန်ခံချက်တွေလုပ်ပြီး နေရပ်ကို ပြန်ပို့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဝရမ်းထုတ်ထားသူတွေထဲက ကျန်နေသေးတဲ့ ဦးဆောင်သံဃာ ၂ ပါးနဲ့ လူပုဂ္ဂိုလ်ငါးဦးနဲ့ပတ်သက်လို့တော့ ဘာမှ ဖော်ပြထား တာမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG