သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းဒင်သတ်ဖြတ်မှု စုံစမ်းအရေးယူဖို့ ကန် နဲ့ ကုလတောင်းဆို


Reuters Investigates: Massacre in Myanmar မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာ ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်။ September 2, 2017. Picture taken September 2, 2017.

"မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု”ဆိုတဲ့ အစီရင်ခံစာကို ရိုက်တာသတင်းဌာနက ထုတ်ပြန်လိုက်ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုတွေကို မြန်မာအစိုးရက ခွင့်ပြုဖို့ အရေးတကြီး လိုအပ်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဗွီအိုအေကို ပြောပါတယ်။

အလားတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးကလည်း ဒီအစီရင်ခံစာပါအချက်တွေအပေါ် အလွန်ထိတ်လန့်မိပြီး မြန်မာအစိုးရအနေနဲ့ ပြည့်စုံကျယ်ပြန်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ဖို့နဲ့ ဖမ်းဆီးထားတဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ မနေ့ သောကြာနေ့က တောင်းဆိုလိုက်ပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေ သတ်ဖြတ်ခံရမှုကို စုံစမ်းဖေါ်ထုတ်ထားတဲ့ ရိုက်တာသတင်းဌာနရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှရေးရာ ပြောခွင့်ရ Justin Higgins က ဗွီအိုအေကို အခုလိုပြောပါတယ်။

"အင်းဒင်ရွာမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့အလောင်းတွေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြား ထိတ်လန့်စရာကောင်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု လက္ခဏာ တွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေအပေါ်မှာ အမေရိကန်အစိုးရအနေနဲ့ အလွန်အမင်း စိုးရိမ်မကင်းဖြစ်မိပါတယ်။ ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိသူတွေကို အသေအချာ တာဝန်ခံမှုရှိစေဖို့ အကူအညီပေးရေး အမေရိကန်အနေနဲ့ ဆက်ပြီး အလေးပေးလုပ်ဆောင်သွားမှာပါ။"

ဒါအပြင် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ မြန်မာအစိုးရအနေနဲ့ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းကြောင်း Justin Higgins က ပြောပါတယ်။

"အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်တဲ့ အရင်က အစီရင်ခံစာတွေလိုပဲ အခု အစီရင်ခံစာကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လွတ်လပ်ပြီး၊ ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုမှာ မြန်မာအာဏာပိုင်တွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့ အရေးတကြီးလိုအပ်နေဆဲဖြစ်တယ်ဆိုတာကို မီးမှောင်ထိုးပြနေပါတယ်။"

(1/1)Reuters Investigates: Massacre in Myanmar မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာ ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်။
(1/1)Reuters Investigates: Massacre in Myanmar မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာ ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်။

မှုခင်းဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ စုံစမ်းစစ်ဆေးမယ်ဆိုရင် အဲဒီမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ သိမြင်နိုင်အောင် အထောက်ကူပြုနိုင်မှာ ဖြစ်တယ်လို့ Justin Higgins ကဆိုပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ ရှင်းရှင်းလင်းလင်းသိအောင်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိသူတွေကို ဖေါ်ထုတ်နိုင်ဖို့ အပြင် တရားဥပဒေအတိုင်း ထိုက်သင့်တဲ့ တာဝန်ခံမှုရှိစေဖို့ ကြိုတင်ပြင်ဆင် အားထုတ်ကြိုးပမ်းရာမှာ ဒီစုံစမ်းစစ်ဆေးမှုဟာ အထောက်အကူပေးမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

"ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုလုပ်ရပ်ကို လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သတ်မှတ်ပြောဆိုခဲ့ပါတယ်။ ဒါကလည်း ရရှိတဲ့အချက်အလက်တွေနဲ့ သင့်လျော်တဲ့ ဥပဒေဆန်းစစ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ပြီးတဲ့နောက်မှာသာ နိုင်ငံခြားရေးဝန်ကြီးတယောက်အနေနဲ့ အရေးကြီးဆုံးလုပ်ငန်းတွေထဲက တခုအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။"

ပြစ်မှုကျူးလွန်မှုတွေအတွက် တာဝန်ခံမှု ရှိစေတာဟာ ရခိုင်ပြည်နယ်က ပဋိပက္ခကို ဖြေရှင်းရာမှာ အရေးကြီးတဲ့ အဆင့်ဖြစ်တယ်လို့လည်း Justin Higgins ကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ရဲ့ ဖေဖော်ဝါရီလ ၉ ရက်၊ သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း ဒီသတင်းအစီရင်ခံစာကို ရေးသားတဲ့ ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးထားတာကို ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။

အလားတူ ရိုက်တာသတင်းဌာနရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းဖို့ လိုအပ်နေတယ်ဆိုတာ မီးမှောင်ထိုးပြသနေပြီး၊ ဒီအစီရင်ခံစာကို ရေးသားထားတဲ့ သတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က သောကြာနေ့ နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

"ဒီနောက်ဆုံးအစီရင်ခံစာကို ကျနော်တို့ သတိပြုမိသလို အဲဒီမှာပါတဲ့ အသေးစိတ်အချက်တွေဟာ ထိတ်လန့်စရာ ကောင်းပါတယ်။ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုအားလုံးနဲ့ မတူညီတဲ့ အသိုင်းအ၀ိုင်းတွေအပေါ် တိုက်ခိုက်မှုတွေကို အာဏာပိုင်တွေအနေနဲ့ ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စုံစမ်းစစ်ဆေးဖို့ လိုအပ်နေတာဆိုတာ ထပ်ပြီး သက်သေပြလိုက်တာဖြစ်ပါတယ်။ ဒါအပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင်လည်း ဖမ်းဆီးခံထားရတဲ့ သတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားသလို ဒီအတွက် လည်း ကျနော်တို့ ဆက်ပြီး ဖိအားပေးသွားမှာပါ။"

ဖေဖော်ဝါရီလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာကို အစိုးရလျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်မှုနဲ့ လက်ရှိ ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ရေးသားခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာအမျိုးသား ၁၀ ဦး သတ်ဖြတ်ခံရတဲ့ကိစ္စကို စုံစမ်းထောက်လှမ်းပြီးတော့ ပြုစုရေးသားထားတဲ့ အစီရင်ခံစာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG