သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်နဲ့ RCSS တိုက်ပွဲများရပ်တန့်ရေး ရှမ်းပြည်နယ်အစိုးရ ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်နေ


မှတ်တမ်းဓါတ်ပုံ - ၂၀၁၉ အောက်တိုဘာတုန်းက တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ ရှမ်းဒေသခံများ
မှတ်တမ်းဓါတ်ပုံ - ၂၀၁၉ အောက်တိုဘာတုန်းက တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ ရှမ်းဒေသခံများ

(Zawgyi/Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အကြား တိုက်ပွဲတွေ ရပ်တန့်ရေး ရှမ်းပြည်နယ် အစိုးရအနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ လွှတ်တော်အမတ်တွေ တောင်းဆိုထားကြောင်းကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက ဗွီအိုအေကိုပြောပါတယ်။

ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဒီလဆန်းပိုင်းလောက်က စတင်ပြီး အစိုးရတပ်မတော်နဲ့ RCSS အကြားဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်တောင်ပိုင်းမှာ ဒေသခံ ၃၀၀၀ လောက်ဟာ ရပ်ရွာတွေကို စွန့်ခွာပြီး ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြရတာပါ။

ဒါပေမဲ့လည်း ဒီရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေ လျော့ပါးလာတာကြောင့် စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်မယ်လို့ မျှော်လင့်နေတဲ့အကြောင်း ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက ပြောပါတယ်။

“ တိုက်ပွဲဖြစ်မယ်အခြေအနေကတော့ ကျနော်ထင်တာတော့ နည်းနည်းရပ်တန့်သွားပြီလို့ ထင်တာပေါ့။ ငြိမ်သွားတာ လက်နက်သံမကြားရတာတော့ ဒီနေ့နဲ့ဆို ဒီနေ့ အသံမထွက်ဘူးဆို ၃ရက်မြောက် ရှိသွားပြီပေါ့။ ၃ရက်မြောက် ဒါပေမဲ့ မနေ့တစ်နေ့က ညတို့၊ ဟိုးရှေ့က ညတို့ဆိုရင် မြို့ပတ်ဝန်းကျင်မှာတော့ တဒုံး ဒုံး တဒိုင်း ဒိုင်းတော့ ကြားတာပေါ့နော်။ ဒါပေမဲ့ တစ်ဘက်တည်းပစ်တဲ့အသံလို့တော့ ကျနော်တို့က ယူဆရတာပေါ့။ ဒုက္ခသည်တွေက ကျနော်ထင်တာတော့ ၃-၄ရက်ဆိုရင်တော့ ပြန်နိုင်မယ်လို့တော့ ထင်တာပဲ။”

စစ်ရှောင်ဒုက္ခသည်တွေဟာ ကျောက်မဲမြို့နယ် ပြည်ထောင်စုလမ်းမကြီးရဲ့ တောင်ဘက်ခြမ်းက ပုံဝိုး၊ နားစောင်း၊ ဟဲကွီ၊ ကွမ်ဟင်၊ နောင်ကွမ်၊ တောင်ထိပ် စတဲ့ကျေးရွာက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။

ဒုက္ခသည်တွေကို ကူညီနေတဲ့ နမ့်ခုံးပရဟိတအဖွဲ့က ဦးစိုင်းပူးကလည်း စစ်ရေးတင်းမာမှုတွေ လျော့နည်းသွားပြီဆိုရင် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ တိုက်တွန်းမှာဖြစ်ကြောင်း အခုလို ပြောပါတယ်။

“ တိုက်ပွဲကတော့ ငြိမ်နေပါပြီ။ တကယ်လို့သာ တပ်မတော်က ထိုးစစ်မဆင်ဘူးဆိုရင်တော့ တိုက်ပွဲကတော့ ပြီးဆုံးတယ်လို့ပဲ ကျနော်တို့က မှတ်ယူရမှာပေါ့နော်။ အခုချိန်မှာ တပ်မတော်က ပုံဝိုးတစ်ကြောမှာပဲ ရှိနေတဲ့အတွက် ပြည်သူလူထု ကြောင့်ကြမှုတော့ ရှိပါတယ်။ မနက်ဖြန်ကတော့ တစ်နေရာ၊ နှစ်နေရာကတော့ ပြန်သွားနိုင်မယ့်အနေအထားရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နားကောင်းနဲ့ ကောင်းလန်းကတော့ ငြိမ်သွားပြီဆိုတော့ သူတို့ကို ပြန်ဖို့ နည်းနည်းတော့ တိုက်တွန်းပေးရမှာပေါ့နော်။ ဘာဖြစ်လို့ အဲလိုပြောလဲဆိုတော့ ကိုဗစ်ကာလအတွင်းမှာ တကယ်လို့သာ အခန့်မသင့်လို့ COVID-19 တစ်ယောက်ယောက်က ပါခဲ့သည်ရှိသော် ဒီဟာကြီးက ပိုထိမ်းရခက်သွားမှာကြောက်လို့ အဲလိုပြန်ခိုင်းမှာဖြစ်ပါတယ်။ ”

ကျောက်မဲမြို့နယ်က အမျိုးသားလွှတ်တော်၊ ပြည့်သူ့ လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကလည်း တိုက်ပွဲတွေ ရပ်တန့်အောင် ဆောင်ရွက်ပေးဖို့ရှမ်းပြည်နယ် အစိုးရကို တောင်းဆိုထားကြောင်း ဦးစိုင်းထွန်းဝင်းက ဆက်ပြောပါတယ်။

“ ကျနော်တို့ တင်ပြတာကတော့ ကျောက်မဲမြို့နယ်အတွင်းထဲမှာ ရှိတဲ့ ဒီ တိုက်ပွဲရှောင်တွေကို အစိုးရကနေပြီးတော့ ရှမ်းပြည်နယ်အစိုးရကနေပြီး ရပ်ကြည့်မနေဘဲနဲ့ ကူညီဆောင်ရွက်ပေးနိုင်ဖို့ ကျနော်တို့က တင်ပြထားခြင်းဖြစ်တယ်။ တိုက်ပွဲငြိမ်းအေးနိုင်ဖို့ ဆိုတာက ရှမ်းပြည်နယ်အစိုးရကနေပြီး နောက်ဆုံးလုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ဘူးဆိုရင်တောင်မှ သမ္မတကို တင်ပြပေါ့။ တင်ပြပြီးတော့ ဒီတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ ချုပ်ငြိမ်းအောင် သူတို့မှာ လုပ်နိုင်တဲ့အနေအထားရှိတာပေါ့နော်။ အဓိကကတော့ အစိုးရကနေပြီး လုပ်ဆောင်ဖို့ပဲ ကျနော်တို့က တိုက်တွန်းတာ။”

ကျောက်မဲမြို့နယ်တောင်ပိုင်းမှာ ငြိမ်သက်စပြုနေချိန်မှာပဲ ကျောက်မဲမြို့နယ် မြောက်ဘက်ကခြမ်းမှာတော့ တနင်္ဂနွေနေ့က အစိုးရတပ်မတော်နဲ့ တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA အကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာ့အိုက်ကျော်က ပြောပါတယ်။

“ မနေ့ကတော့ ဒီ ကျောက်မဲမြို့နယ်ထဲက တော့ဆန်ရွာနဲ့ ပန်ခါးရွာကြားမှာတော့ တိုက်ပွဲထိတွေ့မှု ခဏလေး ဖြစ်တယ်။ ၁၀မိနစ်ဝန်းကျင်၊ ဒီ စစ်တပ်က ပန်ခါးရွာဘက်ကနေ ကျနော်တို့ ရှိတဲ့ဘက် တော့ဆန်ရွာ အထက်နားက တောင်ကြောပေါ်မှာပေါ့။ တက်လာတော့ တိုက်ပွဲထိတွေ့မှုဖြစ်တယ်။”

ဒီတိုက်ပွဲမှာ TNLA ဘက်က ထိခိုက်ကျဆုံးတာ မရှိကြောင်းနဲ့ တဘက်က အထိအခိုက်တော့ မသိရကြောင်း နဲ့ အောက်တိုဘာလအတွင်းမှာ တပ်မတော်နဲ့ TNLA အကြား တိုက်ပွဲ အနည်းဆုံး ၁၂ကြိမ်လောက် ဖြစ်ခဲ့ကြောင်းလည်း ပြောပါတယ်။ တနင်္ဂနွေနေ့ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုချက် မရသေးသလို တပ်မတော်ဘက်က သတင်းထုတ်ပြန်တာလည်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်


................


(Unicode)














XS
SM
MD
LG