သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရောင်းအဝယ်ရပ်တန့်ပြီး လေလွင့်မယ့်စိုက်ပျိုးထွက်ကုန်တွေ မြန်မာနိုင်ငံတဝန်း ဖြန့်နိုင်ဖို့ ကြိုးပမ်းနေ


လေလွင့်တော့မယ့် ဂေါ်ဖီထုပ်များကို နိုင်ငံတဝန်း ဖြန့်ရန် ပြင်ဆင် (ဓါတ်ပုံ-Kyaw Thu FB )
လေလွင့်တော့မယ့် ဂေါ်ဖီထုပ်များကို နိုင်ငံတဝန်း ဖြန့်ရန် ပြင်ဆင် (ဓါတ်ပုံ-Kyaw Thu FB )

(Zawgyi/Unicode)

COVID 19 ကြောင့် အရောင်းအဝယ် မရှိတော့ဘဲ လေလွင့်ရမယ့် စိုက်ပျိုးရေး ထွက်ကုန်တွေကို နိုင်ငံတဝန်း ဖြန့်ဝေနိုင်ရေး ကြိုးပမ်းနေကြတဲ့ အကြောင်း မ သိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့နှစ်က ဂေါ်ဖီထုပ် တထုပ်ကို ၁၀၀၀ ကျပ်လောက် ရောင်းခဲ့ရတာမို့ ဒီနှစ်မှာလည်း ရှမ်းပြည်တဝန်းမှာ ဂေါ်ဖီ စိုက်သူတွေ များခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာဘဲ ပြောင်းဖူး၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီး အပါအဝင် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူတွေ အဝယ်မရှိတော့တာကြောင့် အခင်းထဲမှာဘဲ မခူးမဆွတ်တော့ဘဲ စွန့်ပစ်လိုက်ရတဲ့ အခြေအနေကို ရောက်သွားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမာန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းကတော့ ဒါကို အခွင့်အလမ်း တခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။

“ တောင်သူတွေကို သွားညှိတယ်။ ဒီအခင်းတွေ ဒီတိုင်းဘဲ ပစ်ထားတော့မှာလား ဆိုတော့ သူတို့က ဘာမှ မလုပ်တော့ဘူး ပစ်တော့မယ်ဆိုတော့ အဲဒါဆိုရင် ကျနော်တို့ ကိုယ့်ဟာကိုယ် ခုတ်ယူပြီးတော့မှ လှူမယ်ဆိုရင် ပေးမလားဆိုတော့ ပေးမယ်ဆိုတော့ တောင်သူတွေဆီက အလှူခံ ခုတ်ပြီးတော့ ကားခကို အလှူခံတယ်။ အလှူခံပြီးတော့မှ ဗမာ တပြည်လုံး နယ်တွေ အစုံဘဲပေါ့ လှူတယ်။ ”

အသင်းရဲ့ အတွင်းရေးမှူး ဦးကျော်သူ ပြောပြခဲ့တာပါ။ ဒါပေမယ့် အခု နောက်ပိုင်းမှာတော့ တချို့ကို ဈေးကွက်ရှာရောင်းပြီး ပင်းတယဘက်က တောင်သူတွေဆီက ပြန်ဝယ်နေပါတယ်။ အခုအချိန်ထိတော့ ဂေါ်ဖီထုပ်ပေါင်း ၂ သိန်းကျော်လောက် နိုင်ငံတဝန်းကို ဖြန့်ဖြူးနိုင်ခဲ့ပါပြီ။

မြန်မာဘက်က စိုက်ပျိုးရေး ထွက်ကုန် အများစုက တရုတ် ဈေးကွက်ကို မှီခိုရတာ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ် ဈေးကွက်က ဆန် အဝယ်တောင် မသေချာတော့တဲ့ အနေအထားပါ။ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ စိုးထွန်းက တရုတ်ဘက်က တရားမဝင် ကုန်သွယ်မှုကို တင်းကြပ်လာတဲ့ အနေအထားလို့ ပြောပါတယ်။

“ လွန်ခဲ့တဲ့ တလကျော်လောက် ကတည်းက တရုတ် နယ်စပ်မှာ ပိုပြီး တင်းကျပ်လာတယ်။ သူက COVID ကို အခြေခံပြီးတော့မှ တရားမဝင် တွေကို ထိန်းသိမ်းတယ်။ နောက် လူဝင် လူထွက်ကို ကန့်သတ်တယ်။ နောက် ကားတွေ သွားတာမှာလည်း ကားသမားတွေ လဲရတဲ့ ပုံစံ ရှိတော့ လက်ရှိ အနေအထားမှာ နယ်စပ် ကုန်သွယ်ရေးက ကျဆင်းနေတာပေါ့နော်။ ဒါတော့ ဆန် အပါအဝင် အားလုံး ဒီပြဿနာ ရှိတယ်။ ”

ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွေလည်း ကာအတန်ကြာ ရပ်ဆိုင်းနေသလို၊ တရုတ်ဘက်က စည်းကမ်း သတ်မှတ်ချက်တွေကို မကြာခဏ တဘက်သတ် ချမှတ် ပြဌာန်းလေ့ရှိတာကြောင့် မြန်မာကုန်သည်တွေ နစ်နာကြရကြောင်း နယ်စပ်မှာရှိတဲ့ ကုန်သည်အသိုင်းဝိုင်းက ပြောပါတယ်။

စိုက်ပျိုးရေး အဓိက နိုင်ငံ ဆိုပေမယ့် မြန်မာနိုင်ငံမှာ စိုက်ပျိုးရေး ဈေးကွက်ဆိုင်ရာ အချက်အလက်တွေ မရှိပါဘူး။ စိုက်ပျိုးထုတ်လုပ်သူတွေ အနေနဲ့ ဒီနှစ် ဈေးကောင်းရတာကို နောက်နှစ်မှာ လိုက်ပြီး စိုက်ပျိုးကြတဲ့ အနေအထားပါ။ နောက် စိုက်ပျိုးရေး ထွက်ကုန်တွေ အတွက် ဈေးကွက်ကလည်း ရေရေ ရာရာမရှိပါဘူး။

သစ်သီးဝလံ၊ ပန်းမာန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း အတွင်းရေးမှူး ဦးကျော်သူကတော့

“ ဒီမှာ ကုမ္ပဏီ တခုက ကြားခံပြီးတော့ ဈေးနှုန်း တခုနဲ့ တည်တည်ငြိမ်ငြိမ် ဝယ်ပေးမယ်။ ဘယ်လောက်ဘဲ စိုက်။ နှစ်ဦး နှစ်ဘက် ယုံကြည်မှုကလည်း လိုပါတယ်။ ရှေ့မှာ ကျနော်တို့ Contract Farming တွေ မအောင်မြင်ခဲ့တဲ့ဟာသည် ဒီ တောင်သူကလည်း ဈေးကောင်းရရင် အပြင်ကို ထုတ်ရောင်းတယ်။ ကုမ္ပဏီကလည်း ဈေးနိမ့်တဲ့ အခါကျရင် တခါတလေကျ မဝယ်ပေးတဲ့ဟာတွေ ရှိတယ်ပေါ့နော်။ အဲဒီမှာ နှစ်ဦး နှစ်ဘက် ယုံကြည်မှု ပျောက်ပြီးတော့ Contract Farming စနစ်ကလည်း မပီပြင်ဘူး။”

သစ်သီးဝလံ၊ ပန်းမာန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဘက်ကတော့ နိုင်ငံတကာ ဈေးကွက်ရှာဖွေနေသလို အွန်လိုင်းပေါ်ကနေ ရောင်းချနိုင်မယ့် ဈေးကွက်တခု ဖော်ဆောင်ဖို့လည်း ကြိုးစားနေကြပါတယ်။


....................


(Unicode)












XS
SM
MD
LG