သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာဗုံးခွဲမှု ဆက်စပ်သံသယရှိသူ ရန်ကုန်မှာတွေ့ရှိ စုံစမ်းစစ်ဆေးနေ 


သီရိလင်္ကာနိုင်ငံမှာ ဧပြီလအတွင်း ဖြစ်သွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက် ဆက်နွယ်နေတယ်လို့ သံသယဖြစ်ခံရပြီး မြန်မာနိုင်ငံမှာ ရောက်နေတယ်ဆိုသူကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ဒီကနေ့ ဖမ်းဆီ မိလိုက်ပြီ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးရုံးမှာ နေထိုင်ခွင့် သက်တမ်းလာတိုးစဉ် အဖမ်းခံလိုက်ရတဲ့ မှတ်တမ်း ဗွီဒီယိုတွေထွက်ပေါ်နေပေမယ့် သက်ဆိုင်ရာ ရဲစခန်းကတော့ သူ့ကို ဖမ်းမိကြောင်း အတည်မပြုသေးပါဘူး။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

သီရိလင်္ကာနိုင်ငံမြို့တော် ကိုလံဘိုအနီးဝန်းကျင်မှာရှိတဲ့ ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို ဧပြီလ ၂၁ ရက်နေ့က အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက် ဆက်နွယ်နေတယ်လို့ သံသယရှိခံသူ Abdul Salam Irshad Mohmood ဆိုသူဟာ မြန်မာနိုင်ငံကို ရောက်နေတာကြောင့် သူ့ကိုတွေ့ရင် သတင်းပေးကြဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သူ့ပုံနဲ့တကွ သတင်းထုတ်ပြန်ပြီး နောက်တနေ့မှာဘဲ ပန်းဆိုးတန်းမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးရှေ့မှာ ဒီကနေ့ ဖမ်းဆီးခံရတဲ့ မှတ်တမ်း ဗွီဒီယိုကို ဧရာဝတီ သတင်းဌာနက ထုတ်ပြန်ခဲ့တာပါ။

ဗွီဒီယိုထဲမှာ သူ့အနေနဲ့ ဘာပြစ်မှုမှ ကျူးလွန်ခဲ့ခြင်းမရှိဘူးလို့ အင်္ဂလိပ်လို ပြောထားတဲ့အသံလည်း ပါဝင်ပါတယ်။

သူ့ကို ဖမ်းဆီးထားတဲ့ကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာအပိုင် ရဲစခန်းကို ဗွီအိုအေက ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ ဖမ်းခံရတယ်ဆိုတဲ့သတင်း သူတို့ကြားပေမယ့် သူ့ကို ဘယ်နေရာမှာ ထိန်သိမ်းထားတယ်ဆိုတာကို မသိကြောင်း တာဝန်ခံ ရဲအရာရှိက အခုလို ပြောပါတယ်။

ဖြေ။ ။ တရားခံက ကျနော်တို့စခန်းမရောက်သေးဘူးခင်ဗျ အဲဒါကြောင့် ကျနော်တို့ အတည်မပြုပေးနိုင်သေးဘူး။

မေး။ ။ ဆရာရော ဘာကြားမိလဲ တခြားနေရာမှာ မိတယ်လို့ကြားမိလား

ဖြေ။ ။ ကျနော်တို့လည်း ကြားတယ် ဒါပေမယ့် လက်ရှိအခြေအနေမှာ confirm မဖြစ်သေးဘူး။ အဲလိုပဲ မိတယ် တွေ့တယ်လို့ကြားတာလေ ကျနော်တို့လည်း သေချာမသိဘူး။”

၂၀၁၈ ခုနှစ် ဇန်နဝါရီလကတည်းက မြန်မာနိုင်ငံကို ရောက်နေတဲ့ Abdul Salam Irshad Mohmood ကိုတော့ အရပ်ဝတ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လူဝင်မှုကြီးကြပ်ရေးရုံးရှေ့မှာဘဲ ဖမ်းဆီး ထိန်းသိမ်းပြီး ကားပေါ်ခေါ်တင်သွားခဲ့တာပါ။

သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တလ Easter Sunday နေ့ကဖြစ်သွားခဲ့တဲ့ အဲဒီ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူ ၂၅၀ ထက်မနည်း သေဆုံးသွားခဲ့ရတာပါ။ ဒီတိုက်ခိုက်မှုကို သူတို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့က ပြောထားပါတယ်။

IS စစ်သွေးကြွအဖွဲ့ဟာ မလေးရှားကို ကြားစခန်းထားပြီး မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ဝင်ရောက်ဖို့ ပြင်ဆင်နေကြောင်း မလေးရှားရဲချုပ်က ဧပြီလအတွင်းမှာဘဲ ပြောကြားခဲ့တဲ့အတွက် မြန်မာနိုင်ငံအတွင်း လုံခြုံရေးသတိထားပြီး လုပ်ဆောင်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း။ ။ မလေးရှားရဲချုပ်က IS နဲ့ ပတ်သက်ပြီး (သတိပေးလို့ )သွားလာတိုင်း ကျနော်တို့က လုံခြုံရေးသတိရှိဖို့ လုံခြုံရေးနဲ့ ပတ်သက်ပြီး စစ်ဆေးဆောင်ရွက်ဖို့ သက်ဆိုင်ရာ တိုင်းနဲ့ နယ်မြေနဲ့ကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

မေး။ ။ ဟုတ်ကဲ့ တပ်မတော်ဘက်ကတော့ ဒီလူကိစ္စမှာပေါ့ ၊ ပြည်ထဲရေးနဲ့ ရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေသလား ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေရှိနေပါသလဲ။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း။ ။ ဟုတ်ကဲ့ အဲလိုပဲ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ဘက်မှာလည်း သတင်းအဖွဲ့တွေရှိပါတယ်။ သတင်းရယူစုံစမ်းတဲ့အဖွဲ့တွေရှိပါတယ်။ အဲဒီအဖွဲ့တွေကတော့ သူတို့လုပ်ရိုးလုပ်စဉ်အတိုင်းနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါမယ်။

မေး။ ။ အခုက မြန်မာနိုင်ငံမှာလည်း ဆရာတို့သိတဲ့အတိုင်းပဲ အကြမ်းဖက် တိုက်ခိုက်မှုတွေဆိုတာကလည်း ရခိုင်ကိစ္စနဲ့ ဆက်နွယ်ပြီးတော့ အသံတွေက ထွက်နေတော့ အခုလိုမျိုး နောက် ထပ်ဆင့်ကဲသီရိလင်္ကာ သတင်းတွေထွကလာတော့ ဆရာတို့ Alert level တွေ သတိပေးချက်တွေ ပိုပြီးတော့ မြှင့်ထားတာတွေများရှိပါသလဲ ထူးထူးကဲကဲ။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း။ ။ ထူးထူးကဲကဲမြှင့်ထားတာကတော့ ဒါနဲ့ပတ်သက်ပြီး သတိပေးချက်ကတော့ အဆက်မပျက်ဆောင်ရွက်လျက်ရှိတယ်။ ကျနော်တို့ဆီမှာတော့ လုံခြုံရေးအပိုင်းနဲ့ ပတ်သက်လာရင် ၄ မျိုးလုံခြုံရေးရှိတယ်၊ သတင်းလုံခြုံရေးရှိတယ်၊ စစ်ပစ္စည်းလုံခြုံရေးရှိတယ်၊ စစ်ဆင်ရေးလုံခြုံရေးရှိတယ်။ ဒီလုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ ပိုမိုပြီးဆောင်ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်ကို နယ်မြေအလိုက် သတင်းပေးနေတာတွေရှိပါတယ်။”

၂ဝ၁၂ခုနှစ်နောက်ပိုင်းကစလို့ မြန်မာနိုင်ငံဟာ အကြမ်းဖက်အဖွဲ့တွေရဲ့ ပစ်မှတ်တခု ဖြစ်လာနေတဲ့အကြောင်းနဲ့ အကြမ်းဖက်မှုကာကွယ်ရေး ကိစ္စတွေကိုလည်း လုပ်ဆောင်နေတဲ့အကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေက မကြာသေးခင်ကဘဲ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG