(Zawgyi / Unicode)
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေဘက်က ပစ်ခတ်တာကြောင့် ဆန္ဒပြပြည်သူ ၁ ဦး သေဆုံးပြီး ဒဏ်ရာရသူတချို့ ရှိတယ်လို့ မြို့ခံဆန္ဒပြသူတဦးက ပြောပါတယ်။ ဒါ့အပြင် ရန်ကုန်အပါအဝင် မြို့တချို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ ရှိခဲ့ပြီး ကချင်ပြည်နယ် ဖားကန့်နဲ့ ကယားပြည်နယ် ဒီမောဆိုမြို့တွေမှာတော့ ဆန္ဒပြတဲ့သူတွေ ထောင်နဲ့ချီရှိခဲ့တယ်လို့ ဆိုပါတယ်။ မြင်းမူမြို့က နောက်ဆုံးအခြေအနေ အပါအဝင် နိုင်ငံတဝန်းက ဆန္ဒပြပွဲ အခြေအနေတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း ဆက်ဖြစ်နေတာမှာ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေဘက်က ဒီနေ့ ပစ်ခတ်နှိမ်နင်းမှုတွေ လုပ်ခဲ့တာကြောင့် သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ဒီနေ့မနက် အစောပိုင်းက ဆန္ဒပြဖို့အတွက် လူစုနေစဉ် ဆန္ဒပြပြည်သူ ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတာကို ပြန်လွှတ်ပေးဖို့ ရဲစခန်းရှေ့မှာ တောင်းဆိုရာကနေ သေနတ်ပစ်ဖောက်တဲ့အထိ နှစ်ဖက် အခြေအနေတွေ တင်းတင်းမာမာ ဖြစ်ပွားခဲ့တာပါ။ အဲဒီနောက်တော့ မြို့ခံဆန္ဒပြတဲ့သူတွေက လမ်းတွေကို အကာအရံတွေချပြီး ပိတ်ဆို့တားဆီးရာကနေ စစ်ကောင်စီတပ်တွေ နေ့လယ် ၁၂ ကျော်လောက်မှာ ရောက်လာပြီးတော့ ပစ်ခတ်နှိမ်နင်းခဲ့တာပါ။
စစ်ကောင်စီတပ်တွေဘက်က မြင်းမူမြို့ ဈေးအရှေ့ဘက်မှာ ကျည်အစစ်တွေ၊ ရာဘာကျည်တွေနဲ့ ၁၅ မိနစ်ခန့် ပစ်ခတ်ခဲ့ပြီး အဲဒီလို ပစ်ခတ်တာကြောင့် ၁ ယောက်သေဆုံးပြီး နောက်ထပ် ၃ ယောက် ဒဏ်ရာရသွားတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။
“ထိခိုက်သေဆုံးမှု အခြေအနေက အပစ်ခံထားရတာ ၄ ယောက်မှာ တယောက်က ရာဘာကျည် ခေါင်းကို နောက်စေ့ထိထားတယ်၊ တယောက်က ခါးကိုထိထားတယ်၊ တယောက်ကတော့ အခြေအနေ စိုးရိမ်ရတယ်၊ တယောက်ကတော့ ကွယ်လွန်သွားပြီပေါ့။ သေချာသွားပြီ ကျနော်တို့ကယ်ခဲ့တဲ့ တယောက်ကတော့ သေသွားပြီ။ အဲဒီလိုတော့ ကျနော်တို့ သတင်းရထားတယ်။ ပစ်ခံရတာ ၄ ယောက်မှာ ၁ ယောက် ကွယ်လွန်တာပေါ့။ ကောင်လေးက လက်မောင်းကိုမှန်ပြီးတော့ လက်မောင်းကနေ ပွင့်ထွက်ပြီး နံထဲဝင်သွားတယ်။ ကျည်အစစ်နဲ့ ပစ်သွားတာ။ သူတို့ဘက်က ပစ်ခတ်တော့ ကောင်လေးတယောက်လဲသွားတော့ ကျနော်တို့က အတွဲလိုက် ဝိုင်းမပြီးတော့ သယ်သွားတဲ့အချိန်မှာ ကျနော်တို့ကို နောက်ကနေ လိုက်ပစ်လို့ ကျနော်တို့လည်း ကောင်လေးကို ပစ်ထားခဲ့ရတာပေါ့။ ခုနမှ ပြန်သွားခေါ်တော့ မမီလိုက်ပါဘူး။”
စစ်ကောင်စီတပ်တွေဘက်က စစ်ကား ၄ စင်း၊ ရဲကား ၁ စင်း အပါအဝင် လူအင်အား ၈၀ လောက်နဲ့ ရောက်လာပြီး ပစ်ခတ်နှိမ်နင်းခဲ့တာဖြစ်ပြီး နေအိမ်တချို့ သေနတ်ကျည်ထိမှန်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ထပ် ဖမ်းဆီးမှုတွေလည်း ရှိနေပြီး ဒဏ်ရာရလို့ ဆေးရုံမှာ သွားရောက်ကုသနေသူတချို့ အဖမ်းခံရတယ်လို့လည်း သူက ပြောပါတယ်။
“ဖမ်းခံရတာက ကျနော်တို့ ဆန္ဒပြဖို့ လူစုလူဝေးလုပ်တဲ့အချိန်မှာ ၂ ယောက် ဖမ်းသွားတယ်။ ဆေးကုသဖို့သွားတဲ့ ကောင်လေး ၂ ယောက်ကိုလည်း လမ်းမှာ ဆွဲစိထားတယ်လို့ ကြားတယ်။ လောလောဆယ် ကျနော်တို့ အပြင်ထွက်လို့ မရသေးဘူး၊ ဖုန်းနဲ့ပဲ အားလုံး အဆက်အသွယ် လုပ်နေကြတယ်ဗျ။ ဒဏ်ရာနည်းနည်းများလို့ ဆေးကုဖို့သွားတဲ့သူတွေကိုတော့ ရိုက်နှက်ပြီးတော့ ဖမ်းထားတယ်လို့ ကျနော်တို့ ကြားတယ်။”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေကို စစ်ကောင်စီဘက်က ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် သေဆုံးသူဦးရေဟာ ၇၇၀ ကျော်သွားပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူဟာ ၄,၀၀၀ လောက်ရှိသွားပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ထားပါတယ်။ တချို့သတင်းတွေမှာတော့ သေဆုံးသူက ၈၀၀ ကျော်သွားပြီဖြစ်တယ်လို့ ပြောပါတယ်။
တချိန်တည်းမှာပဲ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ မုံရွာ၊ တန့်ဆည်၊ မြောင်၊ ကနီ၊ ဆားလင်းကြီး၊ မြိုင်၊ မော်လမြိုင်၊ မြိတ်၊ ထားဝယ်၊ ကန်ဘောက်၊ လောင်းလုံ၊ သရက်ချောင်း စတဲ့မြို့တွေမှာလည်း ဆန္ဒပြတဲ့သူ ရာပေါင်းများစွာက အရုဏ်ဦးသပိတ်၊ ဘူးသပိတ်၊ ဆိုင်ကယ်သပိတ်၊ ကျောက်မျက်သပိတ် စတာတွေကို ဆင်နွဲှခဲ့ကြပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် ဖားကန့်မြို့နဲ့ ကယားပြည်နယ် ဒီမောဆိုမြို့တွေမှာတော့ ဒီနေ့မှာ ကျောင်းသားလူငယ်တွေ၊ ဆရာ ဆရာမတွေ အပါအဝင် ဆန္ဒပြတဲ့သူတွေ ထောင်နဲ့ချီရှိခဲ့ပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်း၊ စစ်ကျွန်ပညာရေးစနစ်ကို လက်မခံကြောင်း စတဲ့ ပိုစတာတွေ၊ စာတန်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
----------------------
(Unicode)
ပဈခတျမှုကွောင့ျ မွငျးမူမှာ ဆန်ဒပွသူတဦး သဆေုံး