[[ ZAWGYI / UNICODE ]]
ရုရှားရဲ့ရက်စက်တဲ့လုပ်ရပ်တွေကြောင့် စေ့ပ်ညှိနှိုင်းရေး ပိုခက်ခဲ (ယူကရိန်းသမ္မတ)
ယူကရိန်းမြောက်ပိုင်းမှာ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ ရုရှားတပ်တွေ ပြန်ဆုတ်ခွါသွားတဲ့နောက် မြို့တော် Kyiv နားက Bucha မြို့ကလေးမှာ ရာနဲ့ချီတဲ့ ဒေသခံတွေ သေဆုံးနေတာဟာ ရုရှားတပ်တွေရဲ့ ရက်စက်မှုအထောက်ထားတွေ ဖြစ်ပြီး ဒီဖြစ်ရပ်တွေကြောင့် ရုရှားနဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ ခက်ခဲလာစေတယ်လို့လည်း အဲဒီမြို့ကလေးကို တနင်္လာနေ့မှာ သွားရောက်ကြည့်ရှုနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiy က ပြောကြားလိုက်ပါတယ်။
Bucha မြို့ကလေးနဲ့ တခြားနေရာတွေမှာ တွေ့ရတဲ့ သေဆုံးနေသူတွေရဲ့ အလောင်းတွေကို စည်ပိုင်းတွေ၊ မြေအောက်ခန်းတွေမှာ တွေ့နေရပြီး သူတို့ကို နှိပ်စက် ညှင်းပမ်းထားတာ တွေ့ရကြောင်း သမ္မတက ပြောပါတယ်။ အဲဒီမှာတွေ့ရတဲ့ ဒေသခံအရပ်သားတွေရဲ့ အလောင်းတွေဟာ တွဲပြီးချည်နှောင်ထားတာ၊ အနီးကပ်ပစ်သတ်တာ၊ အစုလိုက်မြှုပ်နှံထားတာ လမ်းတွေပေါ် ပြန်ကျဲနေတာတွေ့ကြောင်းနဲ့ ဒါဟာ စစ်ရာဇဝတ်ပြစ်မှုတွေ ဖြစ်ပြီး ဒါကို ကမ္ဘာက လူမျိုးတုန်းသတ်ဖြတ်မှု genocide အဖြစ်သတ်မှတ်ကြောင်းလည်း ပြောပါတယ်။
ရုရှားတွေ လုပ်ဆောင်ခဲ့တာတွေကိုကြည့်ရင် သူတို့နဲ့ ဆွေးနွေးညှိနိုင်းဖို့ သိပ်ခက်ခဲလာနေပြီ လို့လည်း ပြောပါတယ်။ ဒါ့ကြောင့် ရုရှားခေါင်းဆောင်အနေနဲ့ အမြန်စဉ်းစား လုပ်ကိုင်ဖို့ တိုက်တွန်းလိုက်သလို အချိန်ကြာလာတာနဲ့ အမျှ လက်ရှိစစ်ပွဲနဲ့ သူတို့ရဲ့ အခြေနေတွေ ပိုပိုဆိုးလာဖို့ပဲ ရှိတယ်လို့လည်း သတိပေးပါတယ်။
Bucha မြို့မှာ အရပ်သားတွေကို ရုရှားတပ်တွေက သတ်ဖြတ်ကြောင်း စွပ်စွဲမှုကို ရုရှားအစိုးရက ငြင်းဆိုခဲ့သလို ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကတော့ Kyiv မြို့ပြင်က ဒီမြင်ကွင်းတွေဟာ ရုရှားအစိုးရကို ဆန့်ကျင်အောင် ရန်စပေးဖို့ လုပ်တာသာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
= = = = = = = = = =
{{ UNICODE }}