သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးပစ်ခတ်မှု ဆန္ဒပြသူ ၂ ဦးသေဆုံး


မန္တလေးဆန္ဒပြ ပစ်ခတ်နှိမ်နင်းမှုအတွင်း ဒဏ်ရာရသူတဦးကို ပြုစုနေသူများ။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁။ ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
မန္တလေးဆန္ဒပြ ပစ်ခတ်နှိမ်နင်းမှုအတွင်း ဒဏ်ရာရသူတဦးကို ပြုစုနေသူများ။ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၁။ ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

(Zawgyi / Unicode)

မန္တလေးမြို့က ဒီကနေ့ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွဲတာကြောင့် ဆန္ဒပြသူ ၂ ဦး သေဆုံးတယ်လို့ မန္တလေးမှာရှိနေတဲ့ ဗွီအိုအေသတင်းထောက်က သတင်းပေးပို့ထားပါတယ်။

ဗွီအိုအေက ရထားတဲ့ ဗွီဒီယိုဖိုင်တွေထဲမှာ ဦးခေါင်းပွင့်ထားတဲ့ ဒဏ်ရာရ လူတဦးနဲ့ ဝမ်းဗိုက်ကို ကျည်မှန်ထားတဲ့ လူတဦးတို့ကို တွေ့ရပါတယ်။ အဲဒီမှာ ကုသပေးနေတဲ့ ဆရာဝန်တဦးကတော့ ဦးခေါင်းပွင့်လူနာ သေဆုံးတယ်ဆိုတာ ပြောထားပါတယ်။ ပစ်ခတ်မှုမှာ ကျည်အစစ်လား ရာဘာကျည်ဆန်လား ဆိုတာကိုတော့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။ ဒေသခံတွေ ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာတော့ ကျည်ခွံတချို့ကိုလည်း တွေ့ရပါတယ်။

ပစ်ခတ်မှုကြောင့် ခြေထောက်ပြတ်လုနီးပါး ဒဏ်ရာရခဲ့သူတဦး ရှိသလို အမျိုးသမီးတဦး လက်ကျိုးပြီးတော့ ဦးခေါင်းမှာ ၅ ချက် ချုပ်ရတာကို သူကိုယ်တိုင်မြင်ခဲ့ရတယ်လို့ ဗွီအိုအေသတင်းထောက်က ပြောပါတယ်။ ဖမ်းဆီးခံရသူ အယောက် ၃၀ ထက်မနည်း ရှိတယ်လို့လည်း သတင်းပို့ထားပါတယ်။

ရဲနဲ့တပ်က ပစ်ခတ်ဖမ်းဆီးတဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုမှတ်တမ်းတွေ၊ ဒဏ်ရာရသူတွေရဲ့ ဗွီဒီယိုမှတ်တမ်းတွေကို ဗွီအိုအေသတင်းထောက်ကိုယ်တိုင် မျက်မြင်တွေ့ ရိုက်ယူပြီး ပေးပို့ထားပါတယ်။

ရတနာပုံသင်္ဘောကျင်းမှာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု လုပ်ဆောင်နေသူတွေကို ရဲတွေက လာပြီး ထိန်းသိမ်းတာမှာ ရုန်းရင်းဆန်ခတ် အခြေအနေတွေ ဖြစ်ခဲ့တဲ့အကြောင်းနဲ့ ပစ်ခတ်တာတွေရှိခဲ့တဲ့အကြောင်း အခင်းဖြစ်နေရာတွေမှာ ကိုယ်တိုင်ရှိနေခဲ့ဲတဲ့ ဗွီအိုအေသတင်းထောက်က ရုပ်သံမှတ်တမ်းတွေနဲ့အတူ ပေးပို့ခဲ့ပါတယ်။

မန္တလေးမှာ ပစ်ခတ်တာတွေ၊ ရဲနဲ့ စစ်တပ်က ဖမ်းဆီးတာတွေကို ရိုက်ယူထားတဲ့ တခြား ဗွီဒီယိုတွေ၊ ဓာတ်ပုံမှတ်တမ်းတွေလည်း ဆိုရှယ်မီဒီယာပေါ်မှာ ကျယ်ကျယ်ပျံ့ပျံ့ထွက်နေပါတယ်။

ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းဖြိုခွဲတာမလုပ်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အပြင်းအထန် သတိပေးထားတဲ့ကြားကပဲ အခုလို ပစ်ခတ်နှိမ်နင်းတာတွေ ဆက်ရှိနေတာပါ။

ပြီးခဲ့တဲ့ရက်တွေက နေ့စဉ်လို ပစ်ခတ်ဖြိုခွဲတာတွေရှိခဲ့တဲ့ မြစ်ကြီးနားမှာတော့ ဒီကနေ့ ပစ်ခတ်ဖြိုခွဲတဲ့သတင်းတွေ မရဘဲ ဆန္ဒပြသူတွေနဲ့ ရဲ၊ စစ်တပ်ကြား ခပ်လှမ်းလှမ်းအနေအထားနဲ့ ရင်ဆိုင်တွေ့တာမျိုးပဲရှိခဲ့ပါတယ်။

မနေ့ကကွယ်လွန်သွားခဲ့တဲ့ အသက် ၂၀ အရွယ် မမြသွဲ့သွဲ့ခိုင်အတွက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ဒီကနေ့ နေပြည်တော်ဆန္ဒပြပွဲအတွင်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဆန္ဒပြသူတွေ ၁ မိနစ်ကြာ ငြိမ်သက်ခဲ့ကြပါတယ်။

မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့ နေပြည်တော် ဆန္ဒပြပွဲတခုအတွင်း ရဲကပစ်တဲ့ကျည် ဦးခေါင်းမှာ ထိမှန်ပြီးတော့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီးတဲ့နောက် သတိပြန်ရမလာတော့ဘဲ ၁၀ ရက်အကြာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာပါ။

သူကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းရသလို ခွန်အားလည်း ဖြစ်ရပါတယ်လို့ ဒီကနေ့ နေပြည်တော်ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကျောင်းသူတဦးက ပြောပါတယ်။

“ညီမတို့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်အနေနဲ့ပဲ ပြောပြော၊ ကျောင်းသူတယောက် အနေနဲ့ပဲ ပြောပြော၊ ပြည်သူတယောက်အနေနဲ့ပဲ ပြောပြော ညီမလေးတို့ရဲ့ မိသားစုဝင် မဟုတ်ပေမယ့်လည်း ပြည်သူတယောက် အနေနဲ့တော့ အရမ်းဝမ်းနည်းရတယ်။ ဝမ်းနည်းရတာက တပိုင်း၊ ပြီးတော့ ခွန်အားဖြစ်တာက တပိုင်း၊ သူတယောက် ကျတဲ့အတွက် ညီမတို့က အယောက် ၁၀၀ ပြန်ထဖို့ လိုအပ်တယ်။”

နေပြည်တော်ဆန္ဒပြပွဲမှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာပါဝင်ပြီး ရွေးကောက်ခံအစိုးရလက်ထဲ အာဏာပြန်လွှဲပေးဖို့၊ ဖမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုကြပါတယ်။

ရန်ကုန်မြို့တဝန်း ဆန္ဒပြပွဲတွေမှာလည်း တိုင်းရင်းသားတွေ၊ ဝန်ထမ်းတွေ၊ လူငယ်တွေ၊ ကျောင်းသူကျောင်းသားတွေ စသည်အားဖြင့် ဆန္ဒပြသူမျိုးစုံ ပါဝင်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)

မန်တလေးပဈခတျမှု ဆန်ဒပွသူ ၂ ဦးသဆေုံး

မန်တလေးမွို့က ဒီကနေ့ဆန်ဒပွပှဲတှကေို ရဲနဲ့စဈတပျက ပဈခတျဖွိုခှဲတာကွောင့ျ ဆန်ဒပွသူ ၂ ဦး သဆေုံးတယျလို့ မန်တလေးမှာရှိနတေဲ့ ဗှီအိုအသေတငျးထောကျက သတငျးပေးပို့ထားပါတယျ။














XS
SM
MD
LG