သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့မှာ တပ်မတော်ကို ထောက်ခံဆန္ဒပြ


မြန်မာ့တပ်မတော်နဲ့ အစိုးရကို ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အရေးကိစ္စတွေမှာ နိုင်ငံရပ်ခြားက ဝင်ရောက်စွက်ဖက်မှုတွေကို ရှုတ်ချကြောင်းပြသတဲ့အနေနဲ့ အမျိုးသားရေးဝါဒီတွေနဲ့ စစ်တပ်ကိုထောက်ခံသူ ထောင်နဲ့ချီပြီး တနင်္ဂနွေနေ့က ရန်ကုန်မြို့လည်မှာ ချီတက်ဆန္ဒပြကြပါတယ်။

ဆန္ဒပြသူတွေဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ပုံတွေနဲ့ ပြင်ဆင်ထားတဲ့ စင်ရှိရာ မြို့လယ်ခေါင်ကို ချီတက်ကြပြီး ကုလသမဂ္ဂ လူ့အခွင့်ရေးကော်မရှင်ကဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့က မြန်မာနိုင်ငံရဲ့ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးတွေကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုမှုကို ရှုတ်ချ ပစ်တင်ကြပါတယ်။

ဆန္ဒပြပွဲမှာ အရှင်ဝီရသူလည်း မိန့်ခွန်းပြောပြီး မြန်မာ့ပြည်တွင်းရေးကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝင်မစွက်ဖက်ဖို့ တောင်းဆိုပါတယ်။ မြန်မာနိုင်ငံသားတွေ အနေနဲ့ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အဖွဲ့အစည်းတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို စနစ်တကျ သတ်ဖြတ်မှု၊ ရွာတွေမီးရှို့မှု၊ အစုလိုက်မုဒိန်းကျင့်မှုတွေနဲ့ လူမျိုးစုလိုက်သုတ်သင်ရှင်းလင်းမှုတွေ လုပ်ခဲ့တယ်လို့စွပ်စွဲပြီး ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က ပြီးခဲ့တဲ့ လထဲမှာပဲ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အခုလို ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေဆီက တုံ့ပြန်ပြောဆိုတာ မရှိသေးကြောင်းလည်း AP သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG