သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်း ပဋိပက္ခတွေအတွင်း ခရစ်ယာန်ဘာသာရေးအဆောက်အဦ ၇ဝကျော်တိုက်ခိုက်၊ဖျက်စီးခံရ


 လွိုင်ကော်မြို့ဘုရားကျောင်းတခု လက်နက်ကြီးထိမှန် "AFP PHOTO / KANTARAWADDY TIMES "
လွိုင်ကော်မြို့ဘုရားကျောင်းတခု လက်နက်ကြီးထိမှန် "AFP PHOTO / KANTARAWADDY TIMES "

မြန်မာနိုင်ငံက စစ်ပွဲပဋိပက္ခအတောအတွင်း စစ်ကောင်စီတပ်တွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ခရစ်ယာန်ဘာသာရေး အဆောက်အဦပေါင်း ၇၀ ကျော်သွားပြီလို့ ကုလလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA က ထုတ်ပြန်ထားသလို အာရှကက်သလစ် အသင်းတော်များ သတင်းလွှာကလည်း ဒါကိုအလေးထားပြီး ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။

ပြည်တွင်း ပဋိပက္ခတွေအတွင်း ခရစ်ယာန်ဘာသာရေးအဆောက်အဦ ၇ဝကျော်တိုက်ခိုက်၊ဖျက်စီးခံရ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံက စစ်ပွဲပဋိပက္ခအတောအတွင်း စစ်ကောင်စီတပ်တွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ခရစ်ယာန်ဘာသာရေး အဆောက်အဦပေါင်း ၇၀ ကျော်သွားပြီလို့ ကုလလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA က ထုတ်ပြန်ထားသလို အာရှကက်သလစ် အသင်းတော်များ သတင်းလွှာကလည်း ဒါကိုအလေးထားပြီး ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။ မြန်မာ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အခုလို ဘာသာရေး အဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ရှုတ်ချလိုက်ပြီး ဒါဟာ အခြေခံလူအခွင့်အရေးကို ချိုးဖောက်နေတာလို့ သူတို့က ပြောလိုက်ပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုရဲမွန် က ပြောပြပေးမှာပါ။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်ကောင်စီ အာဏာသိမ်းချိန် ကစလို့ ပဋိပက္ခတွေကြားမှာ ခရစ်ယာန် ဘာသာရေး အဆောက်အဦပေါင်း ၇၅ ခုလောက် မီးလောင်ပျက်စီးခဲ့တယ်လို့ အာရှကက်သလစ် အသင်းတော်များ သတင်းလွှာ UCA က ကုလအဖွဲ့အစည်းတွေ နဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အချက်အလက်တွေကို ကိုးကားပြီး ဧပြီလ ၂၀ရက်၊ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ပါတယ်။

ခရစ်ယာန် ဘာသာဝင် အများစုရှိတဲ့ မြန်မာနိုင်ငံ အနောက်ပိုင်း ချင်းပြည်နယ်တခုတည်းကပဲ ဘာသာရေး အဆောက်အဦ ၆၂ခုလောက် မီးရှို့ဖျက်စီးခံရတယ်လို့ UCA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ပျက်စီးသွားတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကိုပါ ထည့်တွက်မယ်ဆိုရင် စစ်ကောင်စီ အဏာသိမ်းပြီးတဲ့နောက်မှာ ဘာသာရေး အဆောက်အဦပေါင်း ၁၀၀ ကျော်သွားပါပြီလို့ အရပ်ဘက်အဖွဲ့တချို့ ခန့်မှန်းပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ လက်နက်ကိုင်အဖွဲ့တွေ ရှိနိုင်မယ်လို့ ယူဆပြီး ဘုရားကျောင်းတွေကို စီးနင်းတာ၊ ဖျက်စီးတာတွေ လုပ်ခဲ့တယ်လို့ အရပ်ဘက်အဖွဲ့တွေက ထုတ်ပြန်ကြပါတယ်။

မီးလောင်ပျက်စီးခဲ့တဲ့ သာသနာ့ အဆောက်အဦတွေနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေက ကောက်ယူတဲ့အဖွဲ့အစည်းအပေါ် မူတည်ပြီး အနည်းငယ်တော့ ကွဲလွဲကြမဲ့ အဓိကတော့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေကို အဓိကတင်ပြကြတာဖြစ်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရ စောနန္ဒဆူးက ဗွီအိုအေကို ပြောပါတယ်။

ဒေသခံတွေက ဘာသာရေး အဆောက်အအုံတွေကို အသုံးချပြီး ခိုအောင်းနေထိုင်တာမျိုး မရှိတဲ့အတွက် ဒီနေရာကို ပစ်မှတ်ထား ဖျက်စီးတာဟာ အခြေခံ လူ့အခွင့်ရေးတွေကို ချိုးဖောက်နေတာလို့ သူကပြောပါတယ်။

" သူတို့က ဒီဘာသာရေး အဆောက်အဦတွေကို အကာအကွယ်ယူပြီး လိုက်နေနေတာပေါ့။ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေ အဲလိုဘာသာရေး အဆောက်အဦတွေအတွင်းမှာ အကာကွယ်ယူပြီး လိုက်နေတာမျိုး ကျနော်တို့ မတွေ့ရဘူး။ အထူးသဖြင့် ဒီလေယာဉ်နဲ့ပေါ့နော်။ လေကြောင်းတိုက်ခိုက်မှုဟာ ဘာသာရေး အဆောက်အဦတွေ၊ လူနေအိမ်တွေ၊ ဆေးရုံဆေးပေးခန်းတွေ၊ စာသင်ကျောင်းတွေ တော်တော်များများ ပျက်စီးတယ်။ ဒါဟာဆိုလို့ရှိရင် ကြီးမားတဲ့ အခြေခံ လူ့အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်ရာရောက်တယ်။ လူသားတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသလို ဘေးကင်းလုံခြုံစွာ နေထိုင်ခွင့်ရှိတယ်။ ကျန်းမာရေး ပညာရေး လက်လှမ်းမီနိုင်ခွင့်ရှိတယ်။ ဒါပေမဲ့လည်း အခြေခံလူ့အခွင့်အရေး အကုန်လုံးက လက်လွတ်ဆုံရှုံး သွားခဲ့ရတာပေါ့လေ။"

ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အရင်စစ်အစိုးရ အဆက်ဆက်ကလည်း ဖိနှိပ်ကန့်သတ်မှုတွေနဲ့ ကြုံရသလို အခုစစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခြေအနေတွေက ပိုပြီးဆိုရွားလာတယ်လို့ ချင်းလူ့အခွင့်ရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ်က ပြောပါတယ်။ နိုင်ငံတကာကလည်း မြန်မာပြည်သူထုဘက်ကနေ ထောက်ခံမှုတွေ ဆက်လုပ်ပေးသင့်သလို စစ်အစိုးရရဲ့ လုပ်ရပ်တွေကိုလည်း ဆက်ပြီးရှုပ်ချသင့်တယ်လို့ သူကဗွီအိုအေကို ပြောပါတယ်။

" မှတ်တမ်းအရတော့ သူတို့လာလို့ရှိရင် ဘုရားကျောင်းမှာ သူတို့က protection (အကာအကွယ်) ယူတယ်ပေါ့။ ဆိုတော့ သူတို့ဘုရားကျောင်းတွေကို ပစ်မှတ်ထားတာကတော့ အမှန်တကယ်ပါပဲ။ ဘုရားကျောင်းတွေမှာ လာတည်းပြီးတော့ ထွက်ခါနီးမှ ဖျက်စီးသွားတာမျိုးက သူတို့လုပ်လေ့ရှိတယ်။ ဒီစစ်ကောင်စီတက်လာတဲ့နောက်ပိုင်းမှာ ချင်းပြည်နယ်တခွင်လုံးက စစ်မြေပြင်လိုဖြစ်နေတော့ စစ်သားတွေက အဝင်အထွက်ရွာတွေမှာ မြို့တွေမှာ အဝင်အထွက်လုပ်တဲ့အချိန်မှာ ဘုရားကျောင်းကိုပဲ ပစ်မှတ်ထားပြီးတော့ လုပ်တာမျိုးက ပိုများလာတာတွေ့ရတယ်။"

လူဦးရေ ၃၅၀,၀၀၀ ကျော်ပဲရှိတဲ့ ကယားပြည်နယ် (ကရင်နီ)မှာ ရိုမန်ကက်သလစ် ဘာသာဝင် ၉၀,၀၀၀ ကျော်နေထိုင်ပြီး၊ လူဦးရေ ၄၇၈,၀၀၀ ကျော်ရှိတဲ့ ချင်းပြည်နယ်မှာတော့ လူဦးရေရဲ့ ၉၀ရာခိုင်နှုန်းလောက်က ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်ပါတယ်။ ဒီဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံလက်နက်ကိုင်တွေကြားမှာ စစ်ရေးပဋိပက္ခတွေ ကျယ်ပြန့်လာတာနဲ့အမျှ အရပ်သားနေအိမ်တွေအပါအဝင် ဘာသာရေး အဆောက်အဦတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာပါ။ ဥပမာတခုကတော့ ၂၀၂၁ မေလ ၂၃ရက်က ကယားပြည်နယ်၊ လွိုင်ကော်မြို့နားက Sacred Heart ဘုရားကျောင်းဟာ လေကြောင်းကနေ တိုက်ခိုက်ခံရပြီး ကက်သလစ်ဘာသာဝင် လေးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

ရိုမန်ကက်သလစ် ဘာသာဝင်တွေရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး Francis ကတော့ ပြီးခဲ့တဲ့ အီစတာဝတ်ပြု ဆုတောင်းပွဲမှာ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး ဆုတောင်းစကားတခုကို ပြောခဲ့ပါတယ်။

" ပြန်လည်သင့်မြတ်ရေးအတွက် မျှော်လင့်ချက်နဲ့ မေတ္တာတရားရဲ့ အောင်မြင်ခြင်းမှာ ယုံကြည်ခြင်းဖြစ်ဖို့အတွက် စွန့်လွှတ်အနစ်နာခံပြီး ရှင်ပြန်ထမြောက်လာတဲ့ ဘုရားသခင်ကို ကျနော်တို့ လိုအပ်ပါတယ်။ အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေ ပိုပိုပြီး ဖြစ်လာနေတဲ့ မြန်မာနိုင်ငံအတွက် ကောင်းချီးပေးတော်မူပါ။" လို့ အရပ်သားအစိုးရကို အာဏာသိမ်းပြီး အကြမ်းဖက်မှုတွေ တနှစ်ကျော်ကြာအောင် ဆက်ပြီးဖြစ်နေတဲ့ အရှေ့တောင်အာရှက မြန်နိုင်ငံအတွက် သူကအခုလို ဆုတောင်းပေးခဲ့တာပါ။ ၂၀၁၇ နိုဝင်ဘာတုန်းက မြန်မာနိုင်ငံကိုလာပြီး နောက်ပိုင်းမှာလည်း ပုပ်ရဟန်းမင်းကြီးက ပြည်တွင်းက ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အကြိမ်ကြိမ်ပြောခဲ့ဖူးပါတယ်။

ပဋိပက္ခအမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာခဲ့ရသူ ၉၁၂,၇၀၀ ရှိပါတယ်။ အဲဒီအထဲက လူဦးရေ ၅၆၆,၁၀၀ ဟာ ၂၀၂၁ ဖေဖော်ဝါရီ၁ရက် နောက်ပိုင်းပေါ်ပေါက်လာတဲ့ စစ်ပွဲ၊ ပဋိပက္ခတွေကြောင့် တိုးပွားလာတာလို့ OCHA က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

.....................................................


{{Zawgyi/Unicode}}













XS
SM
MD
LG