သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီး အောက်လွှတ်တော်ဥက္ကဋ္ဌ


အမေရိကန်သမိုင်းမှာ ပထမဆုံးနဲ့ တဦးတည်းသော အမျိုးသမီး အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ ဒီမိုကရက် လွှတ်တော်အမတ် နန်စီပလိုစီ ဟာ အမျိုးသမီးတွေရဲ့ ဦးဆောင်နိုင်မှု စွမ်းရည်ကို လက်တွေ့ပြခဲ့တဲ့၊ စံနမူနာယူသင့်တဲ့ သူတယောက်အဖြစ် အများ အသိအမှတ်ပြု ခံရသူ ဖြစ်ပါတယ်။

[Unicode]

အမရေိကနျရဲ့ ပထမဆုံး အမြိုးသမီး အောကျလှှတျတောျဥက်ကဋ်ဌ (အမြိုးသမီးကဏ်ဍ)





















================

[Zawgyi]

အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီး အောက်လွှတ်တော်ဥက္ကဋ္ဌ (အမျိုးသမီးကဏ္ဍ)

အမေရိကန်သမိုင်းမှာ ပထမဆုံးနဲ့ တဦးတည်းသော အမျိုးသမီး အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ ဒီမိုကရက် လွှတ်တော်အမတ် နန်စီပလိုစီ ဟာ အမျိုးသမီးတွေရဲ့ ဦးဆောင်နိုင်မှု စွမ်းရည်ကို လက်တွေ့ပြခဲ့တဲ့၊ စံနမူနာယူသင့်တဲ့ သူတယောက်အဖြစ် အများ အသိအမှတ်ပြု ခံရသူ ဖြစ်ပါတယ်။ ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ လက်ရှိ ဒုသမ္မတ Kamala Harris ရွေးကောက်မခံရခင် အချိန်အထိ သူဟာ အမေရိကန် သမိုင်းမှာ အစိုးရတာဝန် အမြင့်ဆုံး ထမ်းဆောင်ရတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်ပါတယ်။ တိုင်းပြည်အတွက် အရေးပါတဲ့ ဥပဒေချမှတ်မှုတွေမှာ အဓိက ဦးဆောင်ပါဝင်ခဲ့တဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း နန်စီပလိုစီ အကြောင်း တစေ့တစောင်းကို ဒီသီတင်းပတ် အမျိုးသမီး ကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

အမေရိကန်လွှတ်တော်မှာ အောက်လွှတ်တော်အမတ် သက်တမ်း ၃၅ နှစ်ကျော်လာပြီဖြစ်တဲ့ Nancy Pelosi ဟာ အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် လွှတ်တော်သက်တမ်း ၄ ကြိမ် တာဝန်ယူခဲ့သလို၊ အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင်အဖြစ် နှစ်ပေါင်း ၂၀ တာဝန် ထမ်းခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် သမ္မတ George W. Bush လက္ထက္မွာ ပထမဆုံးအမျိုးသမီး အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပြီး သမ္မတ Barack Obama လက်ထက် ၂၀၁၁ ခုနှစ်အထိ လွှတ်တော်သက်တမ်း ၂ ကြိမ် အောက်လွှတ်တော်ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၉ ခုနှစ် သမ္မတဟောင်း Donald Trump လက်ထက်ကနေ ဒီနှစ် ၂၀၂၃ ဇန်နဝါရီလ ၃ ရက်၊ သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်အထိ နောက်ထပ် သက်တမ်း ၂ ကြိမ် တာဝန်ယူခဲ့တာပါ။

သိပ်မကြာခင်ကပဲ လွှတ်တော်ဥက္ကဋ္ဌ တာဝန်တွေကနေ အနားယူလိုက်တဲ့ နန်စီပလိုစီ ဟာ အမေရိကန်သမိုင်းမှာတော့ ပထမဆုံး နဲ့ တဦးတည်းသော အမျိုးသမီး အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအတွက် အရေးပါတဲ့ ဥပဒေ ချမှတ်မှုတွေတိုင်းမှာ နန်စီပလိုစီ မပါခဲ့တာ မရှိဘူးလို့ ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းမှာ ဒီမိုကရက် အများစုခေါင်းဆောင် တာဝန်ယူခဲ့သူ အောက်လွှတ်တော်အမတ် Chuck Schumer က ပြောပါတယ်။

“လူတိုင်း တတ်နိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ ချမှတ်နိုင်ခဲ့တဲ့အကြောင်း ပြောရင် Nancy Pelosi အကြောင်း မပါဘဲ မပြီးပါဘူး။ အမေရိကန် ကယ်ဆယ်ရေး အစီအစဉ်အကြောင်း ပြောရင်လည်း သူ ပါ ပါတယ်။ အခြေခံ အဆောက်အအုံဆိုင်ရာ ဥပဒေ အကြောင်း ပြောမလား။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေးဥပဒေ၊ အလုပ်သမားတိုင်း တန်းတူ မျှတတဲ့ လုပ်အားခလစာ ရရှိရေး Lilly Ledbetter ဥပဒေအကြောင်းပဲ ပြောမလား။ အမေရိကန်စစ်တပ်တွင်း လိင်တူ စုံမက်သူတွေ စစ်မှုထမ်းခွင့် ကိစ္စလား။ အကြောင်းအရာပေါင်း များစွာ ပြောကြတဲ့အခါ Nancy D’Alesandro Pelosi ဆိုတဲ့နာမည် မပါဘဲ မပြီးပါဘူ။ ဒါတွေအားလုံးကို သူ စွမ်းဆောင်ခဲ့တာပါ။”

ဒီဇင်ဘာလ ၁၄ ရက်နေ့က လွှတ်တော်မှာ နန်စီပလိုစီ ရဲ့ ပုံ ချိတ်ဆွဲတဲ့ အခမ်းအနားအတွင်း အောက်လွှတ်တော် ခေါင်းဆောင်ဟောင်း Chuck Schumer ပြောသွားတာပါ။ အရင်က လွှတ်တော်တွင်း အောက်လွှတ်တော်ဥက္ကဋ္ဌတွေရဲ့ ရုပ်ပုံတွေကို ဂုဏ်ပြု ချိတ်ဆွဲထားတဲ့ အခန်းထဲမှာ အားလုံးက အမျိုးသားတွေ ဖြစ်ပြီး အခုတော့ အမျိုးသမီးတယောက် ပါဝင်လာနိုင်ခဲ့ပါပြီ။ ဒီလိုနေရာမှာ ပထမဆုံး အမျိုးသမီး ဖြစ်ရတာ ဂုဏ်ယူသလို၊ နောက်ဆုံး မဖြစ်ဖို့ လိုတယ်လို့ နန်စီပလိုစီ က ဒီပွဲမှာ ပြောသွားပါတယ်။

“ကျမတို့ လွှတ်တော်အမတ်တွေ ရဲရဲဝံ့ဝံ့နဲ့ ကျမကို အမျိုးသမီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခဲ့တာကို အင်မတန် ဂုဏ်ယူပါတယ်။ သူတို့ရဲ့ ရဲဝံ့ပြတ်သားမှုကြောင့် ခုလို ဖြစ်လာတာပါ။ စောစောက ခေါင်းဆောင်တယောက် ပြောသွားသလိုပဲ အနာဂတ်မှာလည်း လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမယ့် အမျိုးသမီးတွေ ဒီလွှတ်တော်တွင်းမှာ ရှိနေပါတယ်။ ကျမ အနေနဲ့ ပထမဆုံး အမျိုးသမီး ဖြစ်ရလို့ ဂုဏ်ယူသလို၊ နောက်ဆုံး အမျိုးသမီး မဖြစ်ဖို့ လိုပါတယ်။ ဒါမှသာ တကယ်ကိုကောင်းမွန်တဲ့ အောင်မြင်မှုလို့ ပြောနိုင်မှာပါ။”

နန်စီပလိုစီ ဟာ အမေရိကန်နိုင်ငံရေးမှာ အမျိုးသမီး လွှတ်တော်အမတ်တွေ၊ အမျိုးသမီး ခေါင်းဆောင်တွေ အများအပြား ပေါ်ထွက်လာအောင် ရှေ့ဆောင် ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်မှာ ပထမဆုံး အောက်လွှတ်တော်အမတ် သူ စဖြစ်လာချိန်ကစလို့ အမေရိကန် လွှတ်တော်တွင်းမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုများလာအောင် ကြိုးပမ်းခဲ့ရတဲ့ အကြောင်းတွေကို အောက်လွှတ်တော်ဥက္ကဋ္ဌ တာဝန်နဲ့ နောက်ဆုံး ကျင်းပခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ နန်စီပလိုစီ က အမှတ်တရ အလေးပေး ပြောသွားပါတယ်။

“ကျမ လွှတ်တော်ကို ရောက်တဲ့အချိန်တုန်းက အမျိုးသမီးအမတ် ၂၃ ယောက်ပဲ ရှိပါတယ်။ လွှတ်တော်အမတ် ၄၃၅ ယောက်ထဲမှာ ဒီမိုကရက် အမျိုးသမီး ၁၂ ယောက်နဲ့ ရီပတ်ဘလစ်ကန် အမျိုးသမီး ၁၁ ယောက် ရှိပါတယ်။ အမျိုးသားက ၄၀၀ ကျော်တောင် ရှိပြီး အမျိုးသမီးက ၂၃ ယောက်ဆိုတော့ ဒီလိုတော့ မဖြစ်သင့်ပါဘူး။ ဒါကြောင့် ကျမတို့ ဒါကို မဖြစ်မနေ ပြောင်းရမယ်ဆိုပြီး ဆုံးဖြတ် လုပ်ဆောင်ခဲ့ကြတယ်။ အမျိုးသမီးတွေ ပိုများလာအောင် စည်းရုံးမှဖြစ်မယ်။ အမျိုးသမီး လွှတ်တော်အမတ်တွေ ဝင်ပြိုင်နိုင်အောင် ရန်ပုံငွေတွေ ရှာမှဖြစ်မယ်။ လွှတ်တော်တွင်းမှာ အမျိုးသမီးတွေ ရှိဖို့လိုတယ်။ တကယ်လည်း လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေ ရှိလာအောင် လုပ်ရပါတယ်။”

ဒီလိုကြိုးပမ်းခဲ့တဲ့ နန်စီပလိုစီ အာက်လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကနေ အနားယူချိန်မှာတော့ အမေရိကန် လွှတ်တော်နှစ်ရပ်ပေါင်းမှာ အမျိုးသမီး လွှတ်တော်အမတ် ၁၅၀ နီးပါးအထိ ရှိလာခဲ့ပါတယ်။ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင်၊ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တွေ တက်လာအောင် နန်စီပလိုစီ က ရှေ့ ကနေ ဦးဆောင် လမ်းပြခဲ့တယ်လို့ ဟာဝိုင်အီအခြေစိုက် Asia-Pacific Center for Security Studies (APCSS) လုံခြုံရေး လေ့လာမှုဆိုင်ရာ အာရှ-ပစိဖိတ်စင်တာက ပါမောက္ခ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။

“နမ်စီပလိုစီဟာ အမေရိကန်သမိုင်းမှာသာမက ကမ္ဘာ့သမိုင်းမှာပါ သမိုင်းဝင် ဖြစ်သွားတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကားကို လူတွေက အမြဲတမ်း ကြည့်နေကြတဲ့အခါ ကျတော့ သူက ပထမဆုံး လွှတ်တော်မှာ သမိုင်းဝင် အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သွားတာ။ သူကိုယ်နှိက်ကလည်း အမျိုးသမီးတွေကို ပံ့ပိုးပေးတယ်။ သူလည်း အမြဲတမ်းပြောတယ်။ သူပြောတဲ့ စကားတခုအရမ်းကြိုက်တာက “Be confident” ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ ပြီးရင် ကိုယ့်ရဲ့ power (စွမ်းအား) ကိုလည်း သိပါ။ အမျိုးသမီးတွေမှာ power ရှိတယ်။ သူ အမြဲတမ်း ပြောတယ်။ Don’t Agonize, Organize. ဝေဒနာလုပ် ခံစားနေတာထက် ကိုယ့်ဟာကို ပူးပေါင်းဆောင်ရွက်ပြီးတော့ စည်းရုံးကြ။ စည်းရုံးကြတော့မှပဲ ရမယ်။ အဲ့လိုမျိုး သူကိုယ်နှိက်က လူတွေအတွက် စံပြ ဖြစ်သွားတယ်။ ပြီးတော့ နောက်ကတက်လာတဲ့ အမျိုးသမီးတွေ အများကြီးအတွက်လည်း အကူအညီပေးတယ်။ အဲ့ဒီလို နှစ်ခုလုံး လုပ်တဲ့အခါမှာ လွှတ်တော်ထဲမှာ အမျိုးသမီးတွေ အများကြီး ပါလာတယ်။ သူက အမေရိကားမှာတင်မကပေါ့နော်။ တကမ္ဘာလုံးကို ပြသွားတာက အမျိုးသမီးတွေ ဘယ်လို power ရှိတဲ့အကြောင်း၊ အမျိုးသမီးတွေ ပူးပေါင်း ဆောင်ရွက်တာ၊ အမျိုးသမီးတွေ လုပ်နိုင်တဲ့အကြောင်းပေါ့။ အမျိုးသမီးတွေရဲ့ စွမ်းရည်ကို သူပြသွားတာပါ။”

ကိုယ့်တယောက်တည်း ရှေ့ရောက်နေလို့ မပြီးဘဲ ကိုယ်လိုပဲ အမျိုးသမီး ခေါင်းဆောင်တွေ ပေါ်ထွက်လာအောင် လုပ်ဖို့ အရေးကြီးတယ် ဆိုတာကို နန်စီပလိုစီ လမ်းပြခဲ့သလိုပဲ တခြား အမျိုးသမီးတွေလည်း စံနမူနာယူသင့်တယ်လို့ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။

“အမျိုးသမီးတွေ ပါဝင်လာဖို့အတွက် အရှေ့မှာ ရောက်နေတဲ့ အမျိုးသမီးတွေမှာ တာဝန်ရှိတယ်။ ကျမတို့ဆီမှာ ပြောတာ ရှိတယ်။ Lift as you climb. အနောက်က လူတွေကိုလည်း ကိုယ်က ဆွဲခေါ်သွားရမယ်။ ကိုယ်လည်း အပေါ်တက်ရင်းနဲ့ သူတို့ကိုလည်း တခါတည်း ဆွဲခေါ်သွားရမယ်။ အဲ့ဒါမှ ကိုယ့်အတွက်လည်း ကောင်းတယ်။ society (လူ့အသိုင်းအဝိုင်း) တခုအတွက်၊ community (လူ့အဖွဲ့အစည်း) တခုအတွက်လည်း ကောင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးလို့ပြောရင် မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ အမျိုးသမီးနဲ့ မဆိုင်သလို အများကြီး သူတို့စိတ်ထဲမှာ ရှိနေတတ်တယ်။ အမှန်မှာတော့ နန်စီပလိုစီ လည်း ပြောပါတယ်။ Every issue is women issue. လူမှုအသိုင်းအဝိုင်းထဲက ကိစ္စရပ်တိုင်းဟာ အမျိုးသမီးတွေနဲ့ အမြဲတမ်း ဆိုင်တယ်။ ဆိုတော့ သူပြောတာ အရမ်းမှန်တယ်။ အခုဆိုရင် အမျိုးသမီးတွေ ခေါင်းဆောင်နေရာမှာ ကိုယ်တင်သာမက နောက်မှာရှိနေတဲ့ အမျိုးသမီးတွေ တိုးတက်လာဖို့အတွက် လမ်းညွှန်ပြသ ပေးရတယ်။ ပံ့ပိုးပေးရတယ်။ အဲ့လိုဆိုရင် တနေ့မှာ အားလုံး တန်းတူညီမျှတဲ့၊ ၅၀-၅၀ ကိုယ်စားပြုမှု ဆိုတာ ရလာပါလိမ့်မယ်။”

နန်စီပလိုစီ ဟာ အမေရိကန်ပြည်ထောင်စုမှာ သာမက ကမ္ဘာတဝန်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေးအတွက် ရှေ့တန်းက ရပ်တည်ပြောဆိုသူ တဦးလည်း ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေးကို အားပေး ထောက်ခံသူဖြစ်ပြီး ၂၀၁၅ ခုနှစ်က အမေရိကန် ပါတီကြီးနှစ်ရပ်စလုံးက လွှတ်တော်အမတ်တွေ ပါဝင်တဲ့အဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံကို ကိုယ်တိုင် သွားရောက်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို ရှုတ်ချပြီး ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ထိထိရောက်ရောက် ကူညီပံ့ပိုးနိုင်မယ့် ပြဌာန်းချက်တွေ ပါဝင်တဲ့ အမေရိကန် အမျိုးသားကာကွယ်ရေး ဥပဒေ NDAA ကို လွှတ်တော်တွင်း သူ့ဦးဆောင်မှုအောက်မှာ ပြီးခဲ့တဲ့နှစ်က ပြဌာန်းနိုင်ခဲ့ပါတယ်။

“သူက အမြဲတမ်း မျှတတဲ့ အမျိုးသမီးပေါ့နော်။ အဲ့ဒါကြောင့်လဲ သူ့ရဲ့ ခေါင်းဆောင်မှုအောက်မှာ မြန်မာနိုင်ငံကို ကူညီထောက်ပံ့ဖို့ ပါဝင်တဲ့ NDAA ဥပဒေ အောင်မြင်သွားတယ်။ နောက်ပြီးတော့ ဒေါ်စု ကိုလည်း သူက အရမ်းလေးစားတယ်။ တခြား အမျိုးသမီး ခေါင်းဆောင် တယောက်ကိုလည်း ကူညီပေးပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သူ အမြဲတမ်း တက်တက်ကြွကြွ လုပ်ပေးပါတယ်။ ဆိုတော့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက်လည်း ကျေးဇူးတင်သင့်တဲ့ သူတယောက်ပါ။”

အမေရိကန်သမ္မတဟောင်း ဘရက်အိုဘားမား ကတော့ နန်စီ ပလိုစီ ဟာ အမေရိကန်သမိုင်းမှာ အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ အတော်ဆုံး လွှတ်တော်အမတ် လို့ ဂုဏ်ပြုပြောဆိုပါတယ်။ ပြင်သစ်သမ္မတ Emmanuel Macron ကလည်း နန်စီ ပလိုစီဟာ အောက်လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ထူးခြားပြောင်မြောက်တဲ့ ဦးဆောင်မှု ပေးနိုင်သူ ဖြစ်ရုံမက ဒီမိုကရေစီ စံတန်ဖိုးတွေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သူ လို့ ချီးကျူး ပြောဆိုပါတယ်။

"ခင်ဗျားဟာ ဒီမိုကရေစီနိုင်ငံကြီးမှာ အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရုံ သက်သက်မဟုတ်ဘဲ ဒီမိုကရေစီ စံတန်ဖိုးတွေကို အထူး ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သူ ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေကို လေးစားဖို့၊ ဒီမိုကရေစီတန်ဖိုးတွေကို ကာကွယ် ထိန်းသိမ်းဖို့ စကားနဲ့ရော လက်တွေ့ပါ ကိုယ်တိုင် လုပ်ဆောင် ပြခဲ့သူဖြစ်ပါတယ်။”

အမေရိကန်ခေါင်းဆောင်တွေ သာမက ကမ္ဘာ့ခေါင်းဆောင်တွေကပါ လေးစား အသိအမှတ်ပြုရတဲ့ နန်စီပလိုစီ ဟာ လူမှု အသိုင်းအဝိုင်းအတွင်း အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ တွေးခေါ် ယူဆမှုတွေ ပြောင်းလဲလာအောင် လုပ်ခဲ့တဲ့သူပါပဲလို့ ဒေါ်မီမီဝင်းဘတ်က လည်း ပြောပါတယ်။ ဒါဟာ နောင်လာနောက်သားတွေ အထူးသဖြင့် အမျိုးသမီးငယ်တွေအတွက် သူချန်ရစ်တဲ့ အမွေတခုပါပဲလို့ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။

“သူထားသွားတဲ့ အမွေအနှစ်က ခုနကပြောခဲ့သလိုပါပဲ သူပြသွားတာက အမျိုးသမီးတွေ လုပ်နိုင်တယ်။ ဦးဆောင်နိုင်တယ်။ သူတို့မှာ ဦးဆောင်နိုင်တဲ့ အရည်အချင်းတွေ အများကြီးရှိတယ်လို့ သူက ပြသွားတာ။ နောက်ပြီးတော့ အမျိုးသမီးတွေ အတွက်လည်း သူက စံပြပုဂ္ဂိုလ် အဖြစ် ပြခဲ့တယ်။ အခုဆိုရင် Speaker of the House အောက်လွှတ်တော်ဥက္ကဋ္ဌလို့ ပြောလိုက်လို့ရှိရင် အရင်တုန်းကဆိုရင် အမျိုးသားပဲ ခေါင်းထဲမှာ ဝင်လာတယ်။ အခုကျတော့ အမျိုးသမီး ပါ ဝင်လာပြီ။ အဲ့ဒီဟာက အမျိုးသမီးတွေ မိန်းခလေးငယ်တွေ သူတို့ဘာဖြစ်ချင်လဲ ဆိုတဲ့ သူတို့ရဲ့ dream ပေါ့။ သူတို့အနာဂတ်အတွက် အိပ်မက် မက်တဲ့အခါမှာ ဒါက အရမ်းအရေးကြီး ပါတယ်။ စိတ်သွားရာ ကိုယ်ပါ။ ကိုယ့်စိတ်က သိလာပြီး ငါ ဒီလိုမျိုး လုပ်နိုင်တယ် လုပ်ချင်တယ်ဆိုရင် လုပ်ဖို့ ဖြစ်လာနိုင်ပြီ။ ဒါဟာ သူထားခဲ့တဲ့ အမွေအနှစ်လို့ ပြောလို့ရတယ်။ လူတွေရဲ့ mindset တွေးခေါ်ယူဆမှုတွေ ပြောင်းအောင် လုပ်ပေးလိုက်တာပါ။”

မေရီလန်းပြည်နယ် ဘောလ်တီမိုးမြို့မှာ ၁၉ ၄၀ ခုနှစ် မတ်လ ၂၆ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ နန်စီပလိုစီ ဟာ နိုင်ငံရေး အစဉ်အလာရှိတဲ့ မိသားစုကနေ ဆင်းသက်လာသူဖြစ်ပါတယ်။ ဖခင်ဖြစ်သူ Thomas D’Alesandro Jr ဟာ အောက်လွှတ်တော်အမတ် တဦး ဖြစ်ခဲ့သလို ဘောလ်တီမိုးမြို့ရဲ့ မြို့တော်ဝန်အဖြစ် ၁၂ နှစ် ထမ်းဆောင်ခဲ့သူပါ။ အလားတူ အစ်ကိုဖြစ်သူဟာလည်း ဘောလ်တီမိုး မြို့တော်ဝန်အဖြစ် ၄ နှစ် တာဝန်ထမ်းခဲ့တာမို့ နန်စီပလိုစီ အနေနဲ့လည်း မိသားစု အစဉ်အလာကို ဆက်လက် ထိန်းသိမ်းခဲ့သူလို့ ပြောရမှာပါ။

အောက်လွှတ်တော်ဥက္ကဋ္ဌ တာဝန်တွေကနေ အနားယူချိန်မှာ နန်စီပလိုစီ ဟာ အသက် ၈၂ နှစ်ရှိပါပြီ။ လွှတ်တော်မှာ အကြီးအကဲ တာဝန်တွေ ဆက်မယူတော့ ပေမဲ့လည်း သူကိုယ်စားပြုတဲ့ ကယ်လီဖိုးနီးယားပြည်နယ် မဲဆန္ဒနယ် (၁၂) ရဲ့ လွှတ်တော်အမတ်အဖြစ်တော့ ဆက်လက် တာဝန် ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ သူမတူတဲ့ စွမ်းဆောင်မှုတွေနဲ့ အမျိုးသမီးတွေရဲ့ ဦးဆောင်နိုင်မှု စွမ်းရည်တွေကို အများသိအောင် ပြသခဲ့တဲ့ နန်စီပလိုစီ ဟာ အမေရိကန် အမျိုးသမီးတွေသာမက ကမ္ဘာတဝန်းက အမျိုးသမီးတွေ အတွက်ပါ စံနမူနာယူစရာ အမျိုးသမီး ခေါင်းဆောင်တဦး အဖြစ် သမိုင်းဝင် ကျန်ရစ်မယ့်သူ ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲရပ်နားခွင့် ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG