သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာသတ်ဖြတ်မှု စစ်သားနှစ်ဦးထွက်ဆိုချက် ယုံကြည်ရလောက် (Fortify Rights)


ရခိုင်ပြည်နယ် မောင်တောမြို့မှာ တပ်စွဲထားတဲ့ မြန်မာ့စစ်တပ် တပ်ဖွဲ့ဝင်များ။ (သြဂုတ် ၃၁၊ ၂၀၁၇)
ရခိုင်ပြည်နယ် မောင်တောမြို့မှာ တပ်စွဲထားတဲ့ မြန်မာ့စစ်တပ် တပ်ဖွဲ့ဝင်များ။ (သြဂုတ် ၃၁၊ ၂၀၁၇)

[Zawgyi/Unicode]

ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေကို အစုအဝေးလိုက် သတ်ဖြတ်မှုနဲ့ တခြားရာဇဝတ်မှုတွေမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စစ်သားနှစ်ဦးရဲ့ ထွက်ဆိုချက်တွေဟာ ယုံကြည်နိုင်လောက်တဲ့ ထွက်ဆိုချက်တွေဖြစ်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ဗွီအိုအေကိုပြောပါတယ်။

တပ်ကထွက်ပြေးပြီးတဲ့နောက် ရခိုင်လက်နက်ကိုင် (AA) အဖွဲ့ရှေ့မှာ အဲဒီစစ်သားနှစ်ဦး ထွက်ဆိုခဲ့တာဖြစ်ပြီး AA က ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုကို သူတို့ကိုယ်တိုင်ကြည့်ပြီးတော့ ဆန်းစစ်ခဲ့တာလို့ Matthew Smith ကပြောပါတယ်။ ဒီစစ်သားနှစ်ဦး ထွက်ဆိုထားတဲ့ထဲမှာ အဓိကအရေးပါတဲ့ အချက်တွေက ဘာတွေပါလဲ ... သူတို့ရဲ့ ထွက်ဆိုချက်တွေကရော ဘယ်လောက် ယုံကြည်ရလောက်ပါသလဲ ... ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး Fortify Rights အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith ကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ခြေလျင်တပ်ရင်း ၅၆၅ ကလို့ပြောတဲ့ အသက် ၃၃ နှစ်အရွယ် ကိုမျိုးဝင်းထွန်းဆိုသူနဲ့ခြေလျင်တပ်ရင်း ၃၅၃ ကလို့ပြောတဲ့ အသက် ၃၀ အရွယ် ကိုဇော်နိုင်ထွန်းဆိုသူတို့နှစ်ဦးဟာ မြန်မာ့တပ်မတော်မှာ တပ်သားတွေအဖြစ် တာဝန်ထမ်းဆောင်နေတာကနေ ၂၀၂၀ ပြည့်နှစ်၊ မေလနဲ့ ဇွန်လတွေမှာ တပ်ကနေ အသီးသီး ထွက်ပြေးခဲ့ကြသူတွေဖြစ်တယ်လို့ Fortify Rights ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တပ်ကထွက်ပြေးပြီးတဲ့နောက် AA အဖွဲ့ဆီရောက်သွားပြီး ရခိုင်ပြည်နယ်မှာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေကလုပ်ခဲ့တဲ့ တပ်မတော်စစ်ဆင်ရေးတွေအတွင်း သူတို့ ပါဝင်ခဲ့တာတွေ၊ ရိုဟင်ဂျာမွတ်ဆလင်တွေကို အစုအဝေးလိုက် သတ်ဖြတ်တာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခဲ့ကြတယ်ဆိုတာတွေကို ဝန်ခံပြောဆိုခဲ့တာပါ။ သူတို့ထွက်ဆိုခဲ့တဲ့ထဲက အဓိကအရေးပါတဲ့အချက်တွေကို Matthew Smith က အနှစ်ချုပ်ပြောပြပါတယ်။

"ဒီစစ်သားနှစ်ဦးစလုံးဟာ မတူတဲ့ မြို့နှစ်မြို့မှာ တာဝန်ကျခဲ့တယ်ဆိုတဲ့အချက်က အရေးပါတဲ့အချက်လို့ ကျနော်ထင်ပါတယ်။ တူညီတဲ့အချိန်ကာလ ပတ်ဝန်းကျင်လောက်မှာ တယောက်က မောင်းတောမှာရှိခဲ့ပြီး နောက်တယောက်က ဘူးသီးတောင်မှာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေအားလုံးကို ရှင်းပစ်ဖို့ ဒါမှမဟုတ် သတ်ဖြတ်ပစ်ဖို့ သူတို့ရဲ့ အထက်အရာရှိတွေက အမိန့်ပေးခဲ့တယ်ဆိုတာ နှစ်ယောက်စလုံးက ထွက်ဆိုထားပါတယ်။ ဒီအချက်က လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆိုးရွားရက်စက်လှတဲ့ ပြစ်မှုတွေကို ကျူးလွန်ဖို့ နေရာဒေသအသီးသီးမှာ ရောက်နေခဲ့တဲ့ တပ်ရင်းတပ်ဖွဲ့တွေအတွက် စစ်တပ်တွင်းမှာ တူညီတဲ့အမိန့်ပေးခဲ့တယ်ဆိုတာကို ရည်ညွှန်းနေပါတယ်။ ဒါက သိပ်ကို အရေးပါတဲ့အချက်ပါ။ နောက်ထပ် သိပ်အရေးပါတဲ့အချက်ကတော့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် အယောက် ၁၈၀ ထိကို သတ်ဖြတ်တာမှာ သူတို့ပါဝင်ခဲ့တယ်ဆိုတာ ဒီလူနှစ်ယောက်က ဝန်ခံထွက်ဆိုထားတဲ့အချက်ပါ။ ပြောထားတဲ့ထဲမှာ မုဒိန်းကျင့်တာ၊ လိင်ပိုင်းအဓမ္မပြုကျင့်တာတွေနဲ့ဆိုင်တဲ့ အချက်တွေလည်း ပါပါတယ်။ ဒါကလည်း လူ့အခွင့်အရေးဆိုင်ရာ အရင်က မှတ်တမ်းတင်ထားတာတွေနဲ့ ကိုက်ညီပြီး သိပ်ကိုအရေးပါတဲ့ ထွက်ဆိုချက်ဖြစ်ပါတယ်။"

စစ်သားနှစ်ဦးရဲ့ ထွက်ဆိုချက်တွေဟာ သူတို့ဆီမှာရော၊ ကုလသမဂ္ဂမှာပါ ရှိထားတဲ့ အထောက်အထားမှတ်တမ်းတွေနဲ့ ကိုက်ညီတယ်လို့လည်း Matthew Smith ကပြောပါတယ်။

"ဒီမြန်မာစစ်သားနှစ်ဦး ပြစ်မှုကျူးလွန်ခဲ့တယ်လို့ ထွက်ဆိုထားတဲ့ ဗွီဒီယိုနှစ်ခုကို ကျနော်တို့ သေသေချာချာ ဆန်းစစ် သုံးသပ်ခဲ့ပါတယ်။ ကျနော်တို့အမြင်အရ ဗွီဒီယိုထဲမှာ သူတို့ပြောထားတာတွေဟာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေကို ကျနော်တို့ မှတ်တမ်းတင်ထားတွေနဲ့ ကိုက်ညီရုံသာမက ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က မှတ်တမ်းတင်ထားတာတွေနဲ့ပါ ကိုက်ညီပါတယ်။ ထွက်ဆိုထားတဲ့ထဲက အသေးစိတ်အတော်များများဟာ အရင်က မှတ်တမ်းတင်ထားတာတွေနဲ့ ကိုက်ညီပါတယ်။ ဒီအချက်တွေနဲ့ တခြားအချက်တွေအရ ပြောထားတဲ့ ထွက်ဆိုချက်တွေဟာ ယုံကြည်လောက်ပါတယ်။"

လက်ရှိမှာ သူတို့နှစ်ဦးဟာ နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး (ICC) ရှိတဲ့ နယ်သာလန်နိုင်ငံ၊ The Hague မြို့မှာရောက်နေပြီလို့ Fortify Rights အဖွဲ့ကရော၊ ကနေဒါ CBC ရုပ်သံလွှင့်သတင်းဌာနနဲ့ အမေရိကန် The New York Times သတင်းဌာနတို့ကပါ ပြောထားပါတယ်။ ICC ဘက်ကတော့ ဒီအခြေအနေပေါ်မှာ အတည်ပြုတာမျိုး ဒါမှမဟုတ် ငြင်းဆိုတာမျိုးမလုပ်ဘဲ စစ်သားနှစ်ဦးကို ထိန်းသိမ်းထားတယ်ဆိုတာကိုပဲ ငြင်းထားတာလို့ Matthew Smith ကပြောပါတယ်။

"အကြောင်းအရာတစ်ခုလုံးနဲ့ပတ်သက်ပြီး သူတို့မငြင်းပါဘူး၊ "ထိန်းသိ်မ်းထားတယ်" ဆိုတဲ့ ပြောဆိုချက်ကိုပဲ ငြင်းတာပါ။ ဒီအခြေအနေနဲ့ပတ်သက်ပြီး တကယ့်အကြောင်းအရာက ဘာလဲဆိုတော့ အရပ်သားတွေကို အစုအဝေးလိုက် သတ်ဖြတ်ခဲ့တဲ့ မြန်မာစစ်တပ်က စစ်သားနှစ်ဦး The Hague မှာရောက်နေတယ်ဆိုတာပါ။ ဒါက မကြုံစဖူးကိစ္စပါ။ ဒါဟာ ရိုဟင်ဂျာလူထုအတွက်သာမက မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ဆိုးရွားရက်စက်လှတဲ့ လုပ်ရပ်တွေကနေ လွတ်မြောက်ခဲ့သူတွေ အားလုံးအတွက်ပါ အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။"

ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ Matthew Smith ကပြောပြီး သူတို့အနေနဲ့တော့ ICC ကို တိုက်တွန်းထားတယ်လို့ ပြောပါတယ်။

"ဒီလူနှစ်ယောက်ကို စစ်ဆေးစီရင်ပြီး အတွင်းလူ မျက်မြင်သက်သေတွေအဖြစ် သူတို့နဲ့ လက်တွဲလုပ်ဆောင်ဖို့ ICC ကို ကျနော်တို့ အားပေးတိုက်တွန်းနေပါတယ်။ ဒါတွေအားလုံးဖြစ်လာဖို့က တရားရုံးအနေနဲ့ သတ်မှတ် လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ရပါလိမ့်မယ်။ အဲဒီရည်ရွယ်ချက်တခုခု အလွယ်တကူ ရလာလိမ့်မယ်ဆိုတာမျိုးတော့ ကျနော်မပြောချင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ မေ ျှာ်လင့်ပါတယ်။ တရားရုံးပေါ်မှာလည်း ကျနော်တို့ အပြည့်အဝယုံကြည်ပါတယ်။ ICC ဟာ ဒီကနေ့ ကျနော်တို့ကမ္ဘာမှာ သိပ်ကိုအရေးပါတဲ့ အဖွဲ့အစည်းတခုပါ။ သူတို့ လုပ်ဆောင်နေတာတွေအပေါ် ကျနော်တို့ယုံကြည်ပါတယ်။ သူတို့ကို အထောက်အကူပြုဖို့ ကျနော်တို့ တတ်နိုင်တာမှန်သမ ျှ လုပ်ဆောင်ပေးချင်ပါတယ်။"

ဒီစစ်သားနှစ်ဦးနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မြန်မာအစိုးရနဲ့ စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ်တွေကို ရိုက်တာကဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ဘူးလို့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာလို့ခေါ်ဆိုတာကို မြန်မာအစိုးရက လက်မခံသလို ရိုဟင်ဂျာတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လုပ်ဆောင်ခဲ့တာတွေ မရှိဘူးလို့ အစိုးရကရော တပ်မတော်ကပါ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


..........

[Unicode]














XS
SM
MD
LG