သုံးရလွယ်ကူစေသည့် Link များ

သမ္မတအမိန့်အတိုင်း တပ်မတော် လိုက်နာဆောင်ရွက်မည်


သတင်းစာရှင်းလင်းပွဲ (May Kha)
သတင်းစာရှင်းလင်းပွဲ (May Kha)

မကြာသေးခင်က အမေရိကန်အောက်လွှတ်တော်က တခဲနက် အတည်ပြုလိုက်တဲ့ မြန်မာစစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို အရေးယူမယ့် ဥပဒေပြင် ဆင်ချက်မူကြမ်းက အမေရိကန်နဲ့ မြန်မာစစ်ဖက် ဆက်ဆံမှုအပေါ်မှာ အကန့်အသတ် ဖြစ်စေမှာမဟုတ်ဘူးလို့ တပ်ပိုင်းဆိုင်ရာ အဆင့်မြင့်အရာရှိတဦးက ဆို လိုက်ပါတယ်။ လက်ရှိနှောင့်နှေးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ နှောင့်နှေးနေရမှုဟာ တပ်မတော်ရဲ့ စစ်ရေးနည်းနဲ့ဖိအားပေးမှုတွေ ကြောင့်မဟုတ်သလို၊ နိုင်ငံတော်သမ္မတက ညွှန်ကြားလာရင် စစ်ဆင်ရေးတွေ ရပ်ပေးဖို့အသင့်ရှိတယ်လို့ ပြောလိုက်ပါတယ်။ ဒီသတင်းကို နေပြည်တော်မှာကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက်မေခက ပေးပို့ထားပါတယ်။

ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တနှစ်တာကာလအတွင်း ဆောင်ရွက်နေမှုတွေနဲ့ပတ်သတ်လို့ သတင်းစာရှင်းလင်းပွဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတဲ့ အတွက်မြန်မာစစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို အရေးယူမယ့် အမေရိကန်နိုင်ငံကာကွယ် ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ ဥပဒေပြင် ဆင်ချက်မူကြမ်းအပေါ် တပ်မတော်ရဲ့သဘောထားနဲ့ပတ်သတ်လို့ ဗွီအိုအေ သတင်းဌာနမေးမြန်းမှုခဲ့တာကို ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှုးချုပ်အောင်ကျော်ဟိုးက အခုလိုပြန်ဖြေကြားခဲ့တာဖြစ်ပါတယ်။

"လူ့အခွင့်အရေးချိုးဖောက်တယ် ချိုးဖောက်တယ်ဆိုပြီးတော့ အရမ်းကိုပြောလာတဲ့စွပ်စွဲမှုပေါ့။ကျနော်တို့မကြာခဏပြောပါတယ်။ ကျနော်တို့ လူ့အခွင့်အရေးချိုးဖောက်တာရှိတယ်ဆိုပြောပါ။ သက်သေအထောက်အထားနဲ့ပြပါ။ သက်သေအထောက်အထားနဲ့မပြဘဲနဲ့ နေရာတကာမှာလူ့အခွင့်အရေး ချိုးဖောက်တယ် ချိုးဖောက်တယ်ဆိုတာကတော့ စွပ်စွဲတာက စွပ်စွဲမှုသတ်သတ်သာဖြစ်ပါတယ်။ အခုကကျတော့ တဖက်သတ်စွပ်စွဲနေမှုဘဲဖြစ်ပါတယ်။"

ဒီအပြင် အမေရိကန်နိုင်ငံက မကြာခင်က ပြင်ဆင်လိုက်တဲ့ အမေရိကန်နိုင်ငံကာကွယ် ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ ပင် ဆင်ချက်မူကြမ်းက အမေရိကန်နဲ့ မြန်မာစစ်ဖက် ဆက်ဆံမှုအပေါ်မှာ အကန့်အသတ် ဖြစ်စေမှာမဟုတ်ဘူးလို့ လည်းဆိုလိုက်ပြီး အမေရိကန်ကနေ စစ်ရေးဆိုင်ရာသင်တန်း၊ စစ်လက်နက် ပစ္စည်းထောက်ပံ့မှုတွေ၊ စစ်ရေးအရ ထောက်ပံ့မှုတွေပူးတွဲဆောင်ရွက်ထားတာမရှိတာကြောင့် စစ်ဘက်ဆိုင်ရာပိုင်း ဆက်ဆံမှု တင်းမာစရာမရှိဘူးလို့ လည်းပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသားဒေသတွေနဲ့ လူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်လို့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲထားကြပြီး၊ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့ တိုက်တွန်းနေကြဆဲပါ။

လတ်တလောမှာလည်း ငြိမ်းချမ်းရေးကို ဦးတည်လုပ်ဆောင်မယ်ဆိုတဲ့ NLD အစိုးရလက်ထက်မှာ တိုင်းရင်းသားဒေသတွေမှာ စစ်ရေးပိုတင်းမာလာခဲ့တာတွေ ရှိနေတဲ့အပြင် NLD အစိုးရဖော်ဆောင်နေတဲ့ ပင်လုံညီလာခံကလည်း နှောင့်နှေးကြန့်ကြာမှုတွေရှိနေခဲ့တာတွေရှိနေပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှောင့်နှေးနေရမှုနဲ့ပတ်သတ်လို့ ဗီအိုအေ မေးမြန်းတာမှာ သူက အခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်။

" ငြိမ်းချမ်းရေးဖော်ဆောင်မှုနှောင့်နှေးနေရတဲ့ အကြောင်းတရားသည်တပ်မတော်ကြောင့်မဟုတ်ပါဘူး။ ဒီအပေါ်မှာမူတည်ပြီးတော့ သူတို့တွေဟာ သူတို့ရထားတဲ့ အခွင့်အရေးပေါ့။ လက်နက်စွဲကိုင်တောင်းဆိုတဲ့ အချက်တွေ အဲပေါ်မူတည်ပြီးတော့ဘဲ ကြန့်ကြာနေရတာဖြစ်ပါတယ်။"

ဒီအပြင် လက်ရှိ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် တပ်မတော်ပါဝင်မှုအပေါ် ဝေဖန်မှုနဲ့ မေးခွန်းတွေများစွာရှိနေပါတယ်။ အရင်သမ္မတဟောင်း ဦးသိန်း စိန်ရဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုအပေါ် တပ်မတော်ပါဝင်မှု နဲ့ NLD အစိုးရ ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအပေါ် တပ်မတော်ပါဝင်မှု နဲ့ပတ်သတ်လို့ ဘယ်အစိုးရလက်အောက်မှာဘဲ ဖြစ်ဖြစ်တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ အသင့်ရှိနေသလို စစ်ဆင်ရေးရပ်ဖို့ လက်ရှိသမ္မတကအမိန့်ပေးလာရင်လည်း ရပ်သွားမယ်လို့ ဆိုလိုက်ပါတယ်။

"ကျနော်တို့ တပ်မတော် အနေနဲ့ကတော့ နိုင်ငံတော်ရဲ့ ဦးဆောင်မှု အောက်မှာပဲ ရှိပါ တယ်။ နိုင်ငံတော် သမ္မတက ဒီနိုင်ငံရဲ့ အကြီးအကဲ ဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ အကြီးအကဲဖြစ်လို့ သူကနေပြီးတော့ တရား ဥပဒေနဲ့ ညီညွှတ်တဲ့ အမိန့် ပေးလာခဲ့မယ်ဆိုရင် ကျနော်တို့ လိုက်နာ ဆောင်ရွက်ဖို့ အသင့်ပါပဲ။ ဘာမှ မလိုက်နာနိုင် စရာ အကြောင်း မရှိပါဘူး "

လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အုပ်ချုပ်မှုတပ်တွေ၊ တပ်ရင်း ဌာနချုပ်တွေကို တိုက်ခိုက်လို့ တုံ့ပြန်တာဖြစ်ကြောင်း ဗိုလ်မှူးချုပ်အောင်ကျော်ဟိုး ကဆိုပါတယ်။ တပ် မတော်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက်သာ လုပ်ဆောင်နေတာဖြစ်ပြီး စစ်ရေးအရဖိအားပေးတာမရှိဘူးလို့လည်း ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG