သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းဒင်လူသတ်မှုစစ်ဆေးပြီး ပါဝင်ပတ်သက်သူတွေအရေးယူရေး ဆောင်ရွက်နေပြီဟု သမ္မတရုံးတုန့်ပြန်


အင်းဒင်ရွာသား ၁၀ ဦးကိုစက်တင်ဘာ ၁ ရက် ၂၀၁၇ ခုနှစ်က ဖမ်းဆီးထားပုံ။ (ဓါတ်ပုံ-ရိုက်တာ)
အင်းဒင်ရွာသား ၁၀ ဦးကိုစက်တင်ဘာ ၁ ရက် ၂၀၁၇ ခုနှစ်က ဖမ်းဆီးထားပုံ။ (ဓါတ်ပုံ-ရိုက်တာ)

အင်းဒင်သတ်ဖြတ်မှုနဲ့ပတ်သတ်လို့ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးမှုအရ တပ်မတော်ဘက်က ၇ဦး ရဲတပ်ဖွဲ့ ဘက်က ၃ဦး တို့အပြင် ဒေသခံ ၆ဦး ကို ဥပဒေကြောင်းအရ အရေးယူဖို့ ဆောင်ရွက်လိုက်ပြီလို့ စုံစမ်းစစ်ဆေးမှု နောက်ဆုံးအခြေအနေကို သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။ ဒီလိုထုတ် ဖော်ပြောဆိုလိုက်တာက ရိုက်တာထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့တဲ့ အချက်တွေကမှန်ကန်မှုရှိတာမို့ ချက်ချင်း အရေးယူ တာ မဟုတ်ဘဲ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးမှုတွေဆက်လက် လုပ်ဆောင်တာမှာ တွေ့ရှိတဲ့အချက်အပေါ် အခုလိုအရေးယူတာဖြစ်တယ် လို့ဆိုပါတယ်။ ဒီသတင်းကို ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေသတင်းဌာနက မေခကပေးပို့ထား ပါတယ်။

အင်းဒင်သတ်ဖြတ်မှုနဲ့ပတ်သတ်လို့ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးမှုတွေဆက်လက် လုပ်ဆောင်နေတာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုအရ အခုလို အရေးယူဖို့ပြင်ဆင်လိုက်တာ ဖြစ်တယ်လို့ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“ဒီအင်းဒင်ကိစ္စနဲ့ ပတ်သက်လို့ နံပါတ် ၁ အချက်က တပ်မတော်ဘက်ကနေ သတင်း ထုတ်ပြန်ထားပါတယ်။ သတင်းထုတ်တဲ့ကိစ္စက ဒီကိစ္စနဲ့ ပတ်သက်လို့ ဒီဖြစ်စဉ်ကို သူတို့ဖော်ပြတယ်။ နံပါတ် ၂ အချက်က ဒါကိုစုံစမ်းစစ်ဆေးမယ်။ နံပါတ် ၃ အချက်က ဒီစုံစမ်းစစ်ဆေးပေါ်ပေါက်တဲ့ အပေါ် မူတည်ပြီးတော့အရေးယူမယ်ဆိုတာ ဒီ ၃ ချက်ကို အဓိကပြောတယ်။ အခုလောလောဆယ် နောက်ဆုံး update ကတော့ အင်းဒင်ကိစ္စနဲ့ သူတို့က စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီးတော့ စစ်လိုက်တယ်။ စစ်လိုက်တဲ့အချိန်မှာ တပ်မတော်ကအရာရှိစစ်သည် ၃ ဦး၊ စုစုပေါင်း တပ်မတော်က ၇ ဦး ပါဝင်ပတ်သက်မှု ရှိတယ်ဆိုတာတွေ့ရတယ်။ နောက်တခုက ရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ဘက်က ၃ ဦး ပါဝင်ပတ်သက်မှုရှိတယ်ဆိုတာ တွေ့ရတယ်၊ ဒေသဆိုင်ရာ ရွာသူရွာသား ၆ ဦး ပါဝင်ပတ်သက်တယ်။ ကျနော်တို့ ဥပဒေနဲ့ အရေးယူဖို့ ပြောထားတယ်။”

ပြီးခဲ့တဲ့ရက်က ထုတ်တဲ့ ရိုက်တာထုတ်ပြန်ချက်ထဲမှာတော့ လက်ရှိဖမ်းဆီးခံ ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ဒီသတင်းစုံစမ်းမှုကြောင့် ရဲတပ်ဖွဲ့ကအမှုဆင်ကာဖမ်းခဲ့တယ်လို့ သဘော သက်ရောက်စေတာမျိုးကိုဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သတ်လို့ ဦးဇော်ဌေးကတော့

“အဲဒါကတော့ တရားရုံးမှာ စီရင်ဆဲ ၊ စစ်ဆေးဆဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့၊ ကျနော်တို့ကတော့ ဘာမှပြောလို့မရဘူး။ အဲဒါမှာ စစ်ဆေးပြီးတော့မှ၊ ဒီအမှုနဲ့ ပါဝင်ပတ်သက်ခြင်း ရှိ၊ မရှိ၊ ဆိုတာကိုတော့ တရားရုံးက ဆုံးဖြတ်လိမ့်မယ်။ အဲဒီအပေါ်မှာတော့ အစိုးရကနေပြီးတော့ ဒီအချိန်မှာ ဒီအမှုက ဘယ်လိုပါ၊ ဘယ်လိုပါဆိုတာကို ကျနော်တို့က ပြောလို့မရဘူး။ အဲဒါက contempt of court တရားရုံးမထေမဲ့မြင်လုပ်မှုပေါ့ ၊ ကျနော်တို့ မလိုလားဘူး၊ အဲဒီအတွက် ကျနော်တို့က comment မပေးဘူး၊ တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း ဖြစ်ပါတယ်။”

မကြာသေးခင်က တပ်မတော်ဘက်က အင်းဒင်သတ်ဖြတ်မှုနဲ့ပတ်သတ်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ကာ ထုတ်ပြန် ထားတာမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်မှာတွေ့ရှိတဲ့ ရုပ်အလောင်းတွေဟာ ရွာသားတချို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တဲ့ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦး ဖြစ်ကြောင်း ထုတ် ထားတာဖြစ်ပါတယ်။ ဒါပေမယ့် တပ်မတော်က စုံစမ်းစစ်ဆေးပြီး သတင်းထုတ်ပြန်မှုဟာ တကယ့် လက်တွေ့နဲ့ ကွဲလွဲနေတယ် လို့ရိုက်တာကဖော်ပြထားပါတယ်။ရိုက်တာအဆိုအရ ဒီသတ်ခံရသူတွေဟာ ရွာသားတွေသာဖြစ်တယ်လို့ ဆိုထားတာပါ။ ဒါနဲ့ပတ်သတ်လို့ ကွဲလွဲမှုကို တိကျစွာစုံစမ်းရရှိတာရှိမရှိ ဗွီအိုအေမေးတာကို ဦးဇော်ဌေးက

“အခုရခိုင်ကိစ္စမှာ အမြဲတမ်း ၂ ဘက်ကွဲလွဲနေတာ အဲဒီအချက်ပဲ။ အဲဒီတော့ ဒီဘက်က ရခိုင်ဒေသခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပြောတာက၊ အကြမ်းဖက်သမားတွေနဲ့ အဲဒီဘက်က ရွာသူရွာသားတွေနဲ့ ပေါင်းပြီးတော့ ၊ သာမန်လူရော၊ အကြမ်းဖက်သမားရော ရောပြီးတော့ တိုက်ခိုက်တယ်ဆိုတာ တွေ့ရတယ်။ ဟိုဘက်ကကျတော့ မဟုတ်ဘူး၊ ဒါအပြစ်မဲ့ပြည်သူပါဘာညာဆိုတာ ပြောရတယ်။ ဒါက ကျနော်တို့ မြန်မာနိုင်ငံတင်မကဘူး၊ တကယ့်နိုင်ငံတကာအကြမ်းဖက်စစ်ဆင်ရေးတွေလုပ်နေတဲ့၊ အမေရိကန်တို့ ၊ နေတိုးတို့၊ စစ်ဆင်တဲ့အခါမှာလည်း၊ အမြဲတမ်း ဒွိဟဖြစ်ရတဲ့ကိစ္စဖြစ်ပါတယ်။ အခု ARSA ကလည်း၊ သူတို့ရဲ့ မဟာဗျူဟာကြည့်ရတာက၊ ရွာတွေမှာ အမာခံတွေထားတယ်။ အကြမ်းဖက်သင်တန်းတွေပေးတယ်။ တကယ်တမ်းဖြစ်တဲ့အချိန်မှာ ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်အောင်၊ လူတွေကို ခြိမ်းခြောက်ခြင်း၊ စည်းရုံးခြင်း ပေါ့နော်၊ အမျိုးမျိုး ဖိအားသော်လည်းကောင်း၊ ဆွဲအားသော်လည်းကောင်း၊ လုပ်သွားတယ်ဆိုတာတွေ့ရတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ သို့သော် ဟိုဘက် ဒီဘက်ပြောကြားချက်တွေရှိနေတယ်ဆိုတာတော့ ကျနော်တို့ကလက်ခံတယ်။ သို့သော် တကယ်တမ်း identify လုပ်ဖို့က ၊ အဲဒီနေ့၊ အဲဒီအချိန်မှာ၊ ဖြစ်စဉ်ကို ဗွီဒီယိုသော် လည်းကောင်း၊ အထောက်အထားသော်လည်းကောင်း၊ ရှိမှပဲ ကျနော်တို့ကလုပ်လို့ရမယ်။”

ARSA အကြမ်းဖက်မှုနောက်ပိုင်း အစ္စလမ်ဘာသာဝင်တွေ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရတယ်လို့ နိုင်ငံ တကာမီဒီယာ တွေတော်တော်များများက ဖော်ထုတ်ရေးသားလာပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း AP သတင်းဌာနက လည်းထုတ်ဖော် ရေးသားလာခဲ့တာရှိပါတယ်။ ရခိုင်အရေးနဲ့ပတ်သတ်လို့ သတင်းသမားတွေအနေနဲ့ သတင်းရယူအတည်ပြုနိုင်ဖို့ခက်ခဲမှုတွေရှိနေပြီး ဒီအပေါ်မှာ စုံ စမ်းစစ်ဆေးဖော်ထုတ်တာမှာလည်း အခက်အခဲတွေရှိနေတာမို့ အစိုးရဘက်က လုပ်ဆောင်မေးနိုင်မှုနဲ့ပတ်သတ်လို့ ဗွီအိုအေက မေးမြန်းတာနဲ့ ပတ်သတ် လို့ ဦးဇော်ဌေးက

“မြိုတိုင်းရင်းသားတွေသတ်ခံရတာ၊ ဟိန္ဒူဘာသာဝင်တွေ သတ်ခံရတဲ့ကိစ္စမျိုးတွေ ကြတော့ ၊ ဘယ်သူမှ investigative journalism အနေနဲ့ မရေးဘူး။ interest မရှိဘူး။ မမျှတတဲ့အခါမှာ၊ မျှမျှတတဘက်မလိုက်ဘဲ ၊ ဖော်ပြနိုင်တဲ့ မီဒီယာတွေကို ဦးစားပေးပြီးတော့၊ မီဒီယာ access ပေးရတဲ့သဘောတွေဖြစ်လာတယ်။ ဥပမာ-ကျနော်တို့ ရိုက်တာသတင်းရေးသာဖော်ပြချက်မှာ ဗုဒ္ဓဘာသာဆိုတဲ့အသုံးအနှုန်းက ဆယ်ဂဏန်းပေါ့နော်၊ တော်တော်လေးများတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကိုက၊ ဒါက ဘာသာရေးအရဆိုပြီးတော့ ဆွဲခေါ်သွားတဲ့ အရေးအသားမျိုးတွေ တွေ့ရတော့ ကျနော်တို့က စိတ်မကောင်းဘူး။”

"မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု”ဆိုတဲ့ အစီရင်ခံစာကို ရိုက်တာသတင်းဌာနက ထုတ်ပြန်လိုက်ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုတွေကို မြန်မာအစိုးရက ခွင့်ပြုဖို့ အမေရိကန်နိုင်ငံအပါအဝင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ကလည်း တောင်းဆိုမှု တွေရှိလာခဲ့ပါတယ်။ ဒီလိုတောင်းဆိုမှုတွေလုပ်လာအပြီး အစိုးရဘက်က အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG