သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေသားထောက်ပံ့ကြေး ရသင့်သူစာရင်း ကောက်ယူတာမှာ သေချာစိစစ်နေရ


ရန်ကုန်မြို့ရှိ လှိုင်သာယာမြို့နယ်အတွင်း သွားလာနေကြတဲ့ လူတချို့။ (မေ ၁၆၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ လှိုင်သာယာမြို့နယ်အတွင်း သွားလာနေကြတဲ့ လူတချို့။ (မေ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားလူတွေ COVID ကာလ စားဝတ်နေရေး အဆင်ပြေစေဖို့ ဒုတိယအကြိမ်အဖြစ် ငွေသားထောက်ပံ့ကြေးပေးဖို့ အစီအစဉ်အတွက် မြို့နယ်အလိုက် စာရင်းကောက်ယူမှုတွေ ပြုလုပ်နေတာမှာ ဘယ်လို စိစစ်နေလဲဆိုတာ ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက တင်ပြပေးပါမယ်။

COVID-19 ကပ်ရောဂါ အကြပ်အတည်းကာလမှာ ပြည်သူတွေ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် အစိုးရက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေနှင့် ဒုက္ခသည်စခန်းမှာရှိနေကြတဲ့သူတွေအတွက် ငွေသားထောက်ပံ့ကြေးကို ၃၀,၀၀၀ ကနေ ၄၀,၀၀၀ ကြား သတ်မှတ်ပြီး ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။

ယခင် ပထမတစ်ကြိမ်ထောက်ပံ့ရိက္ခာ ဝေခဲ့တုန်းက စာရင်းအရ ပုံမှန်ဝင်ငွေ မရှိတဲ့ အိမ်ထောင်စု အရေအတွက်က ၄,၀၀၀,၀၀၀ နီးပါးရှိတဲ့အတွက် ဒီစာရင်းကို အခြေခံပြီး ပိုမိုမှန်ကန်တဲ့ အချက်အလက်တွေရနိုင်ဖို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောထားပါတယ်။

နိုင်ငံတော်ရဲ့ ဘတ်ဂျက် အလဟသ မဖြစ်စေဖို့အတွက် စားဝတ်နေရေး အခက်အခဲရှိအနေပြီး မဖြစ်မနေ ထောက်ပံ့ပေးဖို့ လိုအပ်တဲ့သူမျိုးကိုသာ ရွေးချယ်ပြီး စိစစ်ကောက်ယူနေတယ်လို့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အနောက်ပိုင်း အုပ်ချုပ်ရေးမှုး ဦးနေမင်းထွန်းက VOA ကိုပြောပါတယ်။

“ပြောရမယ်ဆိုတချို့ကလည်း နိုင်ငံတော်ရဲ့ ထောက်ပံ့မှုကို အမှန်တကယ်လိုအပ်တဲ့သူတွေရှိသလို နိုင်ငံတော်ရဲ့ ထောက်ပံ့မှုကို လိုချင်တဲ့သူတွေလည်း ရှိကြတယ်ဗျ။ အရင်တုန်းက ရိက္ခာထောက်ပံ့မှု တုန်းကတော့ ဆန် ၈ ပြည်တို့ ပဲ တစ်ပိဿတို့ ကြက်သွန်တစ်ပိဿတို့နဲ့ သွားသော်ညားလည်းပဲ အခုအချိန်မှာ သူတို့ကြားမိတဲ့ အကြားလေးတွေကတော့ ငွေကြေးထောက်ပံ့မယ်ဆိုတဲ့အတွက် ဒီအပေါ်မှာ လိုချင်တဲ့ မိသားစုတွေနဲ့ မလိုအပ်ဘဲနဲ့ လိုချင်တဲ့သူတွေ ရှိလာတယ်ဆိုတဲ့ အနေအထားမျိုးလေးတွေ ရှိလာတယ်။ ဒါလေးတွေကို ကျနော်တို့အနေနဲ့ ဒါ အတတ်နိုင်ဆုံး စိစစ်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။”

မင်္ဂလာတောင်ညွန့်မြို့နယ်မှာတော့ အရင် အခြေခံစားသောက်ကုန်တွေ ဝေပေးတုန်းကရှိတဲ့ စာရင်းအရ အိမ်ထောင်စုပေါင်း ၄,၆၀၀ ကျော်ကို အခြေခံပြီး စာရင်းပြန်ကောက်တဲ့အခါ ခု ငွေသား ထောက်ပံ့ကြေးအတွက် ပေးဖို့လို့အပ်တဲ့ အိမ်ထောင်စုပေါင်းက ၅,၀၀၀ ကျော်ရှိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

စာရင်းကောက်ယူရာမှာ အုပ်ချုပ်ရေးမှုးတွေဘက်က ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ခုလိုပြောပြပါတယ်။

“ကျနော်တို့က စာရင်းကောက်ယူဖို့ကို အချိန်လေးပေးပြီးတော့မှ ဆောင်ရွက်ခဲ့ပါတယ်။ ကောက်ယူတဲ့အချိန်မှာ အဲ့လို လာပြီးတော့ အဲ့လို တကယ် မြေပြင်ရပ်ကွက်ထဲမှာလည်းပဲ ကောက်ယူတဲ့ အချိန်မှာ ဆက်သွယ်လို့ မရတာမျိုးတွေရှိတယ်၊ နောက် တကယ် ရပ်ကွက်ထဲမှာမရှိဘူး၊ နောက် စာရင်းကောက်ယူတယ်ဆိုတဲ့ အသံကြားပြီးတဲ့ နောက်ပိုင်းကျမှ ပြန်ရောက်လာပြီတော့ သူတို့လည်း ဒီမှာ သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီတယ် စာရင်းထဲ ထည့်ပေးပါ၊ ဘာညာ ဆိုတဲ့ အခါကျတော့ ကျနော်တို့ဆီမှာကျတော့ စာရင်းက အမြဲတမ်းကြီး အပြောင်းအလဲကြီး လုပ်နေလို့ မရနိုင်တဲ့ အခါကျတော့ အဲ့ဒီလိုမျိုး အခက်အခဲလေးတွေတော့ ရှိပါတယ်။”

ဒီလို ထောက်ပံ့ကြေးအတွက် စာရင်းကောက်ယူရာမှာ အမှန်တကယ်လိုအပ်နေတဲ့သူတွေ ဖြစ်မဖြစ်ဆိုတာက ရပ်ကွက်ရဲ့ ဆယ်အိမ်မှူးတွေနဲ့ ရာအိမ်မှူးတွေဆီမှာ အဓိက တာဝန်ရှိတယ်လို့ ရှမ်းပြည်တောင်ပိုင်း အေးသာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သူရက ဆိုပါတယ်။

“ကျနော်တို့ဆီမှာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့အစည်းမှာပေါ့နော်။ အုပ်ချုပ်ရေးမှူး ရှိမယ်၊ အဲ့ဒီအောက်မှာ ရာအိမ်မှူး ရှိမယ်၊ ရာအိမ်မှူးတွေအောက်မှာ ဆယ်အိမ်မှူးတွေရှိမယ်။ ဒီအနေအထားမှာမှ ဆယ်အိမ်မှူးဆိုတဲ့ အနေအထားကတော့ အသိဆုံးပေါ့။ ဘာလို့လည်းဆိုတော့ သူအပါအဝင် ဆယ်အိမ်ပဲ ရှိတဲ့ အနေအထားမှာမှ ဘယ်သူက ဘယ်အနေအထားရှိတယ်ဆိုတာ သူအသိဆုံးပါပဲ။ ဒီလို ဆယ်အိမ်မှူးတွေ အဆိုပြုတဲ့ အနေအထားမှာမှ ကျနော်တို့က အခြေခံတာပေါ့ ဒီအဆင့်ဆင့် အခြေခံလာတဲ့ အပေါ်မှာမှ ဆယ်အိမ်မှူးက အခြေခံလားတယ်၊ အိုကေ၊ ရာအိမ်မှူးက ထောက်ခံလာမယ် အိုကေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုး ထောက်ခံလာမယ်။ ဒီအနေအထားကို ကျနော်တို့ ရွေးချယ်ရတာပေါ့။”

အခု ပေးမယ့် ငွေသားထောက်ပံ့ကြေးကို တယ်လီဖုန်းတွေကနေတဆင့် Online Payment နဲ့ အိမ်ထောင်စုတွေဆီကို တိုက်ရိုက်ရောက်အောင် ပေးနိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

COVID ကာလ ငွေသားထောက်ပံ့ပေးမယ့် ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံလူတန်းစားတွေက ပျံကျဈေးသည်၊ အငှားယာဉ်မောင်း၊ ကျပန်းလုပ်သား၊ ရေလုပ်သား၊ အလုပ်ကြမ်းသမား၊ ခြံလုပ်သား၊ ပုဂ္ဂလိက လုပ်ငန်းတွေမှာလုပ်ကိုင်နေတဲ့ နေ့စား ဒါမှမဟုတ် ယာယီဝန်ထမ်း၊ အခြားပုံမှန် ဝင်ငွေမရှိတဲ့ အလုပ်သမားတွေနဲ့ ကိုဗစ်ကြောင့် လတ်တလောမှာ အလုပ်လက်မဲ့ ဖြစ်နေတဲ့သူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် လူကယ်ပြန် ဝန်ကြီးဌာနကတဆင့် ပဋိပက္ခဒေသမှာ အိုးအိမ်စွန့်ခွာပြေးနေကြရတဲ့ IDP ပြည်တွင်းဒုက္ခသည်တွေကိုလည်းငွေသားကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG