သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ နှိပ်ကွပ်မှု နိုင်ငံတကာစုပေါင်းတုံ့ပြန် ဖို့လိုအပ် (ကုလပြောခွင့်ရ Stephane Dujarric)


မှတ်တမ်းဓါတ်ပုံ - မတ်လ ၂ ရက်နေ့တုန်းက ရန်ကုန်ဆန္ဒပြပွဲကို တပ်မတော်သားတွေ ဖြိုခွဲစဉ်
မှတ်တမ်းဓါတ်ပုံ - မတ်လ ၂ ရက်နေ့တုန်းက ရန်ကုန်ဆန္ဒပြပွဲကို တပ်မတော်သားတွေ ဖြိုခွဲစဉ်

(Zawgyi/Unicode)

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေက နိုင်ငံတဝှမ်းမှာ အရပ်သားတွေကို ဆက်လက်ဖိနှိပ်နေတာဟာ ကြီးမားတဲ့ဒေသတွင်းရိုက်ခတ်မှု တွေကို ထပ်ဖြစ်လာ စေတဲ့အတွက် နိုင်ငံတကာက တညီတညွတ်ထည်း တုံ့ပြန်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ နိုင်ငံတလွှားက ပြည်သူတွေ အပေါ် လုံခြုံရေးတပ်တွေက ဆက်လက်ဖိနှိပ်နေတာအတွက် အတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ဆက်ရှုတ်ချသလို ဒါဟာ ဒေသတွင်း ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်လာနေတာကြောင့် နိုင်ငံတကာက တညီတညွတ်ထည်း တုံ့ပြန်ဖို့ လိုအပ်နေပါတယ်” လို့ ပြောသွားတာပါ။

ဇွန်လ ၁၅ ရက်နေ့မှာ မကွေးတိုင်း ၊ ကင်းမရွာကို စစ်ကောင်စီတပ်တွေက မီးတင်ရှို့ခဲ့တယ်ဆိုတဲ့ သတင်းတွေ ကြောင့် အတွင်းရေးမှူးချုပ်က အထူးစိုးရိမ်သလို စိတ်အနှောက်အယှက်လည်း ဖြစ်ရကြောင်း ဒါဟာ တချိန်က ရိုဟင်ဂျာတွေ ပြည်ပထွက်ပြေးဖို့ ဖြစ်လာစေတဲ့ ရခိုင်မြောက်ပိုင်းက ရွာတွေ စနစ်တကျ မီးအရှို့ခံခဲ့ရတာကို ပြန်ပြီးသတိရစေတယ် လို့လည်း ပြောပါတယ်။

ရွာတွေ မီးရှို့တာ အပါအဝင် လတ်တလော ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကနေ မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး အခြေနေသိသိသာသာ ဆိုးဝါးလာတာ ပြနေတယ်လို့ ကုလဌာနေအဖွဲ့ကလည်း ပြောပါတယ်။

ဒီအကြမ်းဖက်မှုတွေထဲမှာ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲ KNDO ကရင် အမျိုးသား ကာကွယ်ရေးတပ်မတော်က မေလ ၃၁ ရက်နေ့မှာ ဖမ်းသွားတယ်လို့ ပြောတဲ့ သူတွေကို အစုလိုက်မြုပ်နှံထားတဲ့ နေရာ ၂ ခုပါ တွေ့ခဲ့ရတာကြောင့် သက်ဆိုင်ရာ အဖွဲ့တွေ အနေနဲ့ လူ့အခွင့်ရေး ဆိုင်ရာ စံသတ်မှတ်ချက်တွေကို လေးစားလိုက်နာဖို့ ပြောပါတယ်။

အရပ်သားတွေကို ထိခိုက်မှု နည်းနိုင်သမျှနည်းအောင်လုပ်ဆောင်ကြဖို့နဲ့ ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ အပြစ်ဒဏ်ကျခံစေဖို့လည်း တောင်းဆိုခဲ့ပါတယ်။

သောကြာနေ့မှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အထူးဆွေးနွေးပွဲ တရပ်ကျင်းပဖို့ရှိပြီး ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener တက်ရောက်ဆွေးနွေးမှာ ဖြစ်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားမှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

...........


(Unicode)








XS
SM
MD
LG