မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု သက်တမ်း သုံးလ ကျော်လွန်လာခဲ့ပြီ ဖြစ်ပေမယ့် စစ်ကောင်စီဟာ တိုင်းပြည်ကို အပြည့်အဝ ထိန်းသိမ်းနိုင်ခြင်း မရှိသလို၊ အုပ်ချုပ်ရးယန္တရားလဲ ပုံမှန်ဖြစ်ဖို့ အခက်အခဲရှိနေဆဲ ဖြစ်ပါတယ်။ အလားတူစွာပဲ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ဘက်ကကော အလားအလာ ဘယ်လိုရှိနေပါသလဲ။ မြန်မာ့အရေးသုံးသပ်သူ ဦးရဲထွန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ဦးရဲထွန်း .. ကျနော် ဒီနေ့ဆွေးနွေးချင်တာကတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ (၃) လခွဲ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဆိုတော့ ဒီအခြေအနေကို ကြည့်မယ်ဆိုရင် စစ်တပ်ဟာ သူတို့ကြေညာထားတဲ့အတိုင်း၊ သူတို့လုပ်ချင်တာတွေကို ဆက်လက်ပြီးတော့ လုပ်နိုင်သွားမယ့် အခင်းအကျင်းမျိုး၊ တိုင်းပြည်ရဲ့ တည်ငြိမ်မှုအပါအဝင်၊ အခြေအနေ အစစအရာရာ ဖြစ်လာဖို့ ငြိမ်းငြိမ်းချမ်းချမ်း ထိန်းသိမ်းနိုင်မယ့် အလားအလာ တွေ့နေရပြီလို့ ဆိုနိုင်မလား။
ဖြေ ။ ။ အခုနောက်ဆုံး ကျင်းပသွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်း တရားဝင်ပြောကြားချက်အရ ဆိုရင်တော့ သူတို့အနေနဲ့ တည်ငြိမ်အေးချမ်းပြီး ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်လို့ရပြီဆိုတဲ့ အခြေအနေမျိုးမှာ ASEAN ကနေ ကိုယ်စားလှယ်လွှတ်ပြီး လာမယ်ဆိုလို့ရှိရင် လက်ခံဖို့ အဲဒီလိုအခြေအနေ ရောက်လို့ရှိရင် လက်ခံပါမယ်လို့ ကတိပေးထားတာ ရှိတယ်။ အဲဒီမေးခွန်းကို ဖြေရင်းနဲ့ သူပြောသွားချက်အရဆိုရင်တော့ အခုအချိန်မှာ တည်ငြိမ်အေးချမ်းမှု မရှိသေးဘူးဆိုတဲ့သဘော သူဖြေသွားပါတယ်။
မေး ။ ။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ CRPH တို့ကလည်း အခုဆိုရင် National Unity Government (NUG) ဖွဲ့စည်းလိုက်တာ (၁) လ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ဘက်ကလဲ နိုင်ငံရေးအားဖြင့်၊ အုပ်ချုပ်ရေးအားဖြင့် ခြေလှမ်းတွေ တလှမ်းပြီးတလှမ်း တိုးလှမ်းလာတာကို တွေ့ရပါတယ်။ သူတို့ကရော သူတို့ရဲ့ ရည်မှန်းချက်ကို ရောက်ရှိဖို့အတွက် အလားအလာကို ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ လုပ်စရာရှိတာတွေတော့ လုပ်နေတယ်ပေါ့။ အစိုးရဖွဲ့တယ်။ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းတာတွေ လုပ်တယ်။ ကြေညာတယ်။ ဒါပေမဲ့ အခုမြို့တချို့မှာ ပြည်သူလူထုတချို့က ကိုယ့်အစီအစဉ်နဲ့ကိုယ် လက်နက်စွဲကိုင်ပြီးတော့ တော်လှန်ဆွဲကိုင် တော်လှန်တိုက်ခိုက်နေကြတဲ့ကိစ္စမှာတော့ ဗဟိုကနေ စနစ်တကျ ဦးဆောင်ဦးရွက်ပြုပြီးတော့ တိုက်ပွဲဝင်နေကြတယ်ဆိုတဲ့ အနေအထားမျိုးတော့ မရှိသေးဘူး။ ကျနော်တို့ ကိုယ့်အသိနဲ့ကိုယ် လက်နက်ဆွဲကိုင်ပြီးတော့ တိုက်ပွဲဝင်နေတဲ့ အနေအထားလောက်ပဲ ရှိတယ်။ ဒီဟာတွေကလဲ စနစ်တကျ ရေရှည်တိုက်ပွဲဝင်လာခဲ့တဲ့ တပ်မတော်တရပ်ကို အနိုင်တိုက်နိုင်ဖို့က ဖြစ်နိုင်ပါ့မလားဆိုတာကလဲ မေးစရာ ဖြစ်နေတယ်။ ဆိုတော့ နောက်တချက်က NUG အနေနဲ့ သူတို့ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာ ဒီနေ့အထိတော့ NUG အသိအမှတ်ပြုတဲ့ အစိုးရက မပေါ်သေးဘူး။ နောက်တခါ နိုင်ငံခြားအကူအညီပေးပါ့မယ်ဆိုတဲ့ ပေါ်ပေါ်တင်တင် ကတိကဝတ်ပြုတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေလည်း မကြားရသေးဘူး။ ဆိုတော့ NUG ဘက်ကနေ ပြောမယ်ဆိုရင် သူတို့ဖွဲ့စည်းလိုက်ပြီး နောက်ပိုင်းမှာ အားတက်စရာကောင်းတဲ့ ခြေလှမ်းမျိုး အဆင့်မျိုးကို မတွေ့ရသေးဘူးလို့ အဲဒီလိုသုံးသပ်လို့ ရမယ်ထင်ပါတယ်။
မေး ။ ။ ပြည်သူလူထုရဲ့ ထောက်ခံမှုကတော့ ကျနော်တို့ လေ့လာရသလောက် NUG ဘက်မှာ အများကြီးရှိတယ်ဆိုတာကို တွေ့ရပါတယ်။ ဒီဟာကိုကြတော့ စစ်တပ်က သူတို့ဘက်ကို ပါလာအောက် ဆွဲဆောင်နိုင်မယ့်နည်းလမ်းများ ရှိမယ်ထင်ပါသလား။
ဖြေ ။ ။ နစကအနေနဲ့တော့ ပြည်သူလူထုက ငြိမ်ဝပ်ပိပြားပြီးတော့ သူတို့အုပ်ချုပ်မှုအောက်ကို ရောက်ဖို့က အာဏာစက်ကိုပဲ အသုံးပြုရတဲ့ အနေအထားပဲ ဖြစ်နေတယ်။ အခုအနေအထားကတော့ နိုင်ငံရေးအရ စည်းရုံးသိမ်းသွင်းတဲ့အခါမှာတော့ ပြောသမျှကို ပြည်သူလူထု အများစုက မယုံကြဘူး၊ လက်မခံကြဘူးဆိုတဲ့ အနေအထားမျိုး တွေ့နေရတယ်။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ Corruption ကိစ္စမျိုးတွေကို ကျနော်တို့ လူထုထဲမှာ စကားပြောဆိုကြည့်တယ်။ Social Media တွေပေါ်မှာ ကြည့်တဲ့အခါကြတော့ ဒါကိုလက်ခံ ယုံကြည်တဲ့လူက တော်တော်နည်းတယ်။ ဘဏ်တွေမှာ ငွေတွေစုပြုံထုတ်နေတယ် ဆိုတာကလဲ တချို့လဲ လိုအပ်လို့ ထုတ်တာရှိသလို၊ အများစုကတော့ ယုံကြည်မှု မရှိတာကြောင့်လို့ စိုးရိမ်စိတ်နဲ့ ဝိုင်းထုတ်ကြတယ်ဆိုတဲ့ အနေအထားကို တွေ့ရတယ်။ ဒါကြောင့်မို့ နစက က နိုင်ငံရေးအရ စည်းရုံးဟောပြောတာ၊ ဝါဒဖြန့်တာထက် ဥပဒေနဲ့ကျပ်တဲ့လမ်းကိုပဲ သုံးတာကိုပဲ တွေ့ရပါတယ်။ ဥပမာ CDM လုပ်တဲ့ ဆရာ၊ ဆရာမတွေအပါအဝင် ဝန်ထမ်းတွေကို အလုပ်ဖြုတ်ပစ်တာမျိုး။
မေး ။ ။ တကယ်တော့ အဲဒါမျိုးတွေ လုပ်လာလေလေ၊ ပြည်သူလူထု ထောက်ခံမှုနဲ့ ပိုပြီးအလှမ်းဝေးသွားလေလေ ဖြစ်ပြီးတော့ အုပ်ချုပ်လို့မရတဲ့အထိ ကမောက်ကမ ဖြစ်သွားနိုင်တယ်။ တချို့က Failed State ဘာညာတွက်ကြတယ်။ အဲဒီ Failed State အသုံးအနှုန်းတောင် မသုံးပါနဲ့တော့ ဒါပေမဲ့ အဲဒီလို အုပ်ချုပ်လို့ ရနိုင်တဲ့အခြေအနေထိ ရောက်ဖို့တောင် ခဲယဉ်းနေတယ်ဆိုရင်ကော။
ဖြေ ။ ။ တစ်ခုတော့ရှိတယ်။ ကျနော်တို့ နိုင်ငံရေးမှာတော့ လက်နက်ကိုင် တော်လှန်ရေးနဲ့ အာဏာရလာတဲ့ တော်လှန်ရေးအစိုးရ၊ ကွန်မြူနစ်အစိုးရတွေ များပါတယ်။ အဲဒီလို အစိုးရပဲဖြစ်စေ၊ ပြည်သူလူထုရဲ့ ထောက်ခံမဲနဲ့ မဲဆန္ဒတွေနဲ့ အာဏာရလာတဲ့ အစိုးရတွေဖြစ်စေ။ သူတို့ရဲ့အာဏာဒေါက်တိုင်က အဓိကအားဖြင့်တော့ စစ်တပ်၊ ရဲတပ်ဖွဲ့၊ တရားရုံး၊ အကျဉ်းထောင်တို့အပြင် သူတို့ကို ငွေရှာပေးတဲ့ အစိုးရတွေကို ငွေရှာပေးတဲ့ ဌာနတွေက အဓိက အရေးကြီးတဲ့ဌာနတွေ ဖြစ်တယ်။ ဒီဌာနတွေက CDM မှာ မပါသမျှတော့ သူတို့အနေနဲ့ သိပ်ပူစရာ မလိုသေးဘူးလို့ ပြောမယ်ဆိုရင် ပြောလို့ရတာပေါ့။ အခု CDM လုပ်နေကြတာတွေကတော့ တကယ်အားဖြင့်တော့ ပြည်သူဝန်ဆောင်မှု လုပ်ငန်းဌာနတွေ။ ဥပမာ ပညာရေး - ပြည်သူလူထုကို ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေ၊ ပြည်သူလူထုကို ဆေးကုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ။ အဲဒါတွေကတော့ အများစုက CDM မှာ အများစု ဖြစ်နေကြတာပေါ့။ ဆိုတော့ အဓိကဒေါက်တိုင် ဌာနကြီးတွေကို မကူးစက်သရွေ့တော့ သိပ်ပြီးတော့ ပြဿနာ မရှိသေးဘူးလို့ အဲဒီလို အစိုးရဘက်က ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။
မေး ။ ။ နောက်တခုသိချင်တာ အရေးကြီးတဲ့ကိစ္စ - တိုင်းရင်းသားတွေရဲ့ ပါဝင်မှု ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ ပါဝင်လာအောင် တပ်ဘက်ကလဲ စည်းရုံးတယ်။ သူတို့က ဖယ်ဒရယ်ပြည်ထောင်စု လုပ်ပေးမယ်။ အခုဆိုရင် PR စနစ်ကို ကျင့်သုံးမယ်ဆိုပြီးတော့ စတင်ပြီးတော့ ပြောလာတယ်။ အဲဒီအတွက် ပြင်ဆင်နေပြီဆိုတဲ့ သဘောမျိုးကို တွေ့ရပါတယ်။ တချိန်တည်းမှာပဲ NUG ဘက်မှာလဲ တိုင်းရင်းသားတွေက ပါဝင်ကြတယ်။ တချို့ဆိုရင် လက်နက်ကိုင်ပြီးတော့ ဒီစစ်အစိုးရကို တော်လှန်နေကြတယ်။ စစ်ဆင်ရေးတွေကို အရှိန်မြှင့်ပြီးတော့ လုပ်နေကြတာကို တွေ့ရပါတယ်။ တိုင်းရင်းသားတွေ ပါဝင်ပူးပေါင်းမှုက ဘယ်ဘက်မှာ ပိုပြီးတော့ အားသာနေပါသလဲ။
ဖြေ ။ ။ တိုင်းရင်းသားတွေဘက်မှာတော့ ကျနော်တို့ ပြီးခဲ့တဲ့ ဖြတ်သန်းမှုတွေအရဆိုရင်တော့ ဇဝေဇဝါဆိုတဲ့ အနေအထားလို့ပြောရင် အမှန်ဆုံးလိုပဲ ပြောရမှာပဲ။ ဘာကြောင့်လဲဆိုတော့ တပ်မတော်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကလဲ ဖယ်ဒရယ်စနစ်ကို တကယ်ကို ပီပီပြင်ပြင် အာမခံတဲ့ စနစ်မဟုတ်ဘူး။ NLD အစိုးရ (၅) နှစ် အုပ်ချုပ်ခွင့်ရတဲ့ အချိန်မှာလဲ ဖယ်ဒရယ်စနစ်ကို ပိုပြီးတော့ အားပေးတဲ့၊ လုပ်လို့ရနိုင်တဲ့ ကိစ္စတွေကို မလုပ်ဆောင်ခဲ့ဘူး။ အဲဒီလို ဖြစ်တဲ့အတွက်ကြောင့်မို့ ဖယ်ဒရယ်စနစ်ကို တကယ်သွားမယ်ဆိုတဲ့ ကတိစကားအပေါ်မှာတော့ နည်းနည်းသံသယ ဖြစ်နေကြတယ်လို့ ကျနော်ထင်တယ်။ အခု PR စနစ်ဆိုတာကလဲ တကယ်ကြတော့ ၂၀၁၀ - ၂၀၁၅ ပထမအကြိမ် လွှတ်တော်ကာလအတွင်းက PR စနစ်နဲ့ ပတ်သက်ပြီးတော့ NDF တင်တဲ့အချိန်မှာ ဆန့်ကျင်တဲ့ပါတီတွေက တိုင်းရင်းသားပါတီတွေ ဖြစ်နေတယ်။ အဲဒီတုန်းက ကျနော်ကိုယ်တိုင် ပါဝင်ခွင့်ခဲ့တဲ့ ကျားဖြူပါတီ (SNDP) ဆိုရင် သပိတ်တောင် မှောက်ခဲ့ဖူးတယ်။ ဒီစနစ်ကို မကျင့်သုံးဖို့။ ဘာကြောင့် ဒီလိုဖြစ်ရသလဲလို့ ပြန်သုံးသပ်ကြည့်လိုက်တဲ့အခါကြတော့ ကျနော်တို့နိုင်ငံရဲ့ တိုင်းရင်းသားတွေ ဖြန့်ကျက်ပြီးနေမှုက လူမျိုးကြီးဗမာနဲ့ ရောပြီးတော့နေတာက နည်းပြီးတော့ သူတို့ဘာသာသူတို့ သီးခြားသီးခြား မြို့နယ်လေးတွေမှာ လူများစုအဖြစ်နဲ့ ရှိကြတာ။ ဒါကြောင့်မို့ အဲဒီမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို ရွေးတဲ့အခါမှာ သူတို့လူမျိုးပါတီ ကိုယ်စားပြုတဲ့လူက သေချာပေါက်ရဖို့ အခွင့်အရေး ရှိတယ်။ ဒါကြောင့်မို့ သူတို့က အဲဒီ PR စနစ်ကို ကျင့်သုံးမယ်ဆိုရင် တခြားပါတီတွေကို မျှပေးရမယ့် အနေအထား ဖြစ်တယ်။ ဒါကြောင့်မို့ သူတို့က PR စနစ်ကို ဆန့်ကျင်ခဲ့တာ။ ဒါပေမဲ့ အဲဒီတိုင်းရင်းသားပါတီက တစ်ပါတီပဲ မဟုတ်ဘဲ၊ နှစ်ပါတီသုံးပါတီ ဖြစ်လာကြတဲ့အခါကြတော့ မဲတွေက ၂၀၁၅ ရွေးကောက်ပွဲမှာ ကွဲကုန်တယ်။ တချို့နေရာတွေမှာဆိုရင် ဥပမာ ကျားဖြူပါတီဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှာ တစ်နေရာမှ မနိုင်တော့ဘူး။ သို့သော် သူတို့ကို ထောက်ခံတဲ့ မဲတွေတော့ ရှိတယ်။ ဒီနေ့အချိန် အခြေအနေမျိုးမှာတော့ PR စနစ်ကို စိတ်ဝင်စားသလား၊ PR စနစ်ကို ထောက်ခံသလားမေးရင် သူတို့အဖြေက တမျိုးဖြစ်လိမ့်မယ်။
မေး ။ ။ PR စနစ်ကို အကြောင်းပြပြီးတော့ စည်းရုံးလို့ကတော့ တိုင်းရင်းသားတွေ အကုန်လုံး ပါမလာနိုင်ဘူးဆိုတဲ့ သဘောပေါ့။ အဲဒီတော့ NUG က အခု အမျိုးသားညီညွှတ်ရေးအစိုးရ ဖွဲ့တယ်ဆိုတော့ တိုင်းရင်းသားပါတီတွေကို ထည့်ပြီးတော့ ဖိတ်ခေါ်ပါတယ်။ အခု NUG ရဲ့ တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့သဘောထားသည်၊ NLD ရဲ့ သဘောထားနဲ့ ပြောင်းလဲခဲ့ပြီ၊ တိုင်းရင်းသားတွေ လက်ခံနိုင်တဲ့ အနေအထားကို ရောက်သွားပြီလို့ ဆိုနိုင်သလား။ ဒီတခါ ဘယ်လောက်အထိ ခိုင်ခိုင်မာမာ စိတ်ချရပြီလဲ။
ဖြေ ။ ။ NUG က နဂို NLD ရဲ့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပတ်သက်တဲ့ သဘောထားတွေအပေါ်မှာ ပြောင်းသွားတယ်ဆိုတာကတော့ ရှင်းတယ်။ ပြောင်းသွားပြီးတဲ့အခါကြတော့ တချို့လဲ ပြန်တောင်းပန်တဲ့ကိစ္စတွေကို ဖတ်ရတာပေါ့။ တချက်က CRPH နဲ့ NUG ရဲ့ ထုတ်ပြန်တဲ့ သဘောထားတွေကို NLD ခေါင်းဆောင်တွေ။ အဓိကခေါင်းဆောင်တွေ၊ အခု အဖမ်းခံထားရတဲ့ ခေါင်းဆောင်တွေက သဘောတူရဲ့လားဆိုတာက တကယ့်အရေးကြီးတဲ့ ပြဿနာ ဖြစ်နေတယ်။ တကယ်လို့ သဘောတူတယ်၊ သူတို့က ဒါကို ထောက်ခံပါတယ်ဆိုလို့ရှိရင် ဘာနဲ့ပြန်သွားငြိ့နိုင်သလဲဆိုရင် နစက က ကြေညာထားတဲ့ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီက ဖျက်သိမ်းခံရဖို့များတယ်။ တိုင်းရင်းသားပါတီတွေကို ဖိတ်ခေါ်တဲ့အခါမှာ တိုင်းရင်းသားပါတီတွေက NUG မှာ ပါဖို့မပါဖို့ စဉ်းစားတဲ့အခါမှာ NUG က နိုင်မှာလား၊ နစက က နိုင်မှာလား ဆိုတဲ့အချက်က အရေးကြီးဆုံးပြဿနာ။ အဲဒီတော့ NUG က မနိုင်ဘူး - ဒီ (၁) နှစ် (၂) နှစ်အတွင်းမှာ မနိုင်ဘူးဆိုရင် နောက်လာမယ့် ကတိပေးထားတဲ့ ရွေးကောက်ပွဲမှာ ပါရဖို့က မသေချာဘူး။ ဖျက်သိမ်းခံရဖို့က သေချာတယ်။ အဲဒီလို ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီပြဿနာက အခုနပြောတဲ့ NUG က ကမ်းလှမ်းပေမယ့် တိုင်းရင်းသားနိုင်ငံရေးပါတီတွေက မပါဝင်ရတဲ့ အဓိကအကြောင်းရင်းလို့ ကျနော်ကတော့ အဲဒီလို ယူဆပါတယ်။
==Unicode==