ထိုင်းနိုင်ငံတွင်းမှာ တရားမဝင် နေထိုင်သူတွေကို လိုက်လံဖမ်းဆီးမှုတွေ တိုးလုပ်လာချိန်မှာပဲ ထိုင်းမြန်မာနယ်စပ် ရနောင်းခရိုင်နဲ့ ကမ်ချနဘူရီခရိုင်တွေမှာ လူကုန်ကူးသူတွေ ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၅၈ယောက်ကို ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ ၁၂ရက်နေ့ က ဖမ်းဆီးမိခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံ ကော့သောင်းမြို့ကနေ စက်လှေနှစ်စင်းနဲ့ ခိုးဝင်လာကြတဲ့ မြန်မာနိုင်ငံသား ၃၈ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့က အထွက် စွတ်စန်ရန်ခရိုင်အတွင်းမှာ ထိုင်းအမှတ် ၂၅ စစ်တပ် ရဲ့စစ်ဆေးရေးဂိတ်ကနေ ဖမ်းဆီးခဲ့တာပါ။ သူတို့ကို ထိုင်းနိုင်ငံသား လူကုန်ကူး သမားတွေက ရနောင်းမြိုမှာ အသင့်စောင့်နေပြီး ပစ်ကပ်ကားသုံးစီးနဲ့ထိုင်းနိုင်ငံအတွင်းကို သယ်ဆောင်မောင်းနှင်လာချိန်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ရနောင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး နိုင်ပွန်ထစ်ပွန်စီကတော့အခုလိုပြောသွားပါတယ်
" အခုလို နယ်စပ်တလျောက်မှာ စစ်ဆေးရေးဂိတ်တွေ များများချပြီး စစ်ဆေးနေရတာကတော့ အစိုးရက ချမှတ်ထားတဲ့ မူဝါဒအတိုင်းလုပ်တာဖြစ်ပါတယ်။ ရနောင်းခရိုင်ဟာ မြန်မာနယ်စပ်နဲ့ ထိစပ်နေတဲ့အတွက် တဖက်နိုင်ငံကနေ ဝင်လာနေတဲ့ တရားမဝင်ကုန်ပစ္စည်းတွေ မူးယစ်ဆေးဝါးတွေနဲ့ လူကုန်ကူးနေတဲ့ မူခင်းတွေကို ပိုမိုဖော်ထုတ်နိုင်ဖို့ဖြစ်ပါတယ်"
လူမှောင်ခိုသမားတွေက ကားသုံးစီးနဲ့ စစ်တပ်စစ်ဆေးရေးဂိတ် ကိုဖြတ်မောင်းဖို့ကြိုစားခဲ့တာကြောင့် စစ်တပ်ကားတွေနဲ့ နောက်ကနေအမှီလိုက်မောင်း ဖမ်းဆီးခဲ့ရာမှာ ၊ ပထမကားတစီးဖြစ်တဲ့ ကရာဘီမြိုနယ် လိုင်စဉ်နံပါတ် နဲ့ကားက ကားဘီးပေါက်ပြီး လမ်းဘေးထိုးရပ်သွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ကားမောင်းသူတွေက ထွက်ပြေးသွားခဲ့ကြပါတယ်။ ကားမောင်းသူတွေဟာ ထိုင်းနိုင်ငံသားတွေဖြစ်တယ်လို့ကားသုံးစီး ထဲမှာ လိုက်ပါလာသူ မြန်မာနိုင်ငံသား( ၃၈ )ဦး က ထွက်ဆိုခဲ့ကြပါတယ်။
အာဏာပိုင်တွေကတော့ ဒီလူတွေထဲက လူကုန်ကူးသမားတွေပါ မပါ ဆက်စစ်ဆေးနေပြီး ထွက်ပြေးသွားတဲ့ ထိုင်းနိုင်ငံသားကားမောင်းသမားတွေကို လည်း သူတို့ရဲ့ကားလိုင်စင်နံပတ်တွေကို ကြည့်ပြီး လူမှောင်ခိုသမားတွေထွက်ပြေးလို့ မလွတ်နိုင်ကြောင်းနဲ့ ဆက်လက်ဖမ်းဆီးမယ်လို့ ပြောပါတယ်။
နိုဝင်ဘာလ ၁၂ ရက်နေ့မှာပဲ ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီခရိုင် အတွင်းမှာ တရားမဝင် မြန်မာနိုင်ငံသား ၂၀ လူမှောင်ခိုတင်ကားကိုလည်း နယ်ခြားစောင့် တပ်ရင်းစစ်ဆေးဂိတ်မှာ ဖမ်းမိသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံသား လူမှောင်ခိုးသမားတဦးကိုလည် းဖမ်းဆီးခဲ့ပါတယ်။
အခုအချိန်မှာ ထိုင်းနိုင်ငံတွင်းမှာ တရားမဝင်နိုင်ငံခြားသားအလုပ်သမားတွေကို ဆက်တိုက်ဖမ်းဆီးနေတဲ့ကြားက လူကုန်ကူးနေတဲ့သူတွေဟာ မြန်မာနိုင်ငံသားတွေကို နယ်စပ်လမ်းကြောင်းမျိုးစုံသုံးပြီး ခေါ်ဆောင်လာတယ်လို့လည်း ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။မြန်မာနိုင်ငံသားတွေဟာ ထိုင်းကိုကျော်ပြီး မလေးရှားကိုသွားကြဖို့အတွက် လူပွဲစားတွေကို ဘတ်ငွေ ၂၀၀၀၀ အထိပေးပြီး သွားနေကြတာပါ။
၂၀၁၈ခုနှစ် အတွက်ထုတ်ပြန်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမူနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံကို စောင့်ကြည့်အဆင့် tire 2 ကလျော့ချလိုက်ပြီး အဆိုးဝါးဆုံး TIRE 3 အဆင့်ကိုသတ်မှတ်လိုက်တာပါ။ အခုလို Tier 3 ကို အဆင့်လျှော့ချ သတ်မှတ်လိုက်ရတာဟာ လူကုန်ကူးမှု ပပျောက်ရေးဆိုင်ရာ အနိမ့်ဆုံး သတ်မှတ်ချက်တွေကို အပြည့်အဝပြည့်မီအောင် မြန်မာအစိုးရက လုပ်ဆောင်နိုင်ခြင်းမရှိသလို အဲဒီလိုပြည့်မီဖို့အတွက် သိသာတဲ့ လုပ်ဆောင်မှုတွေ မရှိ တာကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ မြန်မာလူမျိုးတွေ နဲဆက်စပ်ပြီး လူကုန်ကူးမူအများဆုံးဖြစ်နေတဲ့ ထိုင်းနိုင်ငံကတော့ tire 2 စောင့်ကြည့်အဆင့်ထဲမှာပဲ ထည့်သွင်းထားဆဲဖြစ်ပါတယ်။