သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု နဲ့ မြန်မာ


အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု နဲ့ မြန်မာ
please wait

No media source currently available

0:00 0:07:32 0:00

ဒီတပတ် ကမ္ဘာ့ မြန်မာ့ သတင်းမြင်ကွင်း အစီအစဉ်မှာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု နဲ့ မြန်မာ အကြောင်း ပြည်သွေးနိုင်က ဆွေးနွေးတင်ပြထားပြီး မအင်ကြင်းနိုင်က ကူညီတင်ဆက်ထားပါတယ်။

"အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice )လို့ ဆိုလိုက်ရင် အမျိုးသားပြန်လည် သင့်မြတ်ရေး (National Reconciliation )အတွက် အဟန့်အတားြ ဖစ်မယ်လို့ မြင်တတ်ကြတာဟာ မြန်မာနိုင်ငံမှာမှ မဟုတ်ဘဲ ကမ္ဘာမှာလည်း ရှိကြတာပါပဲ။ တကယ်တော့ တရားမျှတမှုဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်အခြေ ခံလိုအပ်ချက် ဖြစ်နေတယ်ဆိုတာကို မမြင်ကြလို့ အခုလိုပြောကြတာလို့ယူဆပါတယ်" လို့ ဆရာမ မသီတာ(စမ်းချောင်း)က ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ခေတ်ရနံ့မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ကတ္တီပါကားလိပ်သစ် ဖွင့်နိုင်ဖို့ လိုအပ်နေတဲ့ တရားမျှတမှုဆိုတဲ့ ဆောင်းပါးအစမှာ ရေးသားထားပါတယ်။

ဒါဆိုရင် အသွင်ကူးပြောင်းရေးကာလတရားမျှတမှု (Transitional Justice ) ဆိုတာဘာလဲ လေ့လာကြည့်ရ အောင်ပါ။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုတာ အတိတ်က ပဋိပက္ခတွေအတွင်းမှာ အကြမ်းဖက် ရက်စက်မှုတွေ၊ စနစ်တကျနဲ့ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ထိခိုက် ခံစားရသူတွေ ကို ကုစားပေးနိုင်ဖို့နဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးမှာ ကောင်းမွန်တဲ့ဖြစ်စဉ်တွေဖန်တီးပေးနိုင်ဖို့ ချဉ်းကပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။

Transitional Justice ဆိုတဲ့ ဝေါဟာရဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့ ကာလမှာ ဥရောပမှာ ပေါ်ပေါက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံးဖြစ်တဲ့ ဂျာမနီနိုင်ငံက နျူရင်ဘတ်တရားရုံးနဲ့ အာရှအရှေ့ဖျား ဂျပန်နိုင်ငံက တိုကျိုတရားမျှတမှု တရားရုံးတွေကနေထွက်ပေါ်လာခဲ့တာပါ။ အဲဒီတရားရုံးတွေဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်နဲ့ဂျပန်စစ်သားတွေ၊သူတို့ရဲ့ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ကြားနာစစ်ဆေး ဖို့ ထူထောင်ခဲ့တဲ့တရားရုံးတွေ ဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဟာ ၁၉၈၀ ကာလ တဝိုက်မှာ ပိုပြီးအရှိန်ရ တွင်ကျယ်လာတာကို တွေ့ရပါတယ်။ ၁၉၇၀ နဲ့ ၁၉၈၀ ကာလတွေမှာ အသွင်ကူး ပြောင်းရေး ကာလတရားမျှတမှုဟာ ရာဇဝတ်မှုကျူးလွန်သူတွေကို တရားမျှတမှုအတွက် ဥပဒေအရ အပြစ်ပေးအရေးယူရေးနဲ့ လူ့အခွင့်အရေး မြှင့်တင်ရေးတို့အတွက် ဦးတည်ဆောင်ရွက်ခဲ့တာကိုတွေ့ကြရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၈၀ နှောင်းပိုင်းနဲ့ ၁၉၉၀ အစောပိုင်းကာလတွေမှာတော့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရဲ့ သဘောတရားဟာ ပြောင်းလဲလာတာကို တွေ့ရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး တတိယလှိုင်းမှာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဟာ လေ့လာစရာ နယ်ပယ်သစ်တစ်ခု ဖြစ်လို့လာပါတယ်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု နယ်ပယ် ပိုကျယ်ဝန်းလာပြီး အာဏာရှင်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းတဲ့ နိုင်ငံရေးဖြစ်စဉ်မှာ အကဲဖြတ်တိုင်းတာစရာ မူဘောင်တစ်ခု ဖြစ်လာတာကို တွေ့ရပါတယ်။ နိုင်ံငံရေး အသွင်ကူးပြောင်းမှု့ တည်ငြိမ်ရေးအတွက် Transitional Justice ကိုထည့်သွင်းစဉ်းစားလာတာကို တွေ့ရပါမှာဖြစ်ပါတယ်။ အမှန်တကယ်တော့ Transitional Justice သဘောတရားဟာ ကျူးလွန်ခဲ့သူတွေအနေနဲ့ အမြင်မှန်ရပြီး သူတို့လုပ်ရပ်တွေအတွက် ဝန်ခံ၊တောင်းပန်မယ်ဆိုရင် သက်သာခွင့်၊ကြေအေးခွင့် ရနိုင်တဲ့ အခွင့်အလမ်းတွေလည်း ရှိပါတယ်။

နောက်ပိုင်းမှာတော့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်မှာ အမှန်တရားဖော် ထုတ်ရေး ကော်မရှင် (Truth Commission )တွေ ပေါ်ပေါက်လာပါတယ်။ အမှန်တရားဖော်ထုတ်ရေး ကော်မရှင်ဆိုတာ ကတော့ အတိတ်ကာလမှာ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လေ့လာ စုံစမ်းပြီး တွေ့ရှိချက်တွေကို မှတ်တမ်းတင်ဖို့၊ကျူးလွန်ခြင်းခံရသူတွေကို ကုစားဖို့နဲ့ နောက်တစ်ကြိမ် အဖြစ်ဆိုးတွေ မကြုံ ရအောင်အကာကွယ်ပေးနိုင်ဖို့ အကြံပြုချက်တွေ ထုတ်ပြန်ပေးဖို့ ရည်ရွယ်ပါတယ်။ ၁၉၈၃ မှာ အာဂျင်တီးနား၊ ၁၉၉၀ မှာ ချီလီ၊ ၁၉၉၅ မှာ တောင်အာဖရိကနိုင်ငံတွေမှာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရဲ့ သင်္ကေတအဖြစ် အမှန်တရားဖော်ထုတ်ရေးကော်မရှင်တွေ ပေါ်ပေါက်လာတာ ထင်ရှားတဲ့ဖြစ်ရပ်တွေ ဖြစ်ပါတယ်။

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရလို့ နာကျင်ထိခိုက်ခံစားရသူတွေရဲ့ ဂုဏ်သိက္ခာကိုအသိအမှတ်ပြုပေးဖို့နဲ့ ပြန်လည်ကုစားပေးဖို့၊ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူဖို့နဲ့ နောက်တစ်ကြိမ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်ပွားရလေအောင် အကာအ ကွယ်ပေးဖို့ဖြစ်ပါတယ်။အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ချဉ်းကပ်တဲ့ပုံစံတွေကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီကြပါဘူး။ယေဘုယျအားဖြင့်ကတော့ အဓိကတာဝန်ရှိသူတွေကို ဖော်ထုတ်ပြီး တရားဥပဒေအ ရအပြစ်ပေးခြင်း၊အဖြစ်မှန်တွေကိုစုံစမ်းဖော်ထုတ် မှတ်တမ်းတင်တဲ့ အမှန် တရားဖော် ထုတ်ရေးဖြစ် စဉ်၊ထိခိုက်နစ်နာ သူတွေကို ပြန်လည်ကုစားတာ၊လျော်ကြေးပေးတာ(ဒီအစီအစဉ်မှာတော့ တစ်ဦးချင်း ဒါမှမဟုတ် အစုအဖွဲ့လိုက်ကို ပစ္စည်း၊ငွေကြေးပေးလျော်တာတွေ၊အောက့်မေ့ဘွယ် အခမ်းအနားတွေလုပ်ပေးပြီး အသိအမှတ်ပြုတာတွေ၊သင်ရိုးညွှန်းတမ်းတွေမှာ ထည့်သွင်းရေးဆွဲပြီး ကလေးတွေ၊လူငယ်တွေကို လေ့လာစေတဲ့ အစီအစဉ်တွေပါဝင်ပါတယ်)၊နောက်တစ်ခုကတော့Reform လို့ခေါ်တဲ့ မူဝါဒရေးရာ၊ ဥပဒေတွေ၊လုပ်ထုံးလုပ်နည်းတွေ ပြုပြင်ပြောင်းလဲရေးနဲ့ တရားစီရင်ရေး၊ရဲ၊စစ်တပ်၊ထောက်လှမ်းရေး စတဲ့ အဖွဲ့အစည်းတွေ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တာတွေဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ၂၀၁၀ ခုနှစ်မှာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းတဲ့ အသွင်ကူးပြောင်းရေးတစ်ရပ် စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရဖြစ်လာတဲ့ NLD လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဖော်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအမျိုးသားရင်ကြားစေ့ရေးလမ်းစဉ်မှာ အသွင်ကူးပြောင်းရေးကာလ တရားမျှတရေး(Transitional Justice )ဆောင်ရွက်ချက်ကိုတော့ မတွေ့ရပါဘူး ။ ဒါကြောင့် လည်းမြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ဟာ မပြည့်စုံဘူးလို့ ဝေဖန်ခဲ့တာတွေရှိခဲ့ပါတယ်။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီအသွင်ကူးပြောင်းတဲ့အခါ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဟာ လိုအပ်ပါသလား။ အရေးကြီးသလား ဆိုတာကို Pen Myanmar အဖွဲ့ စတင်တည်ထောင်သူတစ်ဦးလည်းဖြစ်၊ Pen International အဖွဲ့ကြီးရဲ့ အကျဉ်းကျစာရေးဆရာများ ကော်မတီဥက္ကဋ္ဌလည်း ဖြစ်တဲ့စာရေးဆရာမ မသီတာ(စမ်းချောင်း)က အခုလိုပြောပါတယ်။

"ခေတ်တစ်ခေတ်နဲ့ တစ်ခေတ်၊ စနစ်တစ်ခုနဲ့တစ်ခု ကူးပြောင်းတဲ့ အခါမျိုးမှာကြား ကာလတရားမျှတမှုဆိုတာ လိုကို လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်ခေတ်၊ ဘယ်စနစ်မှာမဆို တရားမျှတမှု ကင်းမဲ့တဲ့ အခိုက်အတန့်တွေ၊ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့ကြပါတယ်။ အဲဒီလို ရှိခဲ့တဲ့အရာတွေကို တရားမျှတမှု ပြန်လည်ဆောင် ကျဉ်းပေးနိုင်မှု မရှိဘူးဆိုရင်တော့ နောင်လာနောင်သားမျိုးဆက်တွေအဖို့ အဲဒီဖြစ်ခဲ့တဲ့ အရာတွေထဲကအတိုင်း နောက်ထပ်အမှားတွေကို ကျူးလွန်ဖို့အခွင့်အရေး၊ ကျူးလွန်ရင်လည်း ဘာမှမဖြစ်ဘူးဆိုတဲ့ အသိတွေ မွေးဖွားနိုင်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကြားကာလ တရားမျှတမှုဆိုတာ အင်မတန်မှ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အကူးအပြောင်းတွေမှာ ညင်သာပြီးတော့ရေရှည်တည်တံ့တဲ့၊ ငြိမ်းချမ်းတဲ့ ၊ အကူးအပြောင်းမျိုး ဖြစ်ချင်လေ၊ ကြားကာလ အသွင်ကူးပြောင်းမှု Transitional Justice ကိုဖော်ဆောင်ရလေ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ ၁၉၆၂၊၁၉၈၈၊၂၀၂၁ တွေမှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးနဲ့ စစ်အာဏာရှင်တွေအောက်မှာ တိုင်းရင်းသားပြည်သူတွေဟာ နှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ် ခံစားခဲ့ကြရပါတယ်။သူတို့လက်အောက်မှာ နိုင်ငံရေးသမားတွေဟာ ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်၊ထောင်သွင်း အကျဉ်းချတာတွေခံခဲ့ကြရပါတယ်။မိသားစုတွေ ဘဝပျက်ခဲ့ကြရ ပါတယ်။ နိုင်ငံဟာလည်း ဖွံ့ဖြိုးမှုနောက်ကျ၊ ပညာရေး၊ကျန်းမာရေး အခြေအနေတွေလည်း နိမ့်ကျခဲ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံနဲ့ လူမျိုးကို ဒုက္ခ ပင်လယ်ဝေစေခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ လုပ်ရပ်တွေအတွက် တစ်ကြိမ်တစ်ခါမျှ ဝန်ခံခဲ့တာ၊တောင်းပန်ခဲ့တာမျိုး မရှိခဲ့သလို သူတို့ ကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက်လည်း အပြစ်ပေး၊အရေးယူခံရတာမျိုး မရှိခဲ့ကြပါဘူး။ စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ကျူးလွန်ခဲ့တဲ့ အပြစ်တွေကနေ ကင်းလွတ်ခွင့်ရနေခဲ့ကြပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ် အသွင်ကူးပြောင်းရေးမှာတော့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု(Transitional Justice) အမှန်တကယ်လိုအပ်နေပါပြီ။ ဒါမှသာ တည်ငြိမ်တဲ့၊ငြိမ်းချမ်းတဲ့၊ရေရှည်ခံတဲ့ အသွင်ကူးပြောင်းရေးဖြစ်ပါလိမ့်မယ်ခင်ဗျား။

--------------------------------

(Unicode)




Transitional Justice ဆိုတဲ့ ဝေါဟာရဟာ ဒုတိယကမ်ဘာစဈကွီးပွီးတဲ့ ကာလမှာ ဥရောပမှာ ပေါျပေါကျခဲ့တဲ့






XS
SM
MD
LG