သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲပြင်ဆင်မှု ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ပြစ်တင်ဝေဖန်


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက မန္တလေးမြို့ရှိ မဲရုံတခုမှာ မဲပေးနေသူတဦး။ (နိုဝင်ဘာ ၀၈၊ ၂၀၁၅)
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက မန္တလေးမြို့ရှိ မဲရုံတခုမှာ မဲပေးနေသူတဦး။ (နိုဝင်ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပဖို့ ရှိတဲ့ မြန်မာ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတမှု ရှိမှာမဟုတ်သလို လူထုရဲ့ဆန္ဒကို တိတိကျကျ ထင်ဟပ်နိုင်မှာ မဟုတ်ဘူးဆိုပြီးတော့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က သတိပေးလိုက်ပါတယ်။ ကုလမသဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းခဲ့တဲ့ သူ့အစီရင်ခံစာကို မြန်မာကိုထောက်ခံတဲ့နိုင်ငံတွေကတော့ ကန့်ကွက်ခဲ့ကြပါတယ်။ လူ့အခွင့်အရေးကောင်စီကျင်းပရာ Geneva ကနေ Lisa Schlein သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက ပြောပြပါမယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်ကို မြန်မာအစိုးရပေးက နိုင်ငံတွင်း ဝင်ခွင့်မပေးခဲ့ပေမဲ့လည်း သူ့အနေနဲ့ အဝေးကနေပဲ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်နိုင်ခဲ့တာပါ။ လူ့အခွင့်အရေးလှုပ်ရှားသူတွေ မြန်မာအရပ်ဘက်အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ ရွေးကောက်ပွဲမတိုင်ခင် ရတဲ့အချက်အလက်တွေအရ ရွေးကောက်ပွဲဟာ ယုံကြည်စိတ်ချစရာမရှိဘူးလို့ ကုလ အထူးကိုယ်စားလှယ် Thomas Andrews က ပြောခဲ့ပါတယ်။

"လူပုဂ္ဂိုလ်တွေရဲ့ လူမျိုးစု လူမျိုးနွယ် ဒါမှမဟုတ် ဘာသာအရ မဲပေးခွင့် ပိတ်ပင်ခံရရင်တော့ ဒီရွေးကောက်ပွဲရဲ့ ရလဒ်ဟာ လူတွေရဲ့ဆန္ဒကို တိတိကျကျ ထင်ဟပ်နိုင်မှာမဟုတ်ပါဘူး။ ရခိုင်ပြည်နယ်အတွင်းကဖြစ်စေ၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ဖြစ်စေ မဲပေးနိုင်ခွင့်ရှိတဲ့ ရိုဟင်ဂျာသိန်းဂဏန်း မဲပေးခွင့်ရဖို့ အစိုးရအနေနဲ့ လိုလားတဲ့ ဒါမှမဟုတ် သူတို့ မဲပေးခွင့်ရဖို့ ပြင်ဆင်လုပ်ဆောင်တဲ့ အထောက်အထားတွေ မတွေ့ရပါဘူး။"

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်နေရစဉ်မှာပဲ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့အတောအတွင်း ရွေးကောက်ပွဲ တရပ်ကျင်းပမယ်ဆိုတာဟာ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေတယ်လို့လည်း ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် Andrews က ပြောပါတယ်။ ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုတွေ လုပ်ထားတဲ့အပြင်၊ အစိုးရရဲ့ အင်တာနက်နဲ့ လူမှုကွန်ယက်မီဒီယာတွေကို ပိတ်ဆို့တာတွေကြောင့်လည်း နိုင်ငံသားတွေအတွက် သတင်းအချက်အလက်တွေရဖို့ ခက်ခဲစေတယ်လို့ သူက ပြောပါတယ်။

"ဒီလိုဖြစ်စဉ်ရဲ့ အခြားတဘက်မှာ ကြုံရနိုင်တဲ့ အန္တရာယ်ကတော့ ကိုယ်စားလှယ်လောင်းတွေ နိုင်ငံပါတီတွေအနေနနဲ့ တယူသန်ပြောဆိုတာတွေ အမုန်းစကားတွေကို နိုင်ငံရေးလက်နက်သဖွယ်သုံးလာနိုင်ပါတယ်။ ဒီ အဆိပ်တွေဟာ ရွေးကောက်ပွဲကို ထိခိုက်စေရုံသာမက၊ အကြမ်းဖက်မှုတွေကိုပါ လှုံဆော်နိုင်တယ်ဆိုတာ မြန်မာပြည်သူတွေ သိကြပါတယ်။ ဒါကြောင့် ဒီလို မီးလောင်ရာလေပင့်လုပ်တဲ့ပြောဆိုချက်တွေဟာ စည်းရုံးရေး poster တွေပေါ်မှာရော အင်တာနက်ပေါ်မှာပါ မရှိသင့်ပါဘူး။"

အဆိပ်အတောက်ဖြစ်စေတဲ့ ရွေးကောက်ပွဲ စည်းရုံးရေးဆိုတဲ့နေရာမှာ မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာမရှိဆိုတဲ့ ရွေးကောက်ပွဲစည်းရုံးရေးဆိုင်းပုဒ်တခုကို သူက ပြပါတယ်။ အဲဒီ ဓါတ်ပုံပြနေစဉ်မှာပဲ မြန်မာ၊ ဗင်နီဇွဲလား၊ ဘဲလားရုစပ်နဲ့ ကျူူးဘားနိုင်ငံတို့က တားဆီးကန့်ကွက်ခဲ့ပါတယ်။ ဒီလို ပုံမျိုးပြမယ်ဆိုရင ်ကောင်စီအနေနဲ့ ကြိုတင်ခွင့်ပြုချက်ယူရမှာဖြစ်သလို မပြသင့်ဘူးလို့ ကန့်ကွက်ကြတာပါ။ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပါဘူး။ လူ့အခွင့်အရေးကောင်စီ သဘာပတိ Elisabethy Tichy-Fisslberger ကတော့ ဒီပုံပြသဖို့ တရားဝင်လိုအပ်ချက်တွေနဲ့ ပြည့်မှီတယ်လို့ ပြောပါတယ်။

"ဒီပုံကို လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်လောက်ကတည်းက ကျမတို့ ရပါတယ်။ ဒါကို ပြသင့် မသင့် ညှိနှိုင်းပြီးတော့ ပုံထဲမှာပါတဲ့ လူပုဂ္ဂိုလ်ကို မသိအောင် မျက်နှာကိုကွယ်ပြီး ပြမယ်လို့ သဘောတူခဲ့ကြပါတယ်။ ဒါကြောင့် ဒီပုံကို ပြနိုင်တယ်ဆိုပြီး ကျမတို့ သဘောတူခဲ့ဲကြတာပါ။"

သြစတြေးလျ၊ ဂျပန် နဲ့ ဥရောပနိုင်ငံတွေကတော့ ဒီပုံအပြင် ဂြိုလ်တုဓါတ်ပုံအထောက်အထားတွေနဲ့ အခြားဓါတ်ပုံတွေကို ပြနိုင်တယ်ဆိုပြီး အချေအတင် ဖြစ်ခဲ့ကြပါတယ်။ အဲဒီနောက် ဒီပုံနဲ့ အခြားပုံတွေကို ပြသင့်မသင့်ဆိုတာကို မဲခွဲခဲ့ရပါတယ်။ အဲဒီ နောက်မဲခွဲတဲ့အခါ ဒီဓါတ်ပုံနဲ့အခြားအထောက်အထားတွေ ပြနိုင်တယ်ဆိုတဲ့ မဲက အသာရပါတယ်။ အဲဒီ နောက်မှာမှ မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်က သူ့တင်ပြမှု ဆက်ပြောခွင့် ရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG