သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းဒေသခံတွေပြောတဲ့ စစ်ကောင်စီရဲ့နယ်မြေရှင်းလင်းရေးလုပ်ရပ်


မေလ(၁၅)ရက်နေ့က စစ်ကောင်စီတပ် မီးရှို့သွားတဲ့ ယင်းမာပင်နယ်တွင်း- ရွာသာကျေးရွာနဲ့ နှောရိုးကျေးရွာ မီးလောင်ပြင် မြင်ကွင်း။ ( Photo: Courtesy)
မေလ(၁၅)ရက်နေ့က စစ်ကောင်စီတပ် မီးရှို့သွားတဲ့ ယင်းမာပင်နယ်တွင်း- ရွာသာကျေးရွာနဲ့ နှောရိုးကျေးရွာ မီးလောင်ပြင် မြင်ကွင်း။ ( Photo: Courtesy)

စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တော်လှန်မှုတွေကို ဖြိုခွင်းနိုင်ဖို့ စစ်တပ်က ကြိုးစားနေတာနဲ့ အတူဘဲ မြန်မာ စစ်တပ်ဟာ နိုင်ငံမြောက်ပိုင်းမှာ ၃ ရက်တာ နယ်မြေ ရှင်းလင်းမှုတွေ အတွင်း အိမ်ခြေ ရာချီ မီးရှို့ခဲ့တယ်လို့ ဒေသခံ မီဒီယာနဲ့ ဒေသခံပြည်သူတွေက ပြောဆိုကြပါတယ်။

Zawgyi

စစ်ကိုင်းတိုင်းဒေသခံတွေပြောတဲ့ စစ်ကောင်စီရဲ့နယ်မြေရှင်းလင်းရေးလုပ်ရပ်

စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တော်လှန်မှုတွေကို ဖြိုခွင်းနိုင်ဖို့ စစ်တပ်က ကြိုးစားနေတာနဲ့ အတူဘဲ မြန်မာ စစ်တပ်ဟာ နိုင်ငံမြောက်ပိုင်းမှာ ၃ ရက်တာ နယ်မြေ ရှင်းလင်းမှုတွေ အတွင်း အိမ်ခြေ ရာချီ မီးရှို့ခဲ့တယ်လို့ ဒေသခံ မီဒီယာနဲ့ ဒေသခံပြည်သူတွေက ပြောဆိုကြပါတယ်။ AFP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့ နှစ် အတွင်း စစ်အာဏာသိမ်းပြီးကတည်းက ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF အဖွဲ့ဝင်တွေနဲ့ စစ်တပ်ကြား ပုံမှန် ဆိုသလို ထိပ်တိုက် တိုက်ပွဲတွေ ဖြစ်နေတာနဲ့ အတူဘဲ စစ်ကိုင်း ဒေသတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို သွေးထွက်သံယို လက်တုံ့ပြန်မှုတွေလည်း တွေ့မြင်နေရပါတယ်။ စစ်တပ် တပ်ဖွဲ့တွေဟာ ဒေသခံ ပြည်သူ့စစ်တွေရဲ့ အလစ် တိုက်ခိုက်မှုတွေနဲ့ ကြုံနေရတယ်လို့လည်း သုံးသပ်သူတွေက ပြောဆိုပြီး စစ်တပ် အနေနဲ့လည်း မြေပြင် တပ်ဖွဲ့တွေကို လေကြောင်း ကနေ ပစ်ကူပေးခဲ့တာတွေ အများအပြား ရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် သုံးရက်တာ အတွင်း စစ်ကိုင်းတိုင်းတွင်းက ကင်းရွာ၊ အထက်ကင်းရွာနဲ့ ကဲဒေါင် ရွာတို့က အိမ်ခြေ ရာနဲ့ချီပြီး စစ်တပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေနဲ့ မီဒီယာ သတင်းဖော်ပြချက်တို့မှာ ပြောဆိုထားပါတယ်။ မေလ ၂၆ ရက်နေ့မှာတော့ စစ်တပ်က ချဉ်းကပ်လာပြီး မိုးပေါ်ထောင် သေနတ်ပစ်ဖောက်တာတွေကြောင့် ကင်းရွာက ဒေသခံတွေ ထွက်ပြေးကြရကြောင်း အမည်မဖော်လိုတဲ့ ဒေသခံ တဦးက ပြောပါတယ်။

နောက်နေ့ မနက် တပ်ဖွဲ့တွေ ပြန်မထွက်ခင်မှာ ရွာမှာ မီးခိုးတွေ တက်လာတာ မြင်ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။ အိမ် အလုံး ၂၀၀ ကျော်လောက် လောင်သွားပြီး သူ့အိမ်ဟာဆိုရင်လည်း ကွန်ကရစ် အောက်ခံဘဲ ကျန်တော့တာလို့လည်း သူက ပြောပါတယ်။ အခင်းဖြစ်ပြီးနောက် AFP က ရရှိခဲ့တဲ့ မောင်းသူမဲ့ ဒရုန်းယာဉ်က ရိုက်ယူထားတဲ့ ဗီဒီယိုတွေမှာတော့ ချင်းတွင်းမြစ်ကြောင်းနဲ့ အကြမ်းဖျဉ်း ၈ ကီလိုမီတာလောက် အဝေးက ရွာတွေမှာ မီးခိုးတွေ တက်နေတာကို တွေ့ရပါတယ်။

ဗီဒီယိုထဲမှာ တွေ့ရတဲ့ ဆေးခန်းတခုဟာဆိုရင် ကဲဒေါင်ရွာက ဆေးခန်းနဲ့ တည်နေရာ ကိုက်ညီနေတာကို တွေ့ရပါတယ်။ ဒီ ဗွီဒီယိုဟာ ပြီးခဲ့တဲ့ သီတင်းပတ် မတိုင်ခက်က အွန်လိုင်းပေါ်မှာ မတွေ့ရဘူးဆိုတာကိုလည်း AFP ရဲ့ ဒီဂျစ်တယ် ဆိုင်ရာ စိစစ် အတည်ပြုတဲ့ သတင်းထောက်တွေက အတည်ပြုပါတယ်။ ဒါပေမယ့်လည်း ဒေသတွင်းက သတင်းတွေကိုတော့ သီးခြား အတည်မပြုနိုင်ဘူးလို့လည်း AFP က ဖော်ပြပါတယ်။ သူ့နာမည်ကို အမည်လွှဲနဲ့ ဒေါ်အေးတင် လို့ဘဲ သုံးပါလို့ ပြောတဲ့ ကဲဒေါင်ရွာက ဒေသခံ ကတော့ စစ်သားတွေက ဝင်ရောက်စီးနင်းပြီး အိမ်တွေကို ဖျက်စီးခဲ့တာလို့ ပြောပါတယ်။

စိတ်ထဲကတော့ ကျမ ဘ၀ ပျက်သွားပြီလေ။ ကျမ နေစရာလည်း မရှိတော့ဘူး။ လုပ်စားစရာလည်း မရှိတော့ဘူး။ ကျမတို့ မိသားစုက ဘ၀ ပျက်သွားတော့တာ။

ရွာ အတွက် သယ်ယူပို့ဆောင်ရေးနဲ့ ရိက္ခာ သယ်တဲ့ စက်လှေတွေလည်း မီးရှို့ပစ်ခံရတဲ့ အထဲမှာ သူ့ရဲ့ စက်လှေလည်း ပါသွားတယ်လို့ ပြောပါတယ်။ အမေရိကန် အာကာသ သိပ္ပံ အေဂျင်စီ NASA က ရတဲ့ ဂြိုဟ်တု ဓာတ်ပုံတွေ အရတော့ ပြီးခဲ့တဲ့ သီတင်းပတ်က မီးရှို့ခံရတဲ့ ဒေသတွေဟာ ကဲဒေါင်နဲ့ ကင်းရွာတွေရဲ့ တည်နေရာနဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။ ဒေါ်သန်းသန်းဆင့်လို့ဘဲ သူ့ကို သုံးနှုန်း ပြောဆိုဖို့ ပြောလာတဲ့ ကင်းရွာ ဒေသခံ အမျိုးသမီး ကတော့


အခု ဘာမှတောင် နေစရာ မရှိတော့ဘူး။ သူများ အလုပ်ရုံသွားပြီးတော့ မှီခိုနေရမယ်။ ဘာမှလည်း မရှိတော့ဘူး။ ဘာကောက်စရာမှလည်း မရှိတော့ဘူး။ အခု လောလောဆယ် စားဖို့ထားလို့ ဘာမှ မရှိတော့ဘူး။ ဆန်လေးဆို တတင်းဘဲ ရှိတော့တယ်။

ဒေါ်ရီရီလို့ သုံးပါလို့ ပြောလာတဲ့ နောက်ထပ် ကင်းရွာ ဒေသခံ တဦးကတော့

ကိုယ်တဦး တယောက်တည်း မဟုတ်ပါဘူး။ အများပြည်သူ တော်တော်များများက အရှို့ခံရတာ ဆိုတော့ စိတ်ထဲမှာတော့ ဝမ်းနည်းပါတယ်။ ဒါပေမယ့် တိုက်ပွဲကိုလည်း အောင်မြင်စေချင်တယ်။

စစ်ကောင်စီဘက်ကတော့ အိမ်တွေကို မီးရှို့တယ်ဆိုတာကို အစောပိုင်းမှာ ငြင်းဆိုထားပြီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေကို အကြမ်းဖက် PDF လို့ သုံးနှုန်းပြီး ဒီတိုက်ခိုက်ရေးသမားတွေရဲ့ လက်ချက်ဆိုပြီး စွပ်စွဲပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့မှာ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြမ်းဖက်မှုတွေကို ဖြေရှင်းတဲ့ နေရာမှာ အတတ်နိုင်ဆုံး ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ မိန့်ခွန်းမှာ ထည့်ပြောပါတယ်။ အခုဆိုရင် အေးချမ်းတဲ့ အနေအထားကို ရောက်လာပြီ ဖြစ်ကြောင်းလည်း ပြောဆိုကြောင်း နိုင်ငံပိုင် သတင်းတွေက ဖော်ပြပါတယ်။

ဒါပေမယ့်လည်း အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ တခုဖြစ်တဲ့ Amnesty International အဖွဲ့ကြီးကတော့ မြန်မာ စစ်အာဏာပိုင်တွေဟာ လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ အပါအဝင် အရပ်သားတွေ အပေါ် သိမ်းကျုံးပြီး ဒဏ်ခတ်တဲ့ လုပ်ရပ်မျိုးတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကျုးလွန်နေတယ်လို့ မေလ ၃၁ ရက်နေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ စွပ်စွဲလိုက်ပါတယ်။ AI အဖွဲ့ကြီးရဲ့ ပဋိပက္ခရေးရာ အကြီးတန်း အကြံပေး Rawya Rageh က AFP ကို အခုလို ပြောဆိုပါတယ်။

နိုင်ငံတကာ လူသားချင်း စာနာမှု ဥပဒေ ချိုးဖောက်မှု အများအပြားကို ကျမတို့ မှတ်တမ်းပြုစုပါတယ်။ ဒီထဲမှာဆိုရင် မြေပြင်နဲ့ ဝေဟင်ကနေ အရပ်သားတွေ အပေါ် တရားဥပဒေမဲ့ တိုက်ခိုက်မှုတွေ၊ အရပ်သားတွေကို တရားဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေ၊ တချို့အမှုတွေမှာ ဆိုရင် နှိပ်စက်မှုတွေ၊ အဓမ္မ အစဖျောက်မှုတွေ၊ တရားလက်လွတ် သတ်ဖြတ်မှုတွေ၊ ရွာတွေမှာ လုယက် မီးရှို့တဲ့ သိပ်ပြီး ထင်သာမြင်သာ လုပ်ရပ်မျိုးတွေလည်း ပါဝင်ပါတယ်။

Amnesty International ကတော့ အခုလို ပစ်ခတ်တိုက်ခိုက်တာတွေ၊ အရပ်သားတွေကို သတ်ဖြတ်တာတွေကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ဒေသခံ တွေရဲ့ ပြောပြချက်တွေကို သုတေသနလုပ်သူတွေက မှတ်တမ်း ပြုစုထားတယ်လို့ ပြောဆိုထားပါတယ်။

#

တိုက်ရိုက် လင့်ခ်

Unicode

















XS
SM
MD
LG