သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလုပ်သား အများအပြားခေါ်ယူဖို့ ထိုင်းဘက်က ကမ်းလှမ်း


[[ ZAWGYI ]]

မြန်မာလုပ်သား အများအပြားခေါ်ယူဖို့ ထိုင်းဘက်က ကမ်းလှမ်း

မြန်မာနိုင်ငံ အပါအဝင် ပြည်ပက တရားဝင်လုပ်သား သောင်းနဲ့ချီ ခေါ်ယူမယ်လို့ ထိုင်းအစိုးရကကြေညာခဲ့ပြီးနောက် MOU နဲ့ မြန်မာနိုင်ငံဘက်က အလုပ်သမားတွေ သွားဖို့ အသင့်ဖြစ်နေပြီလို့ အလုပ်သမားရေးဌာန တာဝန်ရှိသူက ဗီအိုအေကို ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ ဖြစ်နေချိန် ကျန်းမာရေး စည်းကမ်းချက်တွေနဲ့အညီဖြစ်ဖို့ နှစ်နိုင်ငံကြား ညှိနှိုင်းနေရတယ်လို့ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ဦးခင်မောင်စိုးမင်းက တင်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာအပါဝင် နိုင်ငံခြားက အလုပ်လာလုပ်သူ တော်တော်များများ နေရပ်ပြန်သွားကြတဲ့အတွက် စက်ရုံအလုပ်ရုံ လုပ်ငန်းတွေမှာ အလုပ်သမား လိုအပ်ချက်ပြဿနာ ဖြစ်နေပါတယ်။ ဒါကြောင့် နိုင်ငံခြားသားအလုပ်သမား ၉ သောင်းကျော်ကို ပြန်လည် လက်ခံမယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။

မြန်မာနိုင်ငံသား အလုပ်သမားအများအပြားကို ဒီနှစ်မကုန်ခင် လက်ခံခေါ်ယူဖို့ မြန်မာတာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းနေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးကလည်း ပြောကြားထားပါတယ်။ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MoU စာချုပ်နဲ့ လုပ်သားအများအပြား ခေါ်ယူဖို့ ထိုင်းအစိုးရဘက်က ကမ်းလှမ်းထားပြီး မြန်မာဘက်ကလည်း သွားဖို့ အဆင်သင့်ရှိတယ်လို့ မြန်မာအလုပ်သမားဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ထိုင်းဘက်က demand တွေ ကျနော်တို့ လက်ခံထားတယ်၊ ကျနော်တို့ ရက်ပိုင်းလပိုင်းလောက်ဆို လွှတ်နိုင်တဲ့အနေအထား ရှိပါတယ်။ ပြောချင်တာကတော့ ကျနော်တို့ဘက်က သွားဖို့ အလုပ်သမားတွေကတော့ အသင့်ပဲပေါ့ဗျာ။ ဟိုဘက်က နှစ်ဘက်အုပ်ချုပ်မှု ကိစ္စလေးတွေ ညှိနှိုင်းတဲ့ကိစ္စ နည်းနည်းလေး လိုနေတာလေးပြီးရင် လွှတ်တော့မှာပါဗျ။”

ကော့သောင်နဲ့ မြဝတီ နယ်စပ်ဂိတ် ၂ ခုကနေ လုပ်သားစေလွှတ်ဖို့ ကနဦး သဘောတူထားပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံနယ်စပ်မှာ ထားမယ့် ကိုဗစ်ရောဂါ ယာယီစောင့်ကြည့်ရေး စင်တာတွေမှာ မြန်မာလုပ်သား အများအပြားကို ထားဖို့ အခက်အခဲရှိနေပါတယ်။ ဒါကို ထိုင်းအလုပ်သမားရေးဌာနနဲ့ ညှိနှိုင်းနေတယ်လို့ ဦးညွန့်ဝင်းက ပြောပါတယ်။

“ အဓိက ကျနော်တို့ဆီက အလုပ်သမား လွှတ်လို့ရှိရင် မဲဆောက်ဘက်မှာ ၊ ကျူ- စင်တာက လောလောဆယ် ၅၀၀ လောက်ပဲ ရှိတဲ့ဟာ သူတို့စီစဉ်ထားတယ်ဗျာ။ ရနောင်းမှာကျ လူ ၂၀၀၀ ကျူ- ဝင်နိုင်အောင် စီစဉ်ထားတယ် ရနောင်းဘက်ကတော့ အဆင်ပြေတယ်။ သို့သော် ကျနော်တို့ MoU အရ လွှတ်မယ်ဆိုရင် အလွယ်ဆုံးကတော့ မြဝတီလမ်းကြောင်းက အတိုဆုံးနဲ့ အများဆုံးကျနော်တို့ လွှတ်ချင်တာ။ အဲဒါလေးကို ထိုင်းဘက်က ကျူ စင်တာ ဒီထက် အရေအတွက်လေးများအောင် လုပ်ပေးပေါ့ အဲဒါလေး ညှိနေပါတယ်ဗျ။”

ထိုင်းနယ်စပ်မှာ ကွာရန်တင်း ဝင်ရမယ့် မြန်မာလုပ်သားတွေအတွက် နေထိုင်၊ စားသောက်စရိတ်နဲ့ ရောဂါစစ်ဆေးခတွေကို ဘယ်သူတွေက ကျခံပေးမှာလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက အလုပ် သွားလုပ်နေကြသူ အမြောက်အများ နေရပ်ပြန်သွားကြပါတယ်။ တရားဝင် အလုပ်လုပ်ခွင့် ပါပစ်နဲ့ အလုပ်လုပ်နေကြသူတွေ ထဲကလည်း ပါမစ်သက်တမ်းကုန်လို့ အလုပ်လက်မဲ့ဖြစ်ပြီး နေရပ်ပြန်သွားကြရ သူတွေရှိပါတယ်။ အခု MOU နဲ့ ထပ်လာမယ့် သူတွေအနေနဲ့ အလုပ်အကိုင်ကိစ္စ အသေအချာ စုံစမ်းပြီးမှ လာသင့်တယ်လို့ အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။

“ သူတို့ခေါ်နိုင်တဲ့ အားကတော့ ၉၀,၀၀၀ ခေါ်မယ်လို့ပြောပေမဲ့ တကယ်တမ်း မြေပြင် အနေအထားမှာကြည့်တော့ အလုပ်သမားတွေက (ထိုင်းမှာ)အလုပ်လက်မဲ့တွေ အများကြီးဖြစ်နေတယ်။ တရားမဝင် အလုပ်သမားတွေ အများကြီးဖြစ်နေတယ်။ တကယ်တမ်း အလုပ်သမား အဲဒီလောက်မလိုဘူးဗျ။ ရှိတဲ့အလုပ်သမားလည်း အလုပ်မပေးနိုင်သေးဘူး။ အဲဒါကို သူတို့က ထပ်ခေါ်တယ်ဆိုတာ ကျနော်လည်း သိပ်နားမလည်ဘူး၊ ဒါကတော့ ပေါ်လစီပဲလို့မြင်တယ်။ တရားဝင် MoU တွေက ဒီရောက်လာရင် ဒုက္ခရောက်တာများတဲ့အတွက် သေချာစုံစမ်းပြီးမှ လိုက်ဖို့လည်း အဲဒါလေး message (သတင်းစကား) ပေးချင်တယ်။”

ထိုင်းအခြေစိုက် အလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ AAC ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးလှခိုင်ပြောသွားတာပါ။

ထိုင်းရေထွက်ကုန် လုပ်ငန်းတွေမှာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံက MoU အလုပ်သမားတွေကို အလုပ်သမား အခွင့်အရေးအပြည့်အဝပေးပြီး တရားဝင် အလုပ်ခန့်တယ်ဆိုတဲ့ ပုံရိပ်ကောင်းကို ပြသဖို့ ခုလို MoU နဲ့အလုပ်သမားတွေကို ခေါ်ဖို့ ဆန္ဒရှိကြတယ်လို့လည်း ဦးလှခိုင်က ပြောပါတယ်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ဒီသုံးနိုင်ငံက MoU လုပ်သား ၉ သောင်းကျော် လိုအပ်နေတယ်လို့ ထိုင်းလုပ်ငန်းရှင်တွေက ထိုင်းအလုပ်သမားဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက တင်ပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

= = = = = = =

{{ UNICODE }}














XS
SM
MD
LG