သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကပ်ဘေးကြောင့် မြန်မာလယ်သမားတွေ အထောက်အပံ့ရဖို့ ခက်ခဲနေ


မှတ်တမ်းဓါတ်ပုံ- ၂၀၀၈ ဧပြီတုန်းက စပါးစိုက်နေသည် လယ်သမားများကို တွေ့ရစဉ်
မှတ်တမ်းဓါတ်ပုံ- ၂၀၀၈ ဧပြီတုန်းက စပါးစိုက်နေသည် လယ်သမားများကို တွေ့ရစဉ်

(Zawgyi/Unicode)

တောင်သူလယ်သမားတွေ ကိုဗစ်ရောဂါကြောင့် အထောက်အပံ့ရဖို့ခက်ခဲနေတဲ့ အခြေအနေကို မ စုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။ မြန်မာနိုင်ငံမှာ အခုလို မိုးရာသီနီးလာချိန်မှာ မိုးစပါးအပါအဝင် ကောက်ပဲသီးနှံတွေကို စိုက်ပျိုးကြရတဲ့ လယ်သမားတွေကို ငွေေချေးနိုင်ဖို့ အတော်လေးအခက်အခဲဖြစ်နေတယ်လို့ ကျေးလက်ဒေသတွေက လယ်သမားတွေအတွက် အသေးစားငွေချေးပေးနေတဲ့ Proximity Finance လုပ်ငန်းက ပြောပါတယ်။

ဘာကြောင့် အခက်အခဲဖြစ်ရသလဲ၊ လယ်သမားတွေအနေနဲ့ စိုက်ပျိုးချိန် အချိန်မှီချေးငွေမရရင် ဘယ်လောက်အတိုင်းအတာအထိ ဒုက္ခရောက်နိုင်သလဲဆိုတာကို Proximity Finance ရဲ့ချေးငွေလုပ်ငန်းပိုင်း တာဝန်ရှိသူ ကိုစိုးထိုက်လွင်ကို မစုမြတ်မွန် မေးမြန်းထားပါတယ်။ သူတို့ကြုံနေတဲ့ အခက်အခဲကို မေးမြန်းစဉ် သူက အခုလိုစပြောပါတယ်။

ကိုစိုးထိုက်လွင်။ ။ လက်ရှိမှာတော့ တောင်သူလယ်သမားတွေကို ငွေသွားချေးပေးဖို့က တော်တော် အခက်အခဲဖြစ်တယ်။ အခုအချိန်မှာ ၂ ပိုင်းရှိတယ်ပေါ့နော်၊ တပိုင်းက ကျနော်တို့ ဧပြီလ တလလုံး နားလိုက်ရတဲ့အတွက်ကို ဧပြီလမှာ နားလိုက်တဲ့ တောင်သူတွေအတွက် ကျနော်တို့တွေက ချေးငွေတွေ ပြန်ထုတ်ချေးတာတွေ လုပ်ရတယ်။ နောက်တပိုင်းကတော့ မိုးစပါးကို အဓိက စိုက်ပျိုးတဲ့ ဧရာဝတီတလျောက်လုံးကို ကျနော်တို့က ချေးငွေထုတ်ချေးပေးတဲ့ အစီအစဉ်တွေ စလုပ်ရတယ်။ ၂ ပတ်အတွင်းမှာ မလုပ်နိုင်ဘူးဆိုရင် သူတို့ စိုက်ပျိုးချိန်က ကျော်သွားရော။ အခုလောလောဆည် COVID ကြောင့် အခက်အခဲတွေက အမျိုးမျိုးရှိတယ်ပေါ့နော်။ နံပတ် ၁ အချက်ကတော့ အစိုးရ ဌာနဆိုင်ရာတွေ ထုတ်ထားတာတော်တော်များများက တချို့အပိုင်းလေးတွေမှာ မရှင်းမရှင်းဖြစ်တဲ့အချိန်မှာ ရပ်ရွာတွေဘက်က ဖြစ်စေ မြို့နယ်တွေဘက်က ဖြစ်စေ၊ လိုသလို ယူစွဲပြီးတော့ အသုံးပြုကြရတဲ့ အတွက်ကြောင့် တခါတလေကျရင် ကျနော်တို့ ကျေးရွာတွေမှာ လိုအပ်တဲ့ အခက်အခဲကို ဖြည့်ဖို့ ကျေးရွာတွေမှာ ဝင်ခွင့်မရဘူးဆိုတာမျိုးတွေ ဖြစ်တယ်ပေါ့နော်။ နောက်တခုကတော့ မြို့နယ်ပိုင်းဆိုင်ရာတွေ ကပဲ ဖြစ်ဖြစ်၊ ရပ်ရွာပိုင်းဆိုင်ရာတွေကပဲ ဖြစ်ဖြစ် ၊ တရွာနဲ့ တရွာပဲ ဖြစ်ဖြစ် တမြို့နယ်နဲ့ တမြို့နယ် အကြားမှာ ကုန်စည်တွေ ပို့တဲ့အပိုင်းတွေ တချို့နေရာတွေမှာ ဝင်ခွင့်မရတော့ နည်းနည်းလေး ပြဿနာ ဖြစ်တာပေါ့နော်။ အဲဒါမျိုးဟာလေးတွေတော့ တော်တော်ကြုံခဲ့ရတယ်။

မစုမြတ်မွန်။ ။ အဲတော့ တောင်သူလယ်သမားတွေကို ငွေသွားချေးပေးဖို့ ရွာတွေထဲ ဝင်မရတာမျိုးက တော်တော်ဖြစ်တာလားရှင့်။

ကိုစိုးထိုက်လွင်။ ။ ဘယ်ဌာနရဲ့ ဘယ်လိုမျိုး စာမျိုးကို ယူလာခဲ့ပါ။ အဲဒါဆိုရင် ဝင်ခွင့်ပေးပါမယ် ဆိုတာမျိုးတွေ အရမ်းဖြစ်တယ်ပေါ့နော်။ ဒီကြားထဲမှာ ဌာနပိုင်းဆိုင်ရာတွေရဲ့ ချိတ်ဆက်မှု နောက်ပြီးတော့ ရပ်ရွာတွေနဲ့ ချိတ်ဆက်မှု နောက် ဒီလိုမျိုး အဓိက လုပ်ငန်းတွေဖြစ်တဲ့ ဘဏ်လုပ်ငန်းမျိုး ကျနော်တို့လို အသေးစားချေးငွေ လုပ်ငန်းမျိုးတွေကိုတော့ ချွင်းချက်အနေနဲ့ခွင့်ပြုချက်ပေးနိုင်မယ်ဆိုရင်တော့ ကျနော်တို့ တောင်သူတွေကို ပိုပြီးတော့ တွင်တွင်ကျယ်ကျယ် အထောက်အကူ ပြုနိုင်မှာပေါ့နော်။ တောင်သူတွေအတွက် စိုက်ပျိုးချိန်ရောက်နေတယ်၊ စိုက်ပျိုးရေးအတွက်လည်း ငွေလိုအပ်နေတယ်။ ဒါ့အပြင် ပုံမှန်ဆိုရင် သူတို့ ရပ်ရွာမှာ အခြားငွေတိုးချေးစားတဲ့လူတွေက ချေးလို့ရနေပေမယ့် အခုလိုအခြေအနေမှာက ချေးလို့မရတဲ့ အခက်အခဲတွေ ဖြစ်နေတော့ အဘက်ဘက်က သူတို့အတွက် ကျပ်တည်းတာပေါ့နော်။

မစုမြတ်မွန်။ ။ အခုလို တောင်သူတွေကြုံနေတဲ့ အခက်အခဲကို မဖြည့်ဆည်းနိုင်ရင် ဘယ်လောက်အတိုင်းအတာအထိ ဒုက္ခရောက်သွားနိုင်တယ်လို့ရော ခန့်မှန်းပါလဲ။

ကိုစိုးထိုက်လွင်။ ။ အကယ်၍ ဒီ လိုအခြေအနေမျိုးမှာလာမယ့် ၃ ပတ်အတွင်း တောင်သူတွေကို မချေးလိုက်နိုင်ဘူး ဆိုရင် တရာသီလုံး သူတို့တွေ မစိုက်ပျိုးနိုင်ဘူး ဖြစ်သွားမယ်။ တရာသီလုံး သူတို့တွေ စိုက်ပျိုးနိုင်ခြင်းမရှိဘူးဆိုရင် ကျနော်တို့ တနိုင်ငံလုံးအတွက် အစားအစာ အကျပ်အတည်း ဖြစ်တာမျိုးတွေ ဖြစ်လာမယ်။ ဒါ့အပြင် သူတို့တွေ ဝင်ငွေမရှိတဲ့အတွက်လည်း ဝင်ငွေ အကျပ်အတည်းမျိုးတွေ ဖြစ်လာမယ်။ ဝင်ငွေ အကျပ်အတည်းမျိုးတွေ ဖြစ်လာတဲ့အခါမှာ စားသောက်ကုန် တွေ ထုတ်ကုန်တွေ ဝယ်ယူသုံးစွဲနိုင်ခြင်းမရှိတော့ဘူးဆိုရင် ကျနော်တို့ နိုင်ငံအတွက်လည်း အဘက်ဘက်က ကြည့်မယ်ဆိုရင် အဆင်မပြေဘူးပေ့ါနော်။ နောက်တခု ကျနော် ထပ်ဖြည့်ပြီးတော့ ပြောချင်တာကတော့ အခုလောလောဆည်မှာ နိုင်ငံအသီးသီးကနေပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ နိုင်ငံသား တော်တော်များများလည်းရှိတယ်။ အများအားဖြင့်ဆိုရင် တောင်သူ မိသားစုတွေ တော်တေ်ာများများ အဲလိုအခြေအနေဖြစ်တဲ့အတွက် သူတို့တွေ တဖက်တလမ်းကနေပြီးတော့ ဝင်ငွေတွေ လျော့နည်းတာမျိုးတွေဖြစ်တယ်။ တဖက်တလမ်းကနေ ဝင်ငွေ လျော့နည်းတဲ့အခါမှာ သူတို့ မိသားစုရဲ့ စားဝတ်နေရေး အကျပ်အတည်း တွေလည်း ဖြစ်တာမျိုးတွေ ဖြစ်တယ်ပေါ့နော်။ အကယ်၍ အစိုးရပိုင်းဆိုင်ရာမျိုးကနေဖြစ်စေ ဒါမှမဟုတ်ရင် ပုဂ္ဂလိက လုပ်ငန်းဆိုင်ရာမျိုးကပဲ ဖြစ်စေ ရပ်ရွာထဲမှာ မြို့နယ်ထဲမှာ အထောက်အပံ့ Project တွေလိုမျိုး တည်ထောင်ပေးနိုင်မယ်ဆိုရင် ဒီလိုမျိုး လုပ်သားတွေကို ခေါ်ယူ သုံးစွဲနိုင်ခြင်းအားဖြင့် သူတို့အနေနဲ့ အဘက်ဘက်ကနေ ဝင်ငွေ ပြန်ဝင်လာတယ်ဆိုရင် မိသားစု အကျပ်အတည်းကိုလည်း နည်းနည်းဖြေရှင်း နိုင်မယ်ပေါ့နော်။

Proximity Finance ရဲ့ငွေချေးလုပ်ငန်းပိုင်း တာဝန်ရှိသူ ကိုစိုးထိုက်လွင်ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အသွားအလာတွေ ကန့်သတ်ထားတဲ့အတွက် စိုက်ပျိုးသီးနှံတွေ အရောင်းခက်နေချိန်မှာ လယ်ယာစိုက်တောင်သူတွေအနေနဲ့ နောက်ထပ်စိုက်ပျိုးဖို့ ထောက်ပံ့မှုတွေ အမြန်ဆုံးမရနိုင်ရင် စိုက်ပျိုးရေးပိုင်းထိခိုက်ပြီး စားနပ်ရိက္ခာဖူလုံရေးပိုင်းအတွက် စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးနေကြပါတယ်။ အစိုးရရဲ့ COVID-19 အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်တွေထဲမှာတော့ ထိခိုက်နေတဲ့လယ်သမားတွေအတွက် အထောက်အပံ့တွေ ပေးသွားမယ့်အစီအစဉ်ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)








XS
SM
MD
LG