သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မမြသွဲ့သွဲ့ခိုင် သေဆုံးခြင်းအတွက် စိတ်မကောင်းဖြစ်ကြောင်း ကုလနဲ့ ကန် ပြောဆို


(Zawgyi/Unicode)

နေပြည်တော်က ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲတုန်း ရရှိတဲ့ သေနတ်ဒဏ်ရာနဲ့ ကွယ်လွန် သွားသူ မမြသွဲ့သွဲ့ခိုင် အတွက်အလွန် အမင်း စိတ်မကောင်းဖြစ်မိတယ်လို့ UN ကုလသမဂ္ဂ ပြောခွင့်ရ Farhan Haq ကပြောပါတယ်။

"မမြသွဲ့သွဲ့ခိုင် ကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က အနီးကပ် စောင့်ကြည့်နေခဲ့ပြီး အလွန်အမင်း စိတ်မကောင်း ဖြစ်မိ သလို စိတ်သောကလည်း ရောက်ခဲ့ရပါတယ်။ ကုလ အတွင်းရေးမှူးချုပ်အနေနဲ့ သေဆုံးသူ မမြသွဲ့သွဲ့ခိုင်ရဲ့မိသားစုကိုယ်စား ကြေကွဲ ဝမ်းနည်းရပါတယ်" လို့ ကုလ ပြောခွင့်ရ Farhan Haq က သောကြာနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေကို အင်အားသုံးနှိမ်နှင်းတာဟာ လက်မခံနိုင်စရာဖြစ်သလို ငြိမ်းချမ်းစွာ စုဝေးခွင့်ကို အပြည့်အဝ လေးစားလိုက်နာဖို့လိုတာကို ကျွန်တော်တို့ ထပ်လောင်း တောင်းဆိုလိုပါတယ်လို့လည်း သူက ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိမ်နှင်းတာ ၊ခြိမ်းခြောက်တာနဲ့ နှောက်ယှက်တဲ့ သတင်းတွေကို ဆက်တိုက်ကြားနေရတဲ့ အပေါ် စိတ်ပျက်တုန်လှုပ်မိကြောင်းနဲ့ ဒီလိုလုပ်ရပ်တွေကို ချက်ချင်း ရပ်တန်းက ရပ်ပစ်ရမယ်လည်း သူက ပြောပါတယ်။

မမြသွဲ့သွဲ့ခိုင် သေဆုံးခဲ့ရတဲ့အပေါ် မြန်မာနိုင်ငံက ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် အဖွဲ့ကလည်း ဝမ်းနည်းကြောင်း ထုတ်ဖော် ပြော ဆိုခဲ့ကြောင်းနဲ့ လူ့အခွင့်အရေးကို အလေးထားဖို့နဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် ဆန္ဒပြသူတွေကို အင်အား သုံးနှိမ်နှင်း တာတွေမလုပ်ဖို့ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်အဖွဲ့က တောင်းဆိုထားကြောင်းလည်း သူက ပြောပါတယ်။

မမြသွဲ့သွဲ့ခိုင်သေဆုံးခဲ့တဲ့သတင်းကြားအပြီး အမေရိကန် ပြည်ထောင်စုကလည်း မြန်မာ စစ်တပ်အနေနဲ့ အင်အားသုံး အကြမ်းဖက်ခြင်း မပြု လုပ်ဖို့နဲ့ အာဏာစွန့်လွှတ်ဖို့အတွက်တောင်းဆိုလိုက်ပါတယ်။

မြန်မာ ပြည်သူတွေအပေါ် ဘယ်လို အင်အားသုံး အကြမ်းဖက်မှုမျိုးကို မဆို အမေရိကန် ပြည်ထောင်စုအနေနဲ့ ပြစ်တင် ရှုတ်ချကြောင်း နဲ့အင်အားမသုံးဖို့ ထပ်မံတောင်းဆိုကြောင်းအမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က သောကြာနေ့က သတင်းထောက် တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နေပြည်တော်က ဆန္ဒပြပွဲဖြိုခွဲမှုအတွင်း ဦးခေါင်းကို သေနတ်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ဟာသောကြာ နေ့ မွန်းလွဲပိုင်းက နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာပါ။ ကွယ်လွန်ပြီး ခွဲစိတ်စစ်ဆေးမှု အရ အသက် ၂၀ အရွယ်မမြသွဲ့သွဲ့ခိုင်ဟာ ကျည်ဆံအစစ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးခေါင်းဒဏ်ရာရ သေဆုံးခဲ့ရတာဖြစ်ကြောင်း ဆရာဝန်တွေက အတည်ပြုခဲ့ပါတယ်။

မမြသွဲ့သွဲ့ခိုင်ရုပ်အလောင်းကို တနင်္ဂနွေနေ့မှာ သင်္ဂြိုဟ်ဖို့ စီစဉ်ထားပါတယ် ။

တိုက်ရိုက် လင့်ခ်


...........


(Unicode)










XS
SM
MD
LG