သုံးရလွယ်ကူစေသည့် Link များ

လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ရိုဟင်ဂျာအရေး ကြေညာချက် Guterres ကြိုဆို


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres

လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ မြန်မာ့အရေး ကြေညာချက်ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း ပြဿနာ ဖြေရှင်းရေးမှာ အရေးပါတဲ့ ခြေလှမ်းအဆင့်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ကပြောကြားလိုက်ပါတယ်။ ဒါအပြင် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဒီနှစ်ဆုံးဖြတ်ချက်မှာ မြန်မာ့အရေးထည့်သွင်းဖို့ စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရဘက်ကတော့ လုံခြုံရေးကောင်စီဥက္ကရဲ့ ကြေညာချက်ကို ကန့်ကွက်ထားပြီး ကူညီမှုထက် အဟန့်အတားဖြစ်စေတယ်လို့ လည်း တုန့်ပြန်ထားတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး တင်ပြမှာပါ။

မနေ့ သောကြာနေ့က နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ အတွင်းရေးမှူးချုပ်ရဲ့ အထူးသတင်းစာရှင်းလင်းပွဲအတွင်း နိုဝင်ဘာလ ၆ ရက်နေ့ကချမှတ်ခဲ့တဲ့ မြန်မာ့အရေး လုံခြုံရေးကောင်စီဥက္ကရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ သူက အခုလိုပြောသွားပါတယ်။

"လုံခြုံရေးကောင်စီဥက္ကဌရဲ့ ကြေညာချက်ဟာ ရှေ့ဆက်လှမ်းဖို့ အရေးပါတဲ့ အဆင့်ဖြစ်တယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒီလိုဆောင်ရွက်ရမှာ လုံခြုံရေးကောင်စီအနေနဲ့ ရင်ဆိုင်ရတဲ့ အကန့်အသတ်တွေရှိနေတယ်ဆိုတာ ကျနော် သိသိသာသာ သတိပြုမိပါတယ်။ နောက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း အဖွဲ့ဝင်နိုင်ငံအတော်များများ အဆိုပြုထားတာ တခုရှိတယ်ဆိုတာ ကျနော် ပြန်ပြီးသတိပေးပြောကြားလိုပါတယ်။ အဲဒီရလာဒ်ကို ကျနော်တို့ စောင့်နေတုန်းပါပဲ။"

လုံခြုံရေးကောင်စီဥက္ကရဲ့ ကြေညာချက်မှာရော၊ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အတွက် အဆိုပြုထားချက်မှာရော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘက်က အရေးယူဆောင်ရွက်ဖို့အတွက် အကြံပြုချက်တွေနဲ့ မေတ္တာရပ်ခံချက်တွေ အများအပြားပါဝင်ပါတယ်။ ဒီအကြံပြုချက်တွေ ဒါမှမဟုတ် မေတ္တာရပ်ခံချက်တွေကို သူ့အနေနဲ့ အပြည့်အ၀အကောင်အထည်ဖေါ်ဆောင်ရွက်မှာဖြစ်ကြောင်း အတွင်းရေးမှူးချုပ်ကပြောပါတယ်။ မဖြစ်မနေ လုံးဝ ဦးစားလုပ်ဆောင်ရမယ့် လိုအပ်နေတဲ့အချက်တွေနဲ့ ပတ်သက်လို့ António Guterres ကအခုလိုပြောပါတယ်။

"အသေအချာဆောင်ရွက်ရမယ့် လိုအပ်ချက်ကို ကျနော်တို့ တောင်းဆိုရာမှာ ဒေသခံတွေအပေါ် အကြမ်းဖက်မှုအားလုံး ရပ်တန့်ရေး တင်မဟုတ်ပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းတခုလုံးမှာ လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီးမရှိ ၀င်ခွင့်ပြုရေးကိုပါ ကျနော်တို့ တောင်းဆိုဖို့လိုပါတယ်။ ဒါအပြင် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြတဲ့ ဒေသခံမှန်သမျှအားလုံးအတွက် နေရပ်ရင်းပြန်ခွင့်၊ လုံလုံခြုံခြုံ၊ သိက္ခာရှိရှိနဲ့ လိုလိုလားလား ပြန်နိုင်ရေး အခိုင်အမာပြောကြားဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ဒေသခံတွေ ထွက်ခွာထွက်ပြေးရတဲ့ မူလ နေရာတွေဆီ ပြန်သွားလို့မရတဲ့ ဒုက္ခသည်စခန်းတွေမှာ မထားပဲ သူတို့ရဲ့နေရပ်ရင်း ရွာတွေဆီကို ပြန်သွားခွင့်ပြုဖို့လည်း ကျနော်တို့ တောင်းဆိုပါတယ်။"

ဒါအပြင် နေရပ်ရင်း ပြန်နေထိုင်ခွင့်ပြုဖို့ နဲ့ တရားဝင်အထောက်အထား စာရွက်စာတမ်းတွေ ထုတ်ပေးဖို့ စတဲ့ အဓိကကျတဲ့ အခြေခံအကြောင်းအရင်းတွေကို ဖြေရှင်းဖို့ လိုအပ်ကြောင်းလည်းသူကပြောပါတယ်။

"အခြားတဖက်မှာလည်း ပြဿနာရဲ့ အခြေခံအကြောင်းအရင်းကို ဖြေရှင်းဖို့ အမှန်တကယ် လိုအပ်ချက်တွေကို ကုလသမဂ္ဂဘက်က စဉ်းစားနေတယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။ ဒီအကြောင်းအရင်းဟာ နိုင်ငံသားဖြစ်ခွင့်နဲ့ ဒေသခံတွေရဲ့ တရားဝင်နေထိုင်ခွင့် စတဲ့ ပြဿနာတွေအပေါ်မှာ အများကြီး မူတည်နေတယ်လို့လည်း ဆိုပါတယ်။ သူတို့တွေဟာ ခွဲခြားဆက်ဆံခံရပြီး ဒီအတွက် အခုချိန်မှာ နိုင်ငံမဲ့ ဖြစ်နေကြောင်းလည်း သူက ပြောပါတယ်။"

ရည်မှန်းချက်တွေ နောက်ဆုံးမှာ အောင်မြင်ဖို့အတွက် ဖြစ်နိုင်တဲ့ သြဇာရှိတဲ့ နယ်ပယ်အားလုံးကနေ ညှိုနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း Mr. Guterres က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG