သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ် Guterres မြန်မာ့အရေး လုံခြုံရေးကောင်စီကို စက်တင်ဘာ ၂၈ အစီရင်ခံမည်


ကုလအတွင်းရေးမှူးချုပ် Antonio Guterres
ကုလအတွင်းရေးမှူးချုပ် Antonio Guterres

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မကြာသေးမီ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ကြာသပတေးနေ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ လုံခြုံရေးကောင်စီကို လူသိရှင်ကြား အစီရင်ခံမှာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံတို့အနက် ၇ နိုင်ငံတို့ဖြစ်ကြတဲ့ ဆွီဒင်၊ အမေရိကန်ပြည်ထောင်စု ၊ ဗြိတိန်၊ ပြင်သစ် ၊ အီဂျစ်၊ Senegal နှင့် Kazakhstan တို့က မြန်မာ့အရေးရှင်းလင်းဖို့ မေတ္တာရပ်ခံခဲ့ပြီးနောက် အခုလို ဆွေးနွေးပွဲကျင်းပမှာဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ် ကြာသပတေးနေ့ လုံခြုံရေးကောင်စီမှာ ကျင်းပမယ့် ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်နဲ့ဖို့အတွက် လုံခြုံရေးကောင်စီကို ဒီကနေ့ အင်္ဂါနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ကုလသမဂ္ဂ နိုင်ငံရေးရာတာဝန်ခံ Jeffrey Feltman က သံတမန်တွေကို တံခါးပိတ် အစီရင်ခံဖို့ရှိပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က ရိုဟင်ဂျာစစ်သွေးကြတွေ လုံခြုံရေးစခန်း ၃၀ တို့ကို ဝင်တိုက်ခိုက်ခဲ့ပြီး နောက်ဆက်တွဲ ဂယက်အဖြစ် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၄ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြပြီးနောက် လုံခြုံရေးကောင်စီအနေနဲ့ တံခါးပိတ်ဆွေးနွေးပွဲ ၂ ကြိမ်ကျင်းပခဲ့ပြီး ဒီလစောစောပိုင်းကလည်း အကြမ်းဖက်မှုကို အဆုံးသတ်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းတဲ့ ကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အခြေအနေ တိုးတက်မှုမရှိရင် လုံခြုံရေးကောင်စီအနေနဲ့ တရားဝင်ကြေညာချက် ထုတ်ပြန်ဖို့ စဉ်းစားနိုင်တဲ့အကြောင်း သံတမန်တွေကပြောပါတယ်။ ဒါပေမယ့် ပို ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုအတွက် တရုတ်နဲ့ ရုရှားတို့က Veto အာဏာသုံး ပယ်ချနိုင်တာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီအဆိုပြုချက်တရပ်အတည်ပြုနိုင်ဖို့ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ထောက်ခံမဲ ၉ မဲ ရရှိဖို့ လိုအပ်ပြီး အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ တရုတ် ၊ရုရှား၊ အမေရိကန်ပြည်ထောင်စု ၊ ဗြိတိန်နဲ့ ပြင်သစ် တို့က Veto အာဏာအသုံးမပြုမှ အဲဒီအဆိုပြုချက်ကို အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG