သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Covishield တကြိမ်ထိုးထားပြီးသူတွေ Sinopharm ကာကွယ်ဆေးအပြည့်ထိုးဖို့ တိုက်တွန်းနေ


အန္ဒိယမှ ကိုဗစ်ကာကွယ်ဆေး Covidshield မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ်။ (ဇန်နဝါရီ ၂၂၊ ၂၀၂၁)
အန္ဒိယမှ ကိုဗစ်ကာကွယ်ဆေး Covidshield မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ်။ (ဇန်နဝါရီ ၂၂၊ ၂၀၂၁)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Covishield တကြိမ်ထိုးထားပြီးသူတွေအနေနဲ့ တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးကို အစကနေ ပြန်ထိုးဖို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ တိုက်တွန်းနေပါတယ်။ အိန္ဒိယနိုင်ငံက မှာယူထားတဲ့ဆေးတွေ ထပ်ရောက်လာဖို့ အခြေအနေ မရှိသေးတာကြောင့် ခုလို တိုက်တွန်းနေတာပါ။ Covishield ထိုးထားပြီးသူတွေ Sinopharm ကာကွယ်ဆေးထိုးရင် ဘယ်လိုဆေးအာနိသင် သက်ရောက်မှုရှိနိုင်ပါသလဲ၊ ရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။

အိန္ဒိယနိုင်ငံထုတ် Covishield ကိုဗစ်ရောဂါကာကွယ်ဆေးတွေကို ဇွန်လအစောပိုင်းတုန်းက ပထမ တလုံးထိုးထားပြီးသူတွေအနေနဲ့ နောက်ထပ်ဆေးထိုးရမယ့် အလှည့်ရောက်လာရင် တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးကို အပြည့်အဝပြန်ထိုးဖို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေတဆင့် အသိပေးထားပါတယ်။

စစ်အာဏာမသိမ်းခင် အရင် NLD အစိုးရလက်ထက်တုန်းက မှာယူခဲ့တဲ့ အိန္ဒိယနိုင်ငံထုတ် Covishield ကိုဗစ်ကာကွယ်ဆေး သန်း ၃၀ ထဲက ရောက်ရှိထားပြီးဖြစ်တဲ့ ၃.၅ သန်းကို အားလုံး ထိုးနှံပေးခဲ့ပြီးပြီလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။ အိန္ဒိယနိုင်ငံဘက်က ဆေးတွေ ထပ်ပို့နိုင်ဖို့ လောလောဆယ် အခြေအနေ မရှိသေးဘူးလို့လည်း နောက်ဆုံးလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ လက်ရှိ စစ်ကောင်စီလက်ထက်မှာ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးတွေကို တိုင်းဒေသအလိုက် ဦးစားပေးအုပ်စုခွဲပြီး ထိုးနှံပေးနေတာပါ။ ထုတ်လုပ်တဲ့ကုမ္ပဏီချင်းမတူတဲ့ ကိုဗစ်ကာကွယ်ဆေးကို ပြောင်းထိုးတဲ့အခါ ဘယ်လို အာနိသင်သက်ရောက်မှု ရှိနိုင်မလဲဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသ၊ ကာကွယ်ဆေးဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ဝင် ပါမောက္ခ ဒေါက်တာစောဝင်းက ခုလိုရှင်းပြပါတယ်။

"တမျိုးနဲ့တမျိုးပြောင်းထိုးဖို့ လောလောဆယ်တော့ ကမ္ဘာမှာ recommendation တော့ မရှိသေးဘူး။ ဒါပေမယ့်လည်း နောက်ပိုင်းတော့ ရှိလာနိုင်တာပေါ့နော်။ ဥပမာ Covishield နဲ့ Sputnik နဲ့ တွဲပြီးတော့ထိုးတာကို သုတေသနလုပ်နေတာရှိတယ်။ ကျနော့်အမြင်ကတော့ ဒီကာကွယ်ဆေးတွေက Covishield ဒုတိယအကြိမ်မထိုးဖြစ်လည်း Sinopharm ကို ၁ ကနေပြန်စထိုးဖို့ ဘာမှအန္တရာယ်မရှိပါဘူး။ အပြစ်ရှိစရာ မရှိပါဘူး။ အကျိုးသာရှိဖို့ ရှိပါတယ်။ ကျနော်ကတော့ အဲလိုထိုးတာ အားပေးပါတယ်။ တကယ်လို့ Covishield နှစ်ကြိမ်မရရင်လည်း Sinopharm နှစ်ကြိမ်ထိုးလို့ကတော့ ရပါတယ်။"

စစ်ကောင်စီကတော့ ဝယ်ယူထားတဲ့ Sinopharm ကာကွယ်ဆေးတွေ မြန်မာနိုင်ငံကို သန်းနဲ့ချီ ရောက်လာနေတာနဲ့အတူ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး ထိုးပေးမယ့်အစီအစဉ်ကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးရရှိရေး အထူးအလေးထားလုပ်ဆောင်ခဲ့ပြီး နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဝယ်ယူထားတဲ့ ပြည်ပနိုင်ငံတွေက ကိုဗစ်ကာကွယ်ဆေးတွေ ဆက်တိုက် ရောက်လာနေတဲ့အတွက် အခုနှစ်မကုန်ခင် လူဦးရေ ၅၀% ကို ဆေးထိုးပြီးဖြစ်အောင် မေ ျှာ်မှန်းဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောတာကို ဒီနေ့ထုတ် သတင်းစာတွေထဲမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေးတွေကိုလည်း စစ်ကောင်စီက ကျယ်ကျယ်ပြန့်ပြန့် ထိုးပေးနေတဲ့ သတင်းတွေ ပုံမှန်ထုတ်ပြန်နေပါတယ်။

ရန်ကုန်တိုင်းထဲမှာတော့ တရက်ကို လူဦးရေ ၄၀,၀၀၀ ကာကွယ်ဆေးထိုးနှံပေးဖို့ကို ဆောင်ရွက်ခဲ့ပေမယ့် လက်တွေ့မှာ ဆေးထိုးခံတဲ့သူ နည်းပါးတာကိုတွေ့ရတယ်လို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေက ကိုဗစ်ရောဂါလုပ်ငန်းစဉ် အစည်းအဝေးမှာ ပြောကြားထားပါတယ်။

ရပ်ကွက်ဒေသအလိုက် အခမဲ့ထိုးနှံပေးနေပြီး စက်မှုဇုံက စက်ရုံလုပ်သားတွေကိုလည်း ကာကွယ်ဆေးထိုးပေးဖို့ ဆောင်ရွက်ပေးနေပေမယ့် လှိုင်သာယာစက်မှုဇုံက စက်ရုံတခုမှာတော့ ဆေးထိုးဖို့ နာမည်စာရင်းပေးသူ တော်တော်နည်းတယ်လို့ စက်ရုံလုပ်သားတဦးက ပြောပါတယ်။
"အခုမှ စထိုးမှာ။ မနက်ဖြန် အယောက် ၂၀ စထိုးမှာ။ ဒါပေမယ့် မထိုးတဲ့လူတွေက တော်တော်များတယ်။ ဆေးထိုးဖို့ကတော့ နာမည်စာရင်းကတော့ လိုက်ကောက်တယ်။ ဒီကာကွယ်ဆေး ထိုးပေးတယ်လို့ပဲ တခေါက်ထိုးရင် အယောက် ၂၀ ထိုးပေးမယ်လို့ပဲ ပြောတယ်။"

လက်ရှိအချိန်မှာတော့ နိုင်ငံတွင်း ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေကို ကျန်းမာရေးဝန်ကြီးဌာနက သက်ဆိုင်ရာစုရပ်အလိုက် အခမဲ့ထိုးနှံပေးနေသလို ပြင်ပမှာတော့ ဂရန်းဟံသာဆေးရုံ၊ ပန်းလှိုင်ဆေးရုံနဲ့ မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ်ကနေပြီးတော့ အခကြေးငွေယူပြီး ထိုးနှံပေးနေတာလည်း ရှိပါတယ်။ ကိုဗစ်ရောဂါကာကွယ်ဆေးကို ပုဂ္ဂလိက ဆေးရုံတချို့မှာလည်း အစုအဖွဲ့အလိုက် ထိုးနှံပေးတဲ့ အစီအစဉ်တွေ ရှိနေပါတယ်။ ကုမ္ပဏီတွေက သူတို့ရဲ့ဝန်ထမ်းတွေအတွက် ရောဂါကာကွယ်ဆေးကို မြန်မြန်ဆန်ဆန် ထိုးနှံပေးနိုင်ဖို့ကိုလည်း အခကြေးငွေပေးပြီး စီစဉ်လာကြပါတယ်။

ဒီနှစ်ထဲမှာ ကိုဗစ်ကာကွယ်ဆေး ၂၄ သန်း နောက်ထပ်ရောက်လာဖို့ ရှိတယ်လို့ ကျန်းမာရေးဌာနပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက ဗီအိုအေကို ခုလိုပြောထားပါတယ်။

"လက်ရှိမှာဆိုရင် ကာကွယ်ဆေးက ဒီလထဲမှာ ၁၀ သန်း ရမယ်။ အောက်တိုဘာမှာ ၁၀ သန်း ရမယ်။ နိုဝင်ဘာမှာ ၄ သန်းရမယ်လို့ ရည်မှန်းထားပါတယ်။ ၂၄ သန်းဖြစ်တဲ့ အတွက်ကြောင့်မို့ နောက်ထပ် ၆သန်းကလည်း ထပ်မှာထားတာ ဖြစ်တဲ့အတွက်ကြောင့် ရရှိဖို့အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။ အရင်တုန်းကတော့ ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ၂၄ သန်း ထိုးနှံနိုင်ဖို့ကို ဇန်နဝါရီလမှာ အပြီးဆိုပြီးတော့ ရည်မှန်းထားပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ ဒီဇင်ဘာမှာ အပြီးထိုးနှံနိုင်ဖို့အတွက် target ထားပြီး ရည်မှန်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ထိုးပြီးသူ စက်တင်ဘာလ ၁၄ ရက်နေ့အထိ စုစုပေါင်း ၄၉ သိန်းကျော် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ အပြည့်အဝ ဆေးထိုးပြီးသူက ၃၃ သိန်းကျော် ရှိပြီး ကာကွယ်ဆေး တကြိမ်ထိုးထားပြီးသူက ၁၆ သိန်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်သေဆုံးမှုကတော့ အဆိုးဆုံးဖြစ်ခဲ့တဲ့ ဇွန်၊ ဇူလိုင်လတွေကထက် သိသိသာသာ ကျဆင်းသွားပြီဖြစ်ပါတယ်။

....................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)













XS
SM
MD
LG