G5 ကွန်ယက်တွေ တည်ထောင်ဖို့ လုပ်နေတဲ့ ဥရောပ မဟာမိတ်တွေ အနေနဲ့ လုံခြုံရေးဆိုင်ရာ အန္တရာယ်ရှိတဲ့ တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ ဟွာဝေ Huawei ကို သတိထားဖို့ အမေရိကန် ပြည်ထောင်စုက ထပ်မံသတိပေးလိုက်ပါတယ်။
အမေရိကန်နဲ့ လုံခြုံရေးဆိုင်ရာ ထိပ်တန်း လျှို့ဝှက် အချက်အလက်တွေ မျှဝေသုံးစွဲနေတဲ့ ဥရောပမဟာမိတ်တွေ အနေနဲ့ အန္တရာယ်ရှိတဲ့ ဟွာဝေးကုမ္ပဏီရဲ့ ကွန်ယက်ကို မသုံးကြဖို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တနင်္လာနေ့ နယ်သာလန် The Hague မှာ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး Stef Blok နဲ့ တွေ့ဆုံပွဲအပြိးပြောကြားခဲ့ပါတယ်။
ဒတ်ချ် ထောက်လှန်းရေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ဟွာဝေကုမ္ပဏီရဲ့ software မှာ ဖုံးကွယ်ထားတဲ့ အရာရှိနေတာကို တွေ့ရှိခဲ့တဲ့အတွက် သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို သိခွင့် မပေးခဲ့ကြောင်း အစီရင်ခံစာ ထွက်ပေါ်လာချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Huawei ကုမ္ပဏီရဲ့ CEO Ren Zhengfei ကတော့ သူ့ကုမ္ပဏီက သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်လက်တွေကို မျှဝေမှု မရှိကြောင်းနဲ့ သူ့ကုမ္ပဏီကို တရုတ်အစိုးရက ထိန်းချုပ်ထားမှု မရှိကြောင်း ငြင်းဆိုပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့ကုမ္ပဏီဟာ ဝန်ကြီး Pompeo နဲ့ တခြား အမေရိကန် အရာရှိတွေ ပြောကြားနေသလို တရုတ်အစိုးရနဲ့ လက်တွဲ လုပ်ဆောင်နေတာ မဟုတ်ကြောင်းလည်း ပြောပါတယ်။
နယ်သာလန်အစိုးရ အနေနဲ့ သူ့မဟာမိတ်တွေနဲ့ မူဝါဒဆိုင်ရာ လက်တွဲဆောင်ရွက်လိုကြောင်းနဲ့ သူ့နိုင်ငံက 5G အင်တာနက်ကွန်ယက် အသစ် ဖေါ်ဆောင်နေချိန်မှာ သူတို့ရဲ့ လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို သူတို့ကိုယ်တိုင်ချမှတ်မှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Blok က ပြောပါတယ်။