သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြိုင်ကြီးငူစစ်ရှောင်စခန်းဒုက္ခသည်များ အကူအညီအရေးပေါ်လိုအပ်


မယ်လ ဒုက္ခသည်စခန်းက ကရင် ဒုက္ခသည်တချို့။ (မေ ၁၄၊ ၂၀၀၆)
မယ်လ ဒုက္ခသည်စခန်းက ကရင် ဒုက္ခသည်တချို့။ (မေ ၁၄၊ ၂၀၀၆)

[Zawgyi/Unicode]

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသက ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လတ်မှုနဲ့ ကြုံနေရတဲ့အကြောင်း ပြောပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

ဒေသခံ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မြန်မာစစ်တပ်အကြား စစ်ရေးတင်းမာမှုတွေ ကြုံခဲ့ရပြီးနောက် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည် ၄,၀၀၀ လောက် ရိက္ခာပြတ်လတ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ စေတနာရှင်တွေရဲ့ ကူညီထောက်ပံ့မှုတွေကို အဓိကအားထားနေရတဲ့ ဒုက္ခသည်တွေ မကြာသေးခင်ကစလို့ ရိက္ခာပြတ်လပ်မှု ကြုံနေရတာလို့လည်း မြိုင်ကြီးငူစစ်ရှောင်စခန်း ဥက္ကဋ္ဌစောထွန်းကပြောပါတယ်။

“အခုစားနပ်ရိက္ခာ စားဝတ်နေရေးက ပြတ်လတ်နေပြီလေ။ ကြာပြီဟာ။ သူတို့က ဆန်ပြုတ်တွေဘာတွေ အဲဒီလိုပဲ စားနေကြတာပေါ့။ ရိက္ခပြတ်လတ်နေကတော့ ၂၀၂၀ မှာ နိုင်ငံတော်အစိုးရအဖွဲ့ကတော့ ၁ လပိုင်း၊ ၂ လပိုင်း၊ ၃ လပိုင်း အထိပဲ စားနပ်ရိက္ခာ ပို့ဆောင်လာတယ်လေ။ နောက်ပိုင်းပြီးတော့ ပုဂ္ဂလိကအဖွဲ့တွေ ကျနော်တို့ တယောက်နဲ့ တယောက်ဆက်သွယ်ပြီးတော့ စားနေကြတာပေါ့ အဲဒီလို။ အစိုးရကလည်း ၁၁ လပိုင်းအထိ အခုထိ အဖြေမလာသေးဘူး။”

ဒုက္ခသည်စခန်းမှာ ရိက္ခာပြတ်လတ်မှု အခြေအနေကို မြို့နယ်အာဏာပိုင်တွေကို တင်ပြထားတယ်လို့လည်း ပြောပါတယ်။

ဒုက္ခသည်စခန်းတွင်းမှာ စားနပ်ရိက္ခာပြတ်လပ်မယ့် အခြေအနေနဲ့ ကြုံနေရချိန်၊ ပြင်ပမှာ အလုပ်လုပ်ကိုင်ပြီး စားဝတ်နေရေး ပြဿနာကို ဖြေရှင်းဖို့ကလည်း ကိုဗစ်ကပ်ရောဂါကာလ ကန့်သတ်မှုတွေ ရှိနေတာကြောင့် အခက်အခဲရှိတယ်လို့လည်း မြိုင်ကြီးငူဒေသက နောက်ထပ် ဒုက္ခသည်စခန်းတခုဖြစ်တဲ့ အေးလင်းမြတ်ရှင် စစ်ရှောင်စခန်းတာဝန်ခံံ စောရွှေထွန်းက ပြောပါတယ်။

“တဘက်တလမ်း အလုပ်လုပ်ဖို့ကတော့ အဆင်မပြေဘူးဖြစ်နေတယ်။ ဒီ COVID ရောဂါကြောင့်လေ။ လူလည်း အသွားအလာ အဆင်မပြေဘူးဖြစ်တယ်။”

မြိုင်ကြီးငူစစ်ရှောင်စခန်းနေသူတွေဟာ ရှမ်းရွာသစ်နဲ့ မယ်သဝေါဒေသခံရွာတွေဖြစ်ကြပြီး ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ လမှာ ယခင်ဗိုလ်မှူးကြီး စောဆန်းအောင်ဦးစီး DKBA ခွဲထွက်အဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ် BGF မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွါးစဉ်မှာ ရပ်ရွာကနေ တိမ်းရှောင်လာခဲ့ကြတာပါ။

လက်ရှိ မဲသဝေါဒေသမှာ တိုက်ပွဲငြိမ်သက်နေပြီးလို့ဆိုပေမဲ့ မြေမြှုပ်မိုင်းအန္တရာယ်အပြင် လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ ရှိနေတာကြောင့် နေရပ်ပြန်ဖို့ မလွယ်သေးဘူးလို့လည်း အေးလင်းမြတ်ရှင် ဒုက္ခသည်စခန်းတာဝန်ခံံ စောရွှေထွန်း ကပြောပါတယ်။

“လုံခြုံမှု သိပ်မရှိသေးဘူးပေါ့။ ပြန်ဖို့လည်း အဆင်မပြေသေးဘူးပေါ့။ မြေမြှုပ်မိုင်းလည်း ပါတယ်။ အဲဒီမှာနေရာတော့ တဖွဲ့ မဟုတ်ဘူးလေ။ စစ်တပ်လည်း ရှိတယ်။ BGF လည်း ရှိတယ်။ DKBA လည်း ရှိတယ်။ ပြီးတော့ KNU လည်း ရှိတယ်လေ။ အဲဒီ ၄ ဖွဲ့ရဲ့ ကြားမှာဆိုတော့ မဖြစ်လည်း ပြောလို့မရဘူးလေ အဲဒီလိုမျိုး။”

မြိုင်ကြီးငူဒေသမှာ တိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေကို ပြင်ပမှာ နေရာချထားပေးဖို့ ကရင်ပြည်နယ် အစိုးရက မနှစ်ကတည်းက စီစဉ်ထားပေမဲ့ လက်တွေ့ အကောင်အထည် မပေါ်သေးပါဘူး။ ကရင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ကရင်လက်နက်ကိုင်အဖွဲ့တို့ စစ်ရေးပဋိပက္ခအတွင်း မြိုင်ကြီးငူစစ်ရှောင် စခန်းအပါဝင် ထိုင်းနိုင်ငံနဲ့ နယ်စပ်အနီးက စခန်း ၉ ခုမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်ဦးရေ ၉၀,၀၀၀ လောက် ရှိနေတယ်လို့လည်း ကရင်စစ်ရှောင် ဒုက္ခသည်ကော်မီတီကပြောပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး DKBA ဒီမိုကရေစီအကျိုးပြုတပ်မတော်တို့နဲ့ မြန်မာအစိုးရကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲခဲ့ပြီးနောက် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းမှုတွေ ရှိပေမဲ့လည်း မြေမြှုပ်မိုင်းအန္တရာယ်နဲ့ ဒုက္ခသည်တွေ နေထိုင်စားသောက်လုပ်ကိုင်ခဲ့တဲ့ မြေနေရာတွေ သိမ်းဆည်းခံရမှု ပြဿနာတွေ အပါအဝင် နေရပ်ပြန်ဖို့ အဟန့်အတားတွေလည်း ကြုံနေရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကရင်ပြည်နယ်အပါအဝင် တိုင်းရင်းသား ဒေသတွေမှာ ဒုက္ခသည်စခန်းတွေနဲ့ ဒုက္ခသည်စခန်းလို နေရာမျိုးတွေမှာ နေထိုင်နေကြရသူပေါင်း ၂၄၁,၀၀၀ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒေသခံ အကူအညီပေးရေး အဖွဲ့တွေကတော့ မကြာသေးခင် အချိန်အထိ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ဒေသတွေမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ နောက်ထပ် သိန်းနဲ့ချီ ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG